သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ PR စနစ် NLD လက်မခံ


အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်
၂၀၁၅ ခုနှစ် မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားပြုရွေးချယ်တဲ့ PR စံနစ်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရဆိုရင် အဆင်သင့် မဖြစ်သေးဘူးလို့ ရန်ကုန် ရွှေဂုံတိုင်မှာ ဒီကနေ့ ကျင်းပတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုကော်မတီ ညီလာခံက ဆုံးဖြတ်လိုက်ပါတယ်။
အပြည့်အစုံကိုတော့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ ပါတီတွေကို အချိုးကျကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရေးစနစ်ကိုသာ သုံးခဲ့မယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲဟာ မျှတမှု ရှိနိုင်မှာ မဟုတ်ဘူးလို့ NLD ပါတီရဲ့သဘောထားကို ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့ NLD ရဲ့ သဘောထားကို ပြောရရင်တော့ PR စနစ်ကို ဒီအချိန်မှာ ပြဌာန်းဖို့၊ ဆောင်ရွက်ဖို့ မသင့်ဘူးဆိုတာ အရင်ကတည်းက ကျနော်တို့ ထုတ်ထားပါတယ်။ PR ဆိုတာက ကိုယ်စားပြု ရွေးချယ်တာပေါ့ဗျာ။ အခု လွှတ်တော်မှာ အရင် အများဆုံးရတဲ့သူက နိုင်သွား- ဒါပဲ။ PR စနစ်ကျ အဲဒီလို မဟုတ်ဘူး။ သူတို့က လူပုဂ္ဂိုလ်ထက်ကို ပါတီကို အချိုးကျ ပါဝင်စေဖို့ပေါ့။ ဒီလိုဟာမျိုး။ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်ရဲ့အခြေအနေအရ အခု ရွေးကောက်ပွဲစနစ်ကိုတောင် နားလည်အောင် မနည်းကြိုးစားပြီးတော့ ပညာပေးလုပ်ငန်းတွေ လုပ်ရပါတယ်။ PR စနစ်ဆိုရင်တော့ ပိုပြီးတော့ ဆိုးသွားမယ်။ ပြည်သူနားမလည်ဘဲနဲ့ ဒီစနစ်ကြီးထုတ်သုံးရင်တော့ ဒီဥစ္စာက လုံးဝ မမျှတတဲ့ဟာပဲလေ။”

ဒီအချက်အပြင် ဒီကနေ့ညီလာခံမှာ NLD ပါတီ ဗဟိုကော်မတီဝင်တွေရဲ့ လုပ်ပိုင်ခွင့် အတိအကျသတ်မှတ်ရေးကို ဆွေးနွေးဆုံးဖြတ် ခဲ့ကြပါတယ်။ NLDပါတီက လက်ရှိလုပ်ဆောင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဖြစ်မြောက်တဲ့ထိ NLD က လုပ်ဆောင်သွားမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“၄၃၆ ပြင်ဖို့ဟာ အခု ဖြစ်ရင်ဖြစ်မယ်၊ နောင် ဖြစ်ရင်ဖြစ်မယ်။ ဖြစ်ကိုဖြစ်ရမယ့် ကိစ္စပဲလေ။ သူက အချိန်ပဲ၊ ဘယ်အချိန်ဖြစ်မလဲဆိုတာပဲ အဓိကပါ။ ကျနော်တို့ လောလောဆယ် ဒီဟာကို action ဘယ်လိုလုပ်မလဲဆိုတာကိုတော့ ဆုံးဖြတ်ထားတာ မရှိဘူး။ ဒါပေမယ့် အဲဒီလို အခြေအနေမျိုး ရင်ဆိုင်လာရရင်လည်း ကျော်လွှားဖို့ကို တစုံတခု ဆုံးဖြတ်ပြီး လုပ်မှာပါ။”

တကယ့်လက်တွေ့မှာတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲကလည်း အရေးကြီးနေပါတယ်။ ဒီအပေါ်မှာ NLD ရဲ့အမြင်ကတော့ -

“အရေးအကြီးဆုံးက ၄၃၆ ပါပဲ။ နောက် ၅၇ (ခ) တို့၊ (စ) တို့၊ ပြင်တာ မပြင်တာက ရာထူးတခုလောက်နဲ့ဆိုင်တာ။ ၄၃၆ က အားလုံးနဲ့ဆိုင်တာ၊ တတိုင်းပြည်လုံးနဲ့ဆိုင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တအုပ်လုံးနဲ့ဆိုင်တယ်။ ဒါက ပိုမိုအရေးကြီးတဲ့ဟာကို ဆောင်ရွက်နေကြတာပါ။ ကျနော်တော့ တပ်မတော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို ကျနော်တော့ မသိဘူး။ သို့သော်လည်းပဲ တပ်မတော်ကိုယ်စားလှယ်များက တပ်ရဲ့ထုံးစံ ဖြစ်မှာပေါ့နော်-အမိန့်နာခံတဲ့ အလုပ်ကိုပဲ လုပ်ကြပါတယ်။ လွတ်လပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လွတ်လပ်တဲ့ ဆန္ဒထုတ်ဖော်မှုမျိုးတော့ လောလောဆယ် မတွေ့သေးဘူးလို့ပဲ ပြောရမှာပါ။”

ဦးဉာဏ်ဝင်းပြောဆိုသွားတာပါ။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး NLD ဟောပြောပွဲနေရာအတွက် နယ်မြို့တချို့မှာ ဒေသခံ အာဏာပိုင်တွေက တားမြစ်မှုတွေ ရှိနေကြောင်းလည်း ဦးဉာဏ်ဝင်းက VOA ကိုပြောပါတယ်။
XS
SM
MD
LG