သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ သတင်းသမားများ အတွက် ရွေးကောက်ပွဲ ဆိုင်ရာ လမ်းညွှန်


၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်။
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်။

မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန် မြန်မာ သတင်း မီဒီယာသမားတွေ လက်စွဲ ကိုင်ဆောင်ထားသင့်တဲ့ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်တွေကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က ဒီကနေ့မှာ အတည်ပြု ထုတ်ပြန်ပေးလိုက်ပါတယ်။ ဒီအကြောင်း မဆုမွန်က ဆက်ပြီး တင်ပြပေး ပါမယ်။

ရွေးကောက်ပွဲကျင်းပနေချိန်အတွင်း မဲဆန္ဒနယ်မြေတွေကို သတင်းလိုက်လံရယူမယ့် သတင်းမီဒီယာတွေ အနေနဲ့ သိရှိလိုက်နာထားသင့်တဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာ အချက်တွေနဲ့အတူ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ၊ မဲရုံ မှူးတွေနဲ့ သတင်းမီဒီယာသမားတွေကြား အပြန်အလှန်သိရှိ နားလည်သင့်တဲ့ အချက်တွေကို စုစည်းပြီး အတည်ပြု ထုတ်ပြန်ပေးထားတာဖြစ်တဲ့အကြောင်း မြန်မာ စာနယ်ဇင်းကောင်စီ (ယာယီ) က ဦးဇော်သက်ထွေးက ဗွီအိုအေ မြန်မာပိုင်းကို အခုလိုပြောပါတယ်။

“အဓိက-ကတော့ အခုလာမယ့် အထွေထွေရွေးကောက်ပွဲမှာ ကျနော်တို့ သတင်းသမားတွေက ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲထက် ပိုမိုပြီးတော့ သတင်း လွတ်လပ်ခွင့် ရရှိမယ်လို့ မျှော်မှန်းထားပါတယ်။ သတင်းတွေ သွားယူတဲ့အခါမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ မဲရုံမှူးတွေက ၂၀၁၀နဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ တချို့နေရာတွေမှာ နားလည်မှုလွဲမှားပြီး ပြဿနာဖြစ်ပွား တာတွေရှိတယ်။ အဲ့တော့ အဲ့တာနဲ့ပတ်သက်ပြီး လက်ရှိ ကျနော်တို့ လာမယ့် ရွေးကောက်ပွဲမှာ မီဒီယာသမားတွေက သတင်းယူတဲ့အခါမှာ ဘယ် အချက်တွေကတော့ ရွေးကောက်ပွဲကော်မရှင်က တားမြစ်ထားတဲ့ အချက်တွေဖြစ် ပြီးတော့ ဘယ်အချက်တွေက သတင်းသမားတွေအတွက် ရရှိရမယ့် အခွင့်အရေး ဆိုတာကို ရှင်းရှင်းလင်းလင်း သိခွင့်ပေးဖို့လိုတယ်ဆိုတာကို ပြောဖို့ ကျနော်တို့ က ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

ဒါကြောင့် သူတို့က ခွင့်ပေးနိုင်တဲ့အချက်အလက်တွေနဲ့ တားမြစ်ထားတဲ့ အချက် အလက်တွေ ( DO and Don’t) တွေအားလုံးကို ကျနော်တို့က နိုင်ငံတကာ က ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်စံနှုန်းတွေနဲ့ ကျနော်တို့ နှိုင်းယှဉ်ကြည့်တယ်။ ပြီးတော့ မြန်မာနိုင်ငံ တနှံ့တပြားမှာ ရှိနေတဲ့ သတင်းသမားတွေနဲ့ Workshops တွေ လုပ်ပြီးတော့ သူတို့ရဲ့အကြံပြုချက်တွေကို ထည့်သွင်းပြီးတော့မှ ကျနော်တို့ Elections Guide Book ကို ကျနော်တို့က ဒီနေ့ ထုတ်ဝေလိုက်တာပါ။”

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်နယ် တိုင်းဒေသကြီးက နယ်မြေအသီးသီး မှာ ရွေးကောက်ပွဲကျင်းပနေချိန် သက်ဆိုင်ရာနယ်မြေအလိုက် မဲရုံတွမှာ သတင်း သမားတွေ သတင်းရယူတဲ့အခါ သတင်းဓာတ်ပုံမှတ်တမ်း ဗွီဒီယိုစတဲ့ သတင်းရိုက် ကူးမှုတွေမှာ ဆောင်သင့်၊ ရှောင်သင့် လိုက်နာသင့်တဲ့ သတင်းသမားကျင့်ဝတ်တွေ နဲ့ပတ်သက်လို့လည်း ဒီလမ်းညွှန်ချက်တွေထဲ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) က အသေးစိတ် ထည့်သွင်းဖော်ပြထားပါတယ်။

