သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘဲလ်ဆုရှင် ElBaradei အီဂျစ်ဒုသမ္မတအဖြစ် ကျမ်းကျိန်


နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Elbaradei (ဝဲ) ကြားဖြတ်အစိုးရသမ္မတ Mansour တို့ လက်ဆွဲနှုတ်ဆက်နေပုံ။ (ဇူလိုင်၊ ၂၀၁၃)
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Elbaradei (ဝဲ) ကြားဖြတ်အစိုးရသမ္မတ Mansour တို့ လက်ဆွဲနှုတ်ဆက်နေပုံ။ (ဇူလိုင်၊ ၂၀၁၃)
အီဂျစ်နိုင်ငံမှာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ယာယီခေါင်းဆောင်တွေဟာ အတိုက်အခံဘက်က ထင်ရှားတဲ့ လွတ်လပ်တဲ့ အတွေးအခေါ်ရှိတဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ Mohamed ElBaradei ကို ဒုတိယသမ္မတရာထူးနဲ့ အရင်အမေရိကန်နိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီးဟောင်းကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

မစ္စတာ ElBaradei ဟာ ယာယီသမ္မတ Adly Mansour ရှေ့မှောက်မှာ ဒုသမ္မတအဖြစ် တနင်္ဂနွေနေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ အရင် ကုလသမဂ္ဂ နျူကလီယားဆိုင်ရာအဖွဲ့ အကြီးအကဲတဦးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာ ElBaradei ဟာ လွတ်လပ်တဲ့ အတွေးအခေါ်ရှိတဲ့ အတိုက်အခံညွန့်ပေါင်းအဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး အစ္စလာမ်အယူဝါဒ ပြင်းထန်တဲ့ သမ္မတ မိုဟာမက် မော်စီ နှုတ်ထွက်ပေးဖို့ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်က လူထု ဆန္ဒပြမှုတွေကို ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အီဂျစ်စစ်တပ်က သမ္မတတာဝန်ထမ်းဆောင်ခဲ့တာ တနှစ်ပြည့်ပြီဖြစ်တဲ့ မစ္စတာ မော်စီကို ဇူလိုင်လ ၃ ရက်နေ့က ဖြုတ်ချခဲ့တာပါ။ သူဟာ အီဂျစ်နိုင်ငံရဲ့ ပထမဆုံးအကြိမ် ရွေးကောက်တင်မြှောက်တာ ခံရပေမဲ့ နိုင်ငံကို အစ္စလာမ် အစွန်းရောက်တွေလက်ထဲ အပ်နှင်းခဲ့ပြီး နိုင်ငံ့စီးပွားရေး ဆုတ်ယုတ်အောင် လုပ်ဆောင်ခဲ့သူလို့ စွပ်စွဲနေကြတဲ့ အီဂျစ်ပြည်သူ သန်းပေါင်းများစွာ ဆန္ဒပြနေတာကို တုံ့ပြန်တဲ့ အနေနဲ့ အခုလိုဖြုတ်ချခဲ့တာလို့ ဆိုပါတယ်။

ဖြုတ်ချပြီးပြီးချင်းမှာပဲ နိုင်ငံရဲ့ တရားရေးဌာန တရားသူကြီးချုပ် Adly Mansour ကို မစ္စတာမော်စီနေရာမှာ အစားထိုးပြီး နိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီး ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရတရပ် တတ်နိုင်တဲ့အထိ ဦးဆောင်ဖို့ ယာယီ သမ္မတအဖြစ် ခန့်အပ်ခဲ့ပါတယ်။ မစ္စတာ Mansour က တနင်္ဂနွေနေ့မှာ ဝန်ကြီးများအဖွဲ့ ဖွဲ့ဖို့ အတိုင်ပင်ခံအနေနဲ့ ယာယီ ဝန်ကြီးချုပ်အဖြစ် Hazem al- Bablawi ကို ခန့်အပ်ခဲ့ပါတယ်။

အရင် အမေရိကန်နိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီးဖြစ်တဲ့ Nabil Fahmy ကလည်း ယာယီ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် မစ္စတာ Bablawi ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါတယ်။ မကြာခင် ရက်တွေအတွင်းမှာပဲ ဝန်ကြီးရာထူးတွေကို ဆက်ပြီး ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG