သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ယာယီအစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆို


အီဂျစ်နိုင်ငံမှာ လူထုက အကြီးအကျယ် ဆန္ဒပြလို့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်နီးပါးကပဲ စစ်တပ်က အာဏာသိမ်းပြီး အစ္စလာမ်ဝါဒီ သမ္မတ မိုဟာမက် မော်စီ (Mohamed Morsi) ရာထူးက ဖြုတ်ချပြီးကတည်းက ပထမဦးဆုံးအဖြစ် စစ်တပ်က ထောက်ခံတဲ့ ကြားဖြတ်ခေါင်းဆောင်တွေရဲ့ ရှေ့မှောက်မှာ ဝန်ကြီးအဖွဲ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ညတုန်းက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မစ္စတာမော်စီကို ထောက်ခံသူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားလို့ လူ (၇) ဦး သေဆုံးပြီး လူ (၂၆၀) ကျော် ဒဏ်ရာရသွားပြီးတဲ့နောက် အင်္ဂါနေ့မှာပဲ အခုလို ဖြစ်ပေါ်တိုးတက်မှု တွေ့ရတာပါ။

အခု အစိုးရအသစ်မှာ လွတ်လပ်တဲ့ အတွေးအခေါ်ရှိသူတွေ တတ်သိပညာရှင်တွေ အများစုပါဝင်ပြီး ကြားဖြတ်ဝန်ကြီးချုပ် Hazem el-Beblawi က ဦးဆောင်တာပါ။ ကြားဖြတ်ဝန်ကြီးအဖွဲ့ထဲမှာ အရင်အစိုးရအဖွဲ့ဝင်ဟောင်း (၇) ဦးပါဝင်ပြီး မစ္စတာမော်စီကို ဖြုတ်ချခဲ့တဲ့ စစ်တပ်အကြီးအကဲ Abdel-Fattah el-Sissi ကိုလည်း ကာကွယ်ရေးဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားပါတယ်။

ကျန်းမာရေး၊ ပြန်ကြားရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးတွေ နေရာမှာတော့ အမျိုးသမီးတွေကို ခန့်အပ်ခဲ့ရပါတယ်။ ဒီ ဝန်ကြီးအဖွဲ့သစ်ထဲမှာ အစ္စလာမ်မစ်ပါတီတွေက တယောက်မှ မပါဝင်ပါဘူး။

မစ္စတာမော်စီရဲ့ မူဆလင်ညီအကိုတော်များအဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို ဝန်ကြီးအဖွဲ့မှာ ခန့်အပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ကြားဖြတ်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ဒါပေမဲ့ မူဆလင် ညီအကိုတော်များအဖွဲ့ရဲ့ ထိပ်တန်းအရာရှိတဦးကတော့ အဲဒီလို ကမ်းလှမ်းတာမျိုး မရှိဘူးလို့ ငြင်းဆိုပြီး ကြားဖြတ်အစိုးရဟာ တရားမဝင်ပါဘူးဆိုပြီး ပယ်ချပါတယ်။

စစ်တပ်ကထောက်ခံတဲ့ လုပ်ငန်းစဉ်မှာ မပါဝင်ဘူးလို့ မူဆလင် ညီအကိုတော်များ အဖွဲ့ကပြောပြီး မစ္စတာမော်စီ သမ္မတရားထူး ပြန်ရတဲ့အထိ ဆက်ပြီး ဆန့်ကျင်သွားမယ်လို့ ကျူံးဝါးထားပါတယ်။
XS
SM
MD
LG