“၁၆ မျက်နှာလောက်ရှိမယ်။ အခြေခံ လိုက်နာရမယ့် ကျင့်ဝတ်တွေရှိတယ်။ အထူး သဖြင့် ပါတီကြီး၊ ပါတီငယ် မခွဲခြားပဲ ဘက်မလိုက်ဘဲ ရေးသားတင်ပြဖို့၊ နောက် သတင်းရေးတဲ့အခါ တိကျမှန်ကန်ဖို့နဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့သတင်း Result တွေကို ကြေညာတဲ့အခါမှာ အတိအကျဖြစ်ဖို့ ကျနော်တို့ မှာတာဝန်ရှိပါတယ်။ အဲ့တာတွေက လုပ်ဆောင်ရမယ့် အရာတွေ ဖြစ်ပြီးတော့ --- ကျနော်တို့ မလုပ်ဆောင်ရမယ့်အရာက ကျနော်တို့ ဒီရွေးကောက် ပွဲကော်မရှင်နဲ့ မဲရုံမှူးတွေကနေပြီးတော့ သတင်းမီဒီယာသမားတွေ အနေနဲ့ လာရောက်ပြီး သတင်းယူလို့မရတဲ့ အချက်တွေလည်းရှိပါတယ်။ အဲ့တာတွေ ကိုလည်း Awareness ဖြစ်ဖို့ ထည့်သွင်းထားတာရှိတယ်။

အထူးသဖြင့်ကတော့ ကျနော်တို့ စာအုပ်ရဲ့ နောက်ဆုံးအပိုင်းမှာ တိုင်းနဲ့ပြည်နယ် (၁၄) ခုက ရွေးကောက်ပွဲ တာဝန်ရှိသူ၊ ခရိုင်အဆင့် တာဝန်ရှိတဲ့သူတွေရဲ့ ဖုန်း နံပါတ်တွေ၊ သတင်းသမားတွေ ဖြေဆိုမယ့်သူ၊ သက်ဆိုင်ရာ မဲရုံတာဝန်ရှိသူက ဖြေကြားရမယ့်စနစ်ကို ကျနော်တို့ သူတို့ရဲ့ဖုန်းနံပါတ်တွေ လူနာမည်တွေ ပေးထားတယ်။ နောက်ပြီး ရွေးကောက်ပွဲ မှတ်ပုံတင်ထားတဲ့ ပါတီ (၇၁) ခု ရဲ့ပြောရေး ဆိုခွင့်ရှိသူတွေရဲ့ ဖုန်းနံပါတ်တွေနဲ့ လူနာမည်တွေကို ထည့်ထားပါတယ်။

ဘာပဲပြောပြော Elections Guide Book ကို အကြမ်းဖျင်း ဖတ်ထားရင် ရွေးကောက် ပွဲမှာ သတင်းယူတဲ့အခါမှာ မိမိတို့ သတင်းသမားတွေအတွက် အန္တရာယ် နည်းနိုင် သမျှ ပြဿနာနည်းနိုင်သမျှ နည်းအောင် ကူညီဆောင်ရွက်တာဖြစ်တယ်။ နောက်တခါက သက်ဆိုင်ရာ သတင်းနဲ့ပတ်သက်ပြီး မေးမြန်းစရာရှိတာ မေးမြန်းနိုင်အောင် အဲ့ဒီ အထဲမှာ ထည့်သွင်းပေးထားပါတယ်။”

အခုနှစ်ပိုင်းအတွင်းမှာ သတင်းဖြစ်ပွားရာနေရာတွေကို သွားရောက် သတင်းရ ယူနေတဲ့ သတင်းသမားတွေအပေါ် ပစ်မှတ်ထား နှိပ်ကွပ်ဖမ်းဆီးမှုတွေ ဖြစ်ပွား လာနေတာအပြင် သတင်းဖော်ပြမှုတွေနဲ့ပတ်သက်ပြီး တရားစွဲဆို ဖမ်းဆီးထောင်ချ ခံနေရတဲ့အတွက် အတန်အသင့်ရရှိခဲ့တဲ့ သတင်းလွတ်လပ်ခွင့် ပြန်ကျ ဆင်းလာနေ တယ်လို့ အများက ဝေဖန်နေကြတာပါ။

ဒီလိုအခြေအနေမှာ သတင်းသမားတွေ ရွေးကောက်ပွဲကာလအတွင်း လုံခြုံမှုရှိပြီး အန္တရာယ်မဖြစ