သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံလွတ်လပ်မှု အာမခံမယ့် ဒီမိုကရေစီ ဒေါ်စုတောင်းဆို


ဟုမ္မလင်းမြို့မှာ ရွေးကောက်ပွဲစည်းရုံးရေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။
ဟုမ္မလင်းမြို့မှာ ရွေးကောက်ပွဲစည်းရုံးရေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို တည်ထောင်လာခဲ့တဲ့ ၂၇ နှစ်မြောက်နေ့မှာ ဟုမ္မလင်းမြို့ကိုရောက်နေတဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူအားလုံးအတွက် လုံခြုံမှုနဲ့ လွတ်လပ်မှုကိုပေးနိုင်တဲ့ ဒီမိုကရေစီစနစ် လိုအပ်တယ်လို့ ပြောကြားသွားပါတယ်။ NLD အနေနဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် မားမားမတ်မတ် ရပ်တည်လှုပ်ရှားနိုင်ခဲ့တယ်လို့လည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ (၂၇) နှစ်တာသက်တမ်းအတွင်း အာဏာရှင်စနစ်ရဲ့ ဗိုလ်ကျစိုးမိုးမှုအမျိုးမျိုးကို အန်တုယှဉ်ပြိုင်နိုင်ခဲ့ပြီး ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် မားမားမတ်မတ်ရပ်တည်လှုပ်ရှားနိုင်ခဲ့တယ်လို့ မနေ့ကကျရောက်တဲ့ ပါတီ တည်ထောင်ခြင်း ၂၇ နှစ်မြောက်နှစ်ပတ်လည်နေ့မှာထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ပြည်သူ့အကျိုးအတွက်ထူထောင်ခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအထက်ပိုင်းကို မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မနေ့က ဟုမ္မလင်းမြို့ လူထုဟောပြောပွဲမှာ အခုလို ပြောကြားသွားပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စပြီးတော့ ထူထောင်ကတည်းက ပြည်သူ့အကျိုးအတွက်ဆိုပြီး ကျမတို့ ထူထောင်ခဲ့တာ။ ဒီနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက် ပြည်သူများဟာ အခြေခံလူ့အခွင့်အရေးများအားလုံးနဲ့ ပြည့်စုံဖို့အတွက် အဲဒီဟာအတွက် ကျမတို့ ကြိုးစားတာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတာဟာ ကျမတို့တိုင်းရင်းသားတွေအားလုံး လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် စိတ်ချမ်းချမ်းသာသာနဲ့ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် ပြည်ထောင်စုကို ဆိုလိုတာဖြစ်ပါတယ်။”

မြန်မာနိုင်ငံအနာဂတ်အတွက် ဖယ်ဒရယ်ပြည်ထောင်စုနဲ့အတူ လိုအပ်နေတဲ့ ဒီမိုကရေစီစနစ်မှာ ပြည်သူအားလုံးအတွက် လုံခြုံမှုနဲ့ လွတ်လပ်မှုကိုပေးနိုင်တဲ့ အာမခံချက်ရှိရမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဟုမ္မလင်းက မဲဆွဲစည်းရုံးဟောပြောပွဲမှာ အခုလိုပြောသွားပါတယ်။

“ကျမက ကျမတို့ပြည်သူတွေကို ဒီမိုကရေစီကို ဘာလို့ ကျမတို့ လိုလားတယ်ဆိုတာကို ရှင်းပြတဲ့အခါမှာ ကျမက ပြောလေ့ရှိပါတယ်။ ဒီမိုကရေစီဆိုတာဟာ ပြည်သူလူထုကို လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနေနိုင်အောင်လို့ အာမခံချက်ပေးမယ့်စနစ်ပဲ။ ဒါပေမယ့် ကိုယ်လွတ်လပ်လုံခြုံသလို တခြားလူတွေလည်း လွတ်လပ်လုံခြုံမှုရှိရမယ်ဆိုပြီးတော့ ကျမတို့ ဒီလိုပဲ ရှင်းပြတယ်။”

NLD ပါတီရဲ့ ၂၇ နှစ်မြောက် နှစ်ပတ်လည် ထုတ်ပြန်ကြေညာချက်မှာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို အမှန်တကယ် လက်တွေ့ကျကျ ပြောင်းလဲပေးနိုင်မယ့် နိုင်ငံရေးပါတီဟာ လူထုထောက်ခံမှုအပြည့်အဝရထားတဲ့ NLD ပဲဖြစ်တယ်လို့ ရေးသားထားပါတယ်။ အခုလာမယ့် နိုဝင်ဘာလရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့အနာဂတ်ကိုအဆုံးအဖြတ်ပေးမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း စည်းရုံးရေးခရီးစဉ်မှာ ပြောကြားသွားပါတယ်။

“တကမ္ဘာလုံးမှာ ဒီလို အရေးပါတဲ့ရွေးကောက်ပွဲမှာ ….များဟာ ဖြစ်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲပါ။ နိုင်ငံတနိုင်ငံရဲ့အနာဂတ်ကို ပြတ်ပြတ်သားသား အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲမျိုးဆိုတာ ကမ္ဘာမှာတောင်မှ ဖြစ်ခဲပါတယ်။ ဒီတော့ ကျမတို့ ရွေးကောက်ပွဲကို အများကြီး အလေးအနက်ထားဖို့ လိုပါတယ်။ ကျမတို့ ပြည်ထောင်စုသားအားလုံး၊ ကျမတို့ တိုင်းရင်းသူ တိုင်းရင်းသားများအားလုံးက စည်းစည်းလုံးလုံးနဲ့ ဒီရွေးကောက်ပွဲရဲ့အဓိပ္ပာယ်ကို နားလည်ဖို့ လိုပါတယ်။”

၂၇ နှစ်တာသက်တမ်းအတွင်း NLD ပါတီထဲမှာ လူငယ်မျိုးဆက်တွေကို လေ့ကျင့်ပြုစုပျိုးထောင်ပြီး တာဝန်ပေးဖို့ အားနည်းချက်တွေ ရှိခဲ့တယ်လို့ မြန်မာ့အရေးသုံးသပ်သူတွေက ဝေဖန်ထားပါတယ်။ ဒါအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးဆုံးဖြစ်တဲ့ တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးရေးမှာ NLD ဘက်က အောင်မြင်မှုတွေမရခဲ့ဘူးလို့လည်း ထောက်ပြပြောဆိုကြပါတယ်။

ဒါပေမယ့် စက်တင်ဘာလ (၁၂) ရက်နေ့ညက နိုင်ငံတဝှမ်းကို ရုပ်မြင်သံကြားနဲ့ရေဒီယိုကတဆင့် ပြောကြားသွားတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မိန့်ခွန်းမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တပ်မတော်အကြား သံသယတွေ ဖယ်ရှားပြီး ပြည် ထောင်စုအရေး၊ ဒီမိုကရေစီ အရေးအတွက် အပြန်အလှန်ယုံ ကြည်လေးစားစွာ ပူးပေါင်း ဆောင်ရွက်လိုကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

XS
SM
MD
LG