သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတ ထွက်ပေးဖို့ လူပေါင်းသိန်းနဲ့ချီ ဆန္ဒပြ


အီဂျစ်သမ္မတကို ဆန့်ကျင်ဆန္ဒပြနေသူများ။ (ဇွန်လ ၃၀ ရက်၊ ၂၀၁၃)။
အီဂျစ်သမ္မတကို ဆန့်ကျင်ဆန္ဒပြနေသူများ။ (ဇွန်လ ၃၀ ရက်၊ ၂၀၁၃)။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရဲ့ လမ်းမတွေပေါ်မှာ တနင်္ဂနွေနေ့က အီဂျစ်သမ္မတ မိုဟာမက်မော်စီ နှုတ်ထွက်ပေးဖို့ လူအုပ်ကြီးက တောင်းဆို ဆန္ဒပြနေကြ ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ လူအုပ်ကြီးဟာ အရင်သမ္မတဟောင်း ဟိုစနီမူဘာရက် (Hosi Mubarak) နှုတ်ထွက်သွားစေတဲ့ လူထုတော်လှန်ရေးကြီး နောက်ပိုင်း၊ အကြီးမားဆုံး လူအုပ်ကြီး ဖြစ်ပါ တယ်။ အခုလိုငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပေမဲ့ ညမှောင်လာချိန်မှာ ကြိုကြားကြိုကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ မစ္စတာမော်စီရဲ့ မူဆလင် ညီအစ်ကိုတော်များ ဌာနချုပ်ကို လူအုပ်က မီးလောင်ဗုံးနဲ့ ပစ်ခတ်ခဲ့တာမို့ တစ်ဦးထက်မနည်း သေဆုံးခဲ့ရသလို၊ လူ ၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

နိုင်းလ် မြစ်ဝှမ်းဒေသမှာ တွေ့ရတဲ့ ဆန္ဒပြပွဲတွေအတွင်းမှာတော့ မူဆလင်ညီအစ်ကိုတော်များ အဖွဲ့ရဲ့ ရုံး ၃ ရုံးလောက် အတိုက်ခိုက်ခံခဲ့ရတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

အီဂျစ်နိုင်ငံမှာ ပထမဆုံး ရွေးကောက်တင်မြှောက်တာခံရတဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုတဲ့ တစ်နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ကိုင်ရိုမြို့ရဲ့ တဟီရာ ရင်ပြင်ကို အီဂျစ်အလံတွေ ကိုင်ဆောင်ထားတဲ့ လူအုပ်က လာရောက် ဆန္ဒပြခဲ့ကြတာပါ။ သူတို့ဟာ မစ္စတာမော်စီကို ဆန့်ကျင်တဲ့ ဘာသာရေးအယူ သိပ်မသည်းသူတွေနဲ့ လွတ်လပ်မှုကို လိုလားသူတွေ ဖြစ်ကြပါတယ်။

ကိုင်ရိုမြို့တော်နဲ့ အီဂျစ်နိုင်ငံတလွှား တခြားမြို့ကြီးတွေမှာ ဆန္ဒပြကြတဲ့ လူထုဟာ ၃ သန်းလောက် ရှိနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးရဲ့ ပြောကြား ချက်ကို ကိုးကားပြီး အာရေဗျ ဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းတွေ မှာ ဖော်ပြကြပါတယ်။

မစ္စတာမော်စီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ အာဏာနဲ့ချယ်လှယ်ကစားဖို့ ကြိုးးစားနေသလို၊ အီဂျစ်နိုင်ငံရဲ့ ယိုယွင်းနေတဲ့ စီးပွားရေးကို ပြေလည်အောင် လုပ်မပေးနိုင်ဘူးလို့ နိုင်ငံရေး အကဲခတ်တွေက ဝေဖန်ကြပါတယ်။
XS
SM
MD
LG