သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီသံအမတ် အီဂျစ်နှင်ထုတ်


အီဂျစ်နိုင်ငံခေါင်းဆောင်ကို ဝေဖန်ခဲ့တဲ့ တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan
အီဂျစ်နိုင်ငံခေါင်းဆောင်ကို ဝေဖန်ခဲ့တဲ့ တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan
အီဂျစ်နိုင်ငံရဲ့ခေါင်းဆောင်သစ်ကို တူရကီဝန်ကြီးချုပ်က ဝေဖန်တဲ့ မှတ်ချက်စကား ထွက်လာခဲ့ပြီးတဲ့နောက် အီဂျစ်မှာရှိတဲ့ တူရကီသံအမတ်ကြီးကို နိုင်ငံထဲက နှင်ထုတ်ဖို့ အမိန့်ပေးခဲ့တဲ့အကြောင်း အီဂျစ်အစိုးရက ပြောပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာ တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan က အီဂျစ်ခေါင်းဆောင်သစ်ကို ဝေဖန်ခဲ့ပြီးတော့ စနေနေ့မှာပဲ အခု ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။ အီဂျစ်မှာ ပြီးခဲ့တဲ့ လအတော်များများအကြာက အစ္စလာမ်ဝါဒီ သမ္မတ မိုဟာမတ် မော်စီကို ရာထူးကနေ ဖယ်ရှားခဲ့တဲ့ အချိန်ကစလို့ အီဂျစ်နဲ့တူရကီကြား ဆက်ဆံရေး အေးစက်သွားခဲ့ရတာပါ။

မစ္စတာ မော်စီကို ဖယ်ရှားခဲ့သူတွေနဲ့ အီဂျစ်အစိုးရ ခေါင်းဆောင်သစ်တွေကို တူရကီဘက်က ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိခဲ့ပြီးတဲ့နောက် သြဂုတ်လ က နှစ်ဘက်သံအမတ်ကြီးတွေကို အသီးသီး ပြန်လည် ခေါ်ယူခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် သီတင်းပတ်အနည်းငယ်အကြားမှာ တူရကီသံအမတ်ကြီး အီဂျစ်နိုင်ငံကို ပြန်လည် သွားရောက်ခဲ့ပေမဲ့ အီဂျစ်ကတော့ သူ့ရဲ့သံအမတ်ကြီးကို တူရကီကို ပြန်လွှတ်ဖို့ ငြင်းဆန်နေခဲ့တာဖြစ်ပါတယ်။

တူရကီအစိုးရဟာ အီဂျစ်သမ္မတဟောင်း မစ္စတာ မော်စီ ၂၀၁၂ ခုနှစ် ဇွန်လက အီဂျစ်ရဲ့ ပထမဆုံး လွတ်လပ်တဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အချိန်ကတည်းက စလို့ နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေး နီးနီးကပ်ကပ် ထားရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ တနှစ်ကြာအုပ်ချုပ်ရေးကို သန်းပေါင်းများစွာသော အီဂျစ်ပြည်သူတွေက ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ဇူလိုင်လက မစ္စတာမော်စီကို အီဂျစ်စစ်တပ်က ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG