သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EITI စောင့်ကြည့်ရေး အရပ်ဖက်အဖွဲ့အစည်းများ ဟန့်တားခံရမှု ကြုံ


Myanmar EITI
Myanmar EITI

သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုရှိ မရှိ စောင့်ကြည့်လေ့လာနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေ၊ ဟန့်တားမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။ အစိုးရအနေနဲ့ အောက်ခြေ အုပ်ချုပ်ရေးအာဏာပိုင်တွေကို EITI လို့ခေါ်တဲ့ သံယဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့ရဲ့ လုပ်ငန်းရပ်တွေကို ပွင့်လင်းမြင်သာစေဖို့ အသိပညာပေးမှုတွေ အားနည်းတယ်လို့ ဝေဖန်လိုက်ပါတယ်။ သဘာဝသယံဇာတတွေထုတ်ယူရေးမှာ ပွင့်လင်းမြင်သာစေရေး စောင့်ကြည့်လေ့လာမှု အကြောင်း ဗွီအိုအေသတင်းထောက် ကိုစည်သူက ပြောပြပေးမှာပါ။

သဘာဝသယံဇာတများ ထုတ်ယူရေး ပွင့်လင်းမြင်သာမှုအဖွဲ့ (EITI) ရဲ့ အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်လာတဲ့ မြန်မာနိုင်ငံမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စောင့်ကြည့်လေ့လာမှုကဏ္ဍကို ခြိမ်းခြောက်မှုတွေ ဟန့်တားမှုတွေ ရှိနေတယ်လို့ EITI သဘာဝသယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာမှု သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောလိုက်တာပါ။

ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့သယံဇာတတွေ ဘယ်လိုထုတ်ယူသုံးစွဲနေတာကို ပွင့်လင်းမြင်သာစွာ သိရှိဖို့လိုအပ်တဲ့အတွက် အစိုးရ၊ အရပ်ဖက် အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းရှင် သုံးပွင့်ဆိုင်ပါဝင်တဲ့ သဘာ၀ သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာစေရေး စောင့်ကြည့်အဖွဲ့တွေကို အောက်ခြေ အဆင့်အထိ ဒေသအလိုက် ဖွဲ့စည်းသွားဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုထားတာပါ။

အစိုးရက EITI ရဲ့ လုပ်ငန်းစဉ်တွေကို သိရှိပေမယ့် အောက်ခြေအဆင့်ထိ ပညာပေးမှုနည်းပါးတာကြောင့် သယံဇာတထုတ်ယူမှု စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ စောင့်ကြည့်လေ့လာရေးအဖွဲ့မှာပါဝင်တဲ့ မမိုးမိုးထွန်းက ပြောပါတယ်။

“ပိတ်ပင်တားဆီးမှုက ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါးရှိလဲဆိုရင် ကျမတို့ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာဆိုလို့ရှိရင် awareness ပေါ့နော်- အမြင်ဖွင့် သင်တန်း ပေးနေရင်းတန်းလန်းနဲ့ကို ရပ်ထားပါ။ သူတို့ ဒီ - EITI ကို မသိသေးဘူး- ဆိုပြီးတော့ တခါ၊ နောက်တခါကျ ရခိုင်ပြည်နယ်မှာတခါ၊ awareness - အမြင်ဖွင့်သင်တန်းပေးနေရင်း တန်းလန်းနဲ့ပဲ EITI ဆိုတာ ဘာလဲ မသိချင်ဘူး၊ အခုချက်ခြင်း ရပ်ထားပါ ဆိုတာမျိုး၊ တကယ်လို့ သုံးပွင့်ဆိုင်ဖွဲ့-နေတယ်ဆိုရင် ကျမတိုက National level မှာ သိနေတယ်။ Regional တွေ၊ State တွေမှာ ဒီအကြောင်းကို သိမနေဘူး။ EITI အကြောင်း သူတို့ ကောင်းကောင်းမသိနေလို့ ဒီလို ပြဿနာဖြစ်တယ်လို့လည်း ထင်တယ်။”

