သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဆန္ဒပြမှု စစ်တပ်နှိမ်နင်း


လက်ဖြစ် ရင်ခွဲရုံထဲရှိ အလောင်းများကို ကြည့်နေသော အီဂျစ် နိုင်ငံသားတစ်ဦး။ သြဂုတ် ၁၄၊ ၂၀၁၃။
လက်ဖြစ် ရင်ခွဲရုံထဲရှိ အလောင်းများကို ကြည့်နေသော အီဂျစ် နိုင်ငံသားတစ်ဦး။ သြဂုတ် ၁၄၊ ၂၀၁၃။
ရာထူးကဖယ်ရှားခံထားရတဲ့ အီဂျစ်သမ္မတမော်စီ (Morsi) ကိုထောက်ခံသူတွေ စတည်းချရာ ကိုင်ရိုမြို့က ဆန္ဒပြစခန်း နှစ်ခုကို အီဂျစ်လုံခြုံရေးတပ်ဖွဲ့က သံချပ်ကာကားတွေ၊ ဘူလ်ဒိုဇာ စက်ယန္တရားကြီးတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ လက်ဖြောင့်တပ်သားတွေ အသုံးပြုပြီး လူစုခွဲခဲ့ရာမှာ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ ကိုင်ရိုကလာတဲ့ သတင်းတွေမှာ ဖော်ပြလိုက်ပါတယ်။

အသေအပျောက်စာရင်းနဲ့ ပတ်သက်ပြီး သဲသဲကွဲကွဲအတည်ပြုလို့တော့မရသေးပါဘူး။ AFP သတင်းထောက်ရဲ့ ရေတွက်ချက်အရတော့ ၁၂၄ ယောက် သေဆုံးတယ်လို့ဆိုပါတယ်။ လူတွေကို အစုအဝေးလိုက်သတ်ဖြတ်တယ်လို့ မူဆလင်ညီအကိုတော်များအဖွဲ့ကပြောပါတယ်။

အီဂျစ်နိုင်ငံပိုင်သတင်းဌာနကတော့ ဆန္ဒပြသူတွေကို လူစုခွဲရာမှာ ရုတ်ရုတ်သဲသဲဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ယောက်သေဆုံးပြီး ၆၆ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။ ကိုင်ရိုမြို့အဝင်အထွက် ရထားခရီးစဉ်တွေကိုလည်း ပိတ်ထားလိုက်ပါတယ်။

အဲဒီနေရာတွေကနေ မီးခိုးလုံးတွေနဲ့ စစ်တပ်ရဟတ်ယာဉ်တွေ ပျံဝဲနေတဲ့ပုံတွေကို ရုပ်သံသတင်း တွေမှာတွေ့နေရပါတယ်။ မီးလောင်စေတဲ့ ဂက်စ်ဗူးတွေကိုင်ဆောင်ပြီး ခုခံမယ့် ဆန္ဒပြသူတွေထဲ က ၃၅ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ နိုင်ငံပိုင်သတင်းကဆိုပါတယ်။

ကိုင်ရိုတက္ကသိုလ် အနီးက Nahda ရင်ပြင်ရှိ ဆန္ဒပြသူတွေ စတည်းချရာစခန်းမှာတော့ လူတစ်ယောက်မှ မကျန် တော့ဘဲ စစ်တပ်က တက္ကသိုလ်ဝင်တဲ့ လမ်းမတွေကို ပိတ်ထားလိုက်ပါပြီ။

စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေးမဟာမိတ်အဖွဲ့က လှုပ်ရှားသူ Layla Moustafa ကတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဒီနေ့မနက် စောစောမှာဘဲ လူစုခွဲရေးစတင်ခဲ့ကြောင်း၊

ဒီလိုလူစုခွဲရုံနဲ့ တော့ မော်စီထောက်ခံသူတွေရဲ့ တောင်းဆိုချက်က အဆုံးသတ်သွားမှာ မဟုတ်ဘူးလို့ VOA ကိုပြောပါတယ်။

အခုလို အင်အားသုံးလူစုခွဲတာကို ဗြိတိန်၊ တူရကီနဲ့ ကာတာနိုင်ငံတွေက ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။
XS
SM
MD
LG