သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုကိုးကျွန်း စည်းရုံးရေး NLD အခက်ကြုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးရေးမှာ အသုံးပြုတဲ့ သင်္ကေတတခု။ (ဓာတ်ပုံ- NLD)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးရေးမှာ အသုံးပြုတဲ့ သင်္ကေတတခု။ (ဓာတ်ပုံ- NLD)

လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် မဲဆွယ်စည်းရုံးရေးတွေ စတင်လုပ်ဆောင်နေတာမှာ အရပ်သားကိုယ်စားလှယ်တချို့ကတော့ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ခရီးစဉ်အခက်အခဲကြောင့် အခုချိန်ထိ အဲဒီကို သွားလို့မရသေးဘဲ ဖြစ်နေပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြထားပါတယ်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေကို စက်တင်ဘာ ၈ ရက်နေ့က စတင်ခွင့်ပြုလိုက်ပေမဲ့ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးတွေ မလုပ်နိုင်သေးဘဲ ဖြစ်နေပါတယ်။ ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ကိုကိုးကျွန်းကို လိုက်ပါမယ့်သူနဲ့ ပစ္စည်းစာရင်းတွေပေးဖို့ စက်တင်ဘာ ၁၄ ရက်နေ့က တောင်းလို့ပေးခဲ့ပေမဲ့ သင်္ဘောမထွက်ဖြစ်တာကြောင့် မဲဆွယ်စည်းရုံးရေးတွေ မလုပ်နိုင်သေးဘူးလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။

“၁၈ ရက်နေ့ မနက် ၆ နာရီ အရောက်လာဖို့ ကျနော့်ကို ပြောပါတယ်။ အဲဒီအတွက် ဗိုလ်တထောင် ဆိပ်ကမ်းကို အဲဒီနေ့ ၆ နာရီ အရောက်သွားပါတယ်။ ဒါပေမဲ့ အဲဒီနေ့ မနက် ၁၀ နာရီ ၄၅ လောက်မှာ ထွေအုပ်ရုံးက ဝန်ထမ်းတွေက ဒီနေ့ သင်္ဘောမထွက်ဖြစ်ဘူး။ သင်္ဘောထွက်မယ့်နေ့ကို ကျနော်တို့ကို အကြောင်းကြားပါ့မယ်လို့ ပြောတယ်။ အဲဒီအတွက် ကျနော်တို့က ပြန်လာခဲ့ရပါတယ်။ အခုလည်း ကျနော်တို့ ဖုန်းဆက်ပြီး စုံစမ်းပါတယ်။ အခုထိ သင်္ဘောထွက်မယ့်ရက်ကို ကျနော်တို့ မသိရှိရသေးပါဘူး။ ၂၀ ရက်နေ့ ၁၀ နာရီခွဲလောက်မှာ သူတို့ အကြောင်းကြားပါတယ်။ အဲဒီသင်္ဘော မထွက်ဖြစ်တော့ဘူး။ အဲဒီပစ္စည်းတွေကို ပြန်လာသယ်ရမယ်လို့ ကျနော်တို့ကို အကြောင်းကြားပါတယ်။ ဒါကြောင့် ကျနော်တို့ ၂၀ ရက်နေ့ နေ့ခင်း ၁၁ နာရီလောက်မှာ ကျနော်တို့ သွားစောင့်ပါတယ်။ ပစ္စည်းတွေ ရောက်မလာသေးပါဘူး။ ၂၀ ရက်နေ့ ညနေ ၆ နာရီလောက်မှာ သူတို့ သင်္ဘောလေးနဲ့ ပစ္စည်းတွေ ပြန်သယ်လာပေးပါတယ်။ ဒါနဲ့ ပစ္စည်းတွေကို ကျနော်တို့ ရုံးကို ပြန်သယ်လာပါတယ်။ ဒါကြောင့် ကျနော်တို့က ၂၀ ရက်နေ့အထိ သွားခွင့် မရသေးပါဘူး။”