အစိုးရအနေနဲ့ သဘာဝသယံဇာတ ထုတ်ယူရေး လုပ်ငန်းစဉ်တွေမှာ အင်တိုက်အားတိုက်ပါဝင်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။ EITI လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ရေးလုပ်ငန်းတွေမှာ အစိုးရအနေနဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့ လိုအပ်တယ်လို့ (၈၈) မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုထွန်းမြင့်အောင်က ပြောပါတယ်။

“အားလုံး လွတ်လပ်စွာ၊ တက်ကြွစွာ စောင့်ကြည့်ခွင့်တွေ၊ လေ့လာစုံစမ်းခွင့်တွေအတွက် အင်မတန်ကို အားနည်းပါတယ်။ အခုဆိုလို့ရှိရင် ကျနော်တို့ အခုနက ပြောထားခဲ့တဲ့ ပြည်နယ်နဲ့တိုင်း ဒေသကြီး (၉) ခုကို ကျနော်တို့ ရွေးလိုက်တယ်။ အစိုးရဘက်ကရော ကုမ္ပဏီတွေရော၊ အရပ်ဘက်အဖွဲ့အစည်းတွေရော ဆပ်ကော်မတီတွေကနေ သဘောတူပြီးတော့ ရွေးလိုက်တာ၊ ဒါပေမယ့် ဒီရွေးချယ်လိုက်မှုကို အဲဒီဒေသ (၉) နေရာစလုံးမှာ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့ ကိစ္စကျတော့ အစိုးရပိုင်းကပဲ ထပ်ပြီးတော့ အစိုးရဆီမှာ တင်ပြရတာတွေ၊ ခွင့်ပြုချက်တောင်းရတာတွေ ရှိတယ်။ အဲဒီတော့ လုပ်ထုံးလုပ်နည်းတွေက ကြန့်ကြာတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က မြန်မြန်ဆန်ဆန်သွားပြီးတော့ လေ့လာဆောင်ရွက်မယ့် အပိုင်းတွေမှာ နှောင့်နှေးမှုဖြစ်တယ်။”

မြန်မာနိုင်ငံရဲ့ သဘာ၀ သယံဇာတထုတ်ယူမှု လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုအခြေအနေကို အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်တဲ့ (Multi Stakeholder Group) သုံးပွင့်ဆိုင်အဖွဲ့ကနေ နော်ဝေးနိုင်ငံမှာ အခြေစိုက်တဲ့ EITI အဖွဲ့အစည်းဆီကို အစီရင်ခံစာတင်ပြရမှာဖြစ်ပါတယ်။ အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် အစစ်ဆေးခံပြီးမှသာ တင်းပြည့်အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။

သဘာ၀ သယံဇာတထုတ်လုပ်မှုလုပ်ငန်းတွေထဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေဟာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်နေတာပါ။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှု အများဆုံးနိုင်ငံတွေထဲမှာ အဆင့် ၃၄ မှာ ရှိနေပေမယ့် ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် အသစ် ထပ်မံ ရှာဖွေတွေ့ရှိဖို့ အခြေအနေတွေလည်း ရှိနေပါတယ်။ တချိန်တည်းမှာ သယံဇာတတွေကို ဘယ်လိုထုတ်ယူတယ်ဆိုတာ ပြည်သူတွေအနေနဲ့ ပွင့်လင်းမြင်သာစွာ သိရှိဖို့လည်း လိုအပ်နေပါတယ်။

အာရှနိုင်ငံတွေထဲ မွန်ဂိုလီးယားနဲ့ တီမောလက်စတီနိုင်ငံတို့ဟာ သဘာဝသယံဇာတများ ထုတ်ယူရေး ပွင့်လင်းမြင်သာမှုအဖွဲ့ရဲ့ တင်းပြည့်နိုင်ငံတွေဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံကတော့ အရန်အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။

EITI သဘာဝတွင်းထွက် သယံဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ရဲ့ (၂၇) ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံကို အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် လက်ခံခဲ့တာလည်း ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG