သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အကြမ်းဖက်မှု ၇၀ ကျော်ထပ်မံသေဆုံး


အီဂျစ်နိုင်ငံမှာ သေဆုံးမှုတွေရှိခဲ့တဲ့ အဓိကရုဏ်းတွေ အများအပြားဆက်တိုက်ဖြစ်ပွားခဲ့တာမို့ ဒေါသထွက်နေတဲ့လူထုဟာ နိုင်ငံတလွှား သောကြာနေ့ နေ့လည်ဝတ်ပြုဆုတောင်းအပြီးမှာ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒတွေပြခဲ့ကြပါတယ်။
သောကြာနေ့ ဖြစ်ပွားတဲ့ အဓိကရုဏ်းကနေ လူပေါင်း ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျန်းမာရေးတာဝန်ခံတွေက ပြောကြားခဲ့ပြီး အများစုဟာ ကိုင်ရိုမြို့တော် Ramses ရင်ပြင်တဝိုက်က ဖြစ်တယ်လို့ ဆိုပါတယ်။ တချို့သတင်းတွေမှာတော့ သေဆုံးသူအရေအတွက် ဒီထက်ပိုများတယ်လို့ ပြောပါတယ်။ ဗလီဝတ်ကျောင်းတွေရဲ့ အပြင်ဘက်မှာ ဒါဇင်နဲ့ချီတဲ့အလောင်းတွေ ချထားတာတွေ့ရပြီး အဲဒီနေရာတွေကို ယာယီအလောင်းထားတဲ့ နေရာတွေအဖြစ် တွေ့နေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဖြုတ်အချခံရတဲ့ သမ္မတမိုဟာမက်မော်စီနဲ့ မူဆလင်ညီအကိုတော်များအဖွဲ့ကို ထောက်ခံသူတွေက နိုင်ငံတော်အစိုးရရဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်ကိုအာခံပြီး ဒေါသနေ့ကျင်းပခဲ့တာကို အကြမ်းဘက်နှိမ်နင်းရာက အဓိကရုဏ်းတွေ ထပ်ပြီးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အီဂျစ်စစ်တပ်က လေယာဉ်သုံးပြီး ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ မူဆလင်ညီအကိုတော်များအဖွဲ့က ပြောပါတယ်။
ဗွီဒီယိုတစ်ခုမှာတော့ မူဆလင်ညီအကိုတော်များအဖွဲ့ကို ထောက်ခံသူတွေကို ဒေသခံတွေက ခဲတွေနဲ့ ပစ်ခတ်နေတာကိုတွေ့ရသလို အရပ်ဝတ်နဲ့ အီဂျစ်နိုင်ငံသားတွေ လမ်းမတွေပေါ်မှာ ပြေးလွှားရင်း တယောက်နဲ့ တယောက် ပစ်ခတ်နေတာတွေကိုပါ တွေ့ရပါတယ်။ Ramses ရင်ပြင်နားမှာ ရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုရဲ့အဆောက်အဦးတွေ မီးလောင်နေတာကိုလည်း တွေ့ရပါတယ်။ ဒီမီး ဘယ်လို စတင်လောင်ကျွမ်းခဲ့တယ် ဆိုတာကို အခုထိ သဲသဲကွဲကွဲ မသိရသေးပါဘူး။
အီဂျစ်နိုင်ငံမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့် ဆန္ဒပြသူတွေကို တွေ့နေရပါတယ်။ အီဂျစ်ကြားဖြတ်သမ္မတရုံးကတော့ စနေနေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။
XS
SM
MD
LG