ကပ္ပလီပင်လယ်အတွင်းမှာရှိတဲ့ ကိုကိုးကျွန်းမြို့နယ်ကို တပ်မတော်ရေ စစ်သင်္ဘောတွေနဲ့ တပ်မတော်အင်ဂျင်နီယာတပ်ရဲ့ ဆောက်လုပ်ရေးပစ္စည်းတင် သင်္ဘော ၂ မျိုးပဲ ရေလမ်းကနေ အခုချိန်မှာ သွားရောက်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာ ကိုကိုးကျွန်းကို သွားရောက်မယ့် လေယာဉ်ခရီးစဉ်မှာ လိုက်ပါမယ့် လူစာရင်းကို တောင်းခဲ့ပေမဲ့လည်း လိုက်ပါနိုင်ခဲ့ခြင်းမရှိဘဲ ၊ ပြည်ခိုင်ဖြိုးပါတီက ဝင်ရောက်အရွေးခံမယ့် သူတွေပဲ ပါသွားခဲ့တယ်လု့ိ အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီနေ့ ၂၂ ရက်နေ့ အင်္ဂါနေ့ထွက်မယ့် လေယာဉ်တစီး ရှိပါတယ်။ အဲဒီ လေယာဉ်နဲ့ ၃ ယောက် လိုက်ခွင့်ရမယ်ဆိုပြီးတော့ ကိုကိုးကျွန်း အထွေထွေရုံးကနေ ကျနော့်ကို အကြောင်းကြားပါတယ်။ အဲတော့ ၂၁ ရက်နေ့ ရုံးဖွင့်ရက်နေ့မှာ သူတို့ဆီကို လိုက်မယ့် လူစာရင်း လာပေးပါလို့ အကြောင်းကြားတဲ့အတွက် ကျနော် ၂၁ ရက်နေ့က လိုက်ပါမယ့်သူ ၃ ဦးရဲ့ စာရင်းနဲ့ မှတ်ပုံတင်နံပါတ်ကို ကျနော်တို့ သွားပြီး အကြောင်းကြားပါတယ်။ ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ သူတို့ အကြောင်းပြန်ပါတယ်။ လိုက်ပါခွင့်မရဘူးလို့ သိရပါတယ်။ ၂၂ ရက်နေ့ မနက် ၇ နာရီမှာ လေယာဉ် ထွက်သွားပါပြီ။

မေး။ ။ လိုက်ပါခွင့် မရတာကကော ဘာကြောင့်လို့ပြောလဲ။

ဖြေ။ ။ ကျနော်တို့မေးတာပေါ့ ဘာကြောင့်မို့ ကျနော်တို့ကို မပေးဘူးလဲဆိုတာ မသိရပါဘူး။ လက်ရှိ အဲဒီလေယာဉ်မှာတော့ ဒီ ကိုကိုးကျွန်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် သူရသက်ဆွေ သူ့ရဲ့ လူတယောက် လိုက်ပါသွားတယ်လို့ ကျနော်တို့ သိရတယ်။”

ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောတူထားချက်တွေမှာတော့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေနဲ့ သွားလာရေးခက်ခဲတဲ့ နေရာတွေအတွက် တပ်မတော်ရေယာဉ်တွေ၊ တပ်မတော်လေယာဉ်တွေနဲ့ ဆောင်ရွက်ပေးမယ်ဆိုတဲ့ အချက်ပါဝင်တယ်လို့ သူက ပြောပါတယ်။ အခုလို မဲဆွယ်စည်းရုံးရေး အခက်အခဲတွေကြောင့် လာမယ့် ရွေးကောက်ပွဲ တရားမျှတမှုကိုပါ ထိခိုက်နိုင်တယ်လို့ သူကပြောပါတယ်။

“တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ် ဆိုရင်တော့ ကျနော်တို့ သွားရေးလာရေး အခက်အခဲဖြစ်နေတဲ့ ဒေသတွေမှာ သက်ဆိုင်ရာ အာဏာရအစိုးရအဖွဲ့တွေ ရွေးကောက်ပွဲ ကော်မရှင်တွေအနေနဲ့ ကူညီဆောင်ရွက်ပေးစေချင်ပါတယ်။ အခုလို သူတို့အနေနဲ့ မဆောင်ရွက်ပေးခဲ့ဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်လာနိုင်ဘူးလို့ သုံးသပ်ပါတယ်။”

အခုလို ကိုကိုးကျွန်းဒေသမှာ အရပ်သားကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲတွေ ဖြစ်နေသလိုပဲ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းက တပ်နယ်မြေထဲမှာ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်လို့ ရ မရဆိုတာ အခုချိန်ထိ မသိရသေးဘူးလို့ ဇေယျာသီရိမြို့နယ်မှာ NLD ပါတီကို ကိုယ်စားပြု ဝင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင် က ပြောပါတယ်ခင်ဗျာ။

XS
SM
MD
LG