သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်စစ်တပ် တိုင်းပြည်အာဏာကို ထိန်းချုပ်


အီဂျစ်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီး
နောက်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရတဲ့ သမ္မတကို စစ်တပ်က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

အီဂျစ်ရဲ့ အခြေခံ ဥပဒေကို ဆိုင်းငံ့လိုက်ပြီး၊ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးရဲ့ အကြီးအကဲကို ကြားဖြတ်အစိုးရ ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ် လိုက်ကြောင်း အီဂျစ်စစ်ဦးစီးချုပ် အက်ဒဲလ် ဖာတာ ခါလေ အယ်လ် စီစီ (Abdul Fatah Khalil Al-Sisi) က ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ထုတ်လွှင့်ခဲ့တဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ကြေညာသွားပါတယ်။

သမ္မတ မိုဟာမက် မော်စီ (Mohamed Morsi) ရာထူးက ဆင်းပေးရေး အတိုက်အခံတွေက အကြီးအကျယ် တောင်းဆိုမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် လူထုရဲ့ ဆန္ဒအရ စစ်တပ်က ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းလည်း မစ္စတာ အယ်လ် စီစီ က ပြောပါတယ်။

စစ်တပ်ရဲ့ အဲဒီလို ဆောင်ရွက်ချက်ဟာ အပြည့်အဝ အာဏာသိမ်းတာ ဖြစ်တယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်း ထုတ်လွှင့်သွားပြီးတဲ့နောက်မှာ မစ္စတာ အယ်လ် စီစီ က Twitter လူမှုကွန်ယက်မှာ ကြေညာချက် ထုတ်ပါတယ်။

ဒီ စစ်တပ်ရဲ့ လုပ်ရပ်ကို အီဂျစ်နိုင်ငံသားတွေ အားလုံး ပယ်ချကြဖို့၊ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိကြဖို့ မစ္စတာ မော်စီ က တိုက်တွန်းခဲ့ပါတယ်။ အီဂျစ်ရဲ့ ကြားဖြတ်အစိုးရ ခေါင်းဆောင်သစ်ဟာ အခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ အကြီးအကဲ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ အဒ်လီ မန်ဆွာ (Adli Mansour) ဖြစ်ပါတယ်။ သူက ဒီကနေ့ ကြာသပတေးနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာလည်း ဖြစ်ပါတယ်။

စစ်တပ်က ထောက်ခံတဲ့ လမ်းပြမြေပုံသစ်ရဲ့ တစိတ်တဒေသအဖြစ် သမ္မတနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်သုံးသပ်မယ့် အဖွဲ့ကို ဖွဲ့စည်းဖို့နဲ့ အမျိုးသား ရင်ကြားစေ့ရေး ကော်မတီ ဖွဲ့စည်းဖို့တွေ ပါဝင်ပါတယ်။ အဲဒီလမ်းပြမြေပုံကို နိုင်ငံရေးအဖွဲ့မျိုးစုံက ထောက်ခံကြတယ်လို့ မစ္စတာ အယ်လ်စီစီ က ပဲ ပြောပါတယ်။
XS
SM
MD
LG