သုံးရလွယ်ကူစေသည့် Link များ

သတိပေးမှုတွေကြား အီဂျစ်မှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွား


အီဂျစ်နိုင်ငံမှာ ရာထူးက ဖြုတ်ချခံထားရတဲ့ သမ္မတဟောင်း မိုဟာမက် မော်စီ (Mohamed Morsi) ကို ထောက်ခံသူတွေက သူ့ကို ရာထူး ပြန်လည် အပ်နှင်းပေးဖို့ တောင်းဆို ဆန္ဒပြပွဲတွေ ဆက်လက် ပြုလုပ်နေကြပါတယ်။

ဒါဟာ သူတို့ဖွင့်ထားတဲ့ ဆန္ဒပြ သပိတ်စခန်းတွေကို အစိုးရတပ်တွေ မကြာခင် ဝင်ရောက် ဖြိုခွင်းမယ်လို့ သတိပေးချက် ထုတ်ပြန်ထားတဲ့ကြားက ဆက်လက် ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

မစ္စတာ မော်စီကို စစ်တပ်က ဇူလိုင်လ ၃ ရက်နေ့မှာ ရာထူးက ဖြုတ်ချလိုက် ပြီးတာကို ဆန့်ကျင် ကန့်ကွက်တဲ့ ကိုင်ရိုမြို့က သပိတ်စခန်း ၂ ခုမှာ သီတင်းပတ်တွေနဲ့ချီပြီး စုဝေး ဆန္ဒပြနေကြတာပါ။

တိုင်းပြည်အတွင်း နောက်ထပ် သွေးထွက်သံယိုဖြစ်ပွားမှုတွေ ထပ်မံ ကြုံတွေ့မှာကို စိုးရိမ်တဲ့အတွက် စစ်တပ်အနေနဲ့ ဆန္ဒပြသူတွေကို အင်အားသုံး မဖြိုခွင်းဖို့ အနောက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေက ကိုယ်စားလှယ်တွေ ကြားဝင် ဆောင်ရွက်နေကြပါတယ်။

အာဏာပိုင်တွေအနေနဲ့ တနင်္လာနေ့လောက်မှာ အစောဆုံးအဖြစ် ဆန္ဒပြစခန်း
တွေကို ဝင်ရောက် ဖြိုခွင်းနိုင်တယ်ဆိုတဲ့ သဘောမျိုး ပြောဆိုထားပေမဲ့လည်း အခုချိန်ထိတော့ လုံခြုံရေးတပ်ဖွဲ့တွေဘက်က တစုံတရာ အဲဒီလို လုပ်ဆောင်တာ မရှိသေးပါဘူး။

တနင်္ဂနွေနေ့မှာ အဆုံးသတ်သွားတဲ့ အစ်ဥပုဒ်ရက် ကျော်တာနဲ့ ဆန္ဒပြ သပိတ် စခန်းတွေကို ဖြိုခွင်းသွားမယ်လို့ အီဂျစ်ကြားဖြတ်အစိုးရက အကြိမ်ကြိမ် သတိပေးချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG