သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတကို တရားသူကြီးတွေလည်း ကန့်ကွက်


အီဂျစ်သမ္မတ မိုဟာမက်မော်စီရဲ့ မကြာသေးခင်က သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို တိုးယူလိုက်တာဟာ တရားစီရင်ရေး လွတ်လပ်ခွင့်ကို ဘယ်တုန်းကနဲ့မှ မတူတဲ့ ထိုးနှက်တိုက်ခိုက်မှု ဖြစ်တယ်လို့ အမြင့်ဆုံး တရားရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။ သမ္မတရဲ့ ထုတ်ပြန်ကြေညာချက်ကို မကျေနပ်ကြတဲ့ Alexandria မြို့က တရားသူကြီးတွေ ကလည်း ဆန္ဒပြနေကြပါတယ်။ အီဂျစ်သမ္မတ မိုဟာမက်မော်စီက ကြာသပတေးနေ့ကပဲ သူရဲ့ဆုံးဖြတ်ချက်ကို ဘယ်တရားရုံး ဘယ်အာဏာပိုင် အဖွဲ့အစည်းကမှ ကန့်ကွက်လို့မရဘူး ဆိုတာကို ကြေညာပြီးနောက် အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပွားလာခဲ့တာပါ။

ကိုင်ရိုမြို့တော်က တယ်ရီယာရင်ပြင်ပေါ်မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲ ပစ်ခတ်နေပါတယ်။ အီဂျစ်ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး အထင်ကရနေရာ ဖြစ်တဲ့ အဲ့ဒီရင်ပြင်မှာ ညလုံးပေါက် ဆန္ဒပြနေသူတွေကို စနေမနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့တွေက အခုလိုမျိုး လူစုခွဲခဲ့တာပါ။

သောကြာနေ့က အီဂျစ်နိုင်ငံရဲ့ နေရာအနှံ့အပြားက Port Said၊ Ismailia နဲ့ Alexandria မြို့တွေမှာလည်း ဆန္ဒပြသူတွေက လက်ရှိအာဏာရ မူစလင်ညီအစ်ကိုတော်များ အဖွဲ့ရဲ့ ရုံးခန်းတွေကို ဖျက်ဆီးတိုက်ခိုက်နေကြပါတယ်။

ကိုင်ရိုင်မြို့တော်မှာတော့ အစိုးရ ဆန့်ကျင်သူအဖွဲ့တွေနဲ့ အစိုးရကို ထောက်ခံသူအဖွဲ့တွေ သမ္မတရဲ့ အမိန့်ပြန်တမ်းအသစ်နဲ့ ပတ်သက်ပြီး အပြိုင်အဆိုင် ဆန္ဒပြနေကြပါတယ်။ အီဂျစ်နိုင်ငံကို တည်ငြိမ်ပြီး ဘေးကင်းလုံခြုံတဲ့ နိုင်ငံအဖြစ်နဲ့ ရှေ့ရောက်အောင် ဆောင်ရွက်ချင်ပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာကို တဦးတည်း ချုပ်ကိုင်သူ မဖြစ်ချင်ပါဘူးလို့လည်း သမ္မတမော်စီက သောကြာနေ့ကပဲ သူ့ကို ထောက်ခံသူတွေကို သမ္မတအိမ်တော်ယာကနေ မိန့်ခွန်းပြောထားခဲ့ပါတယ်။
XS
SM
MD
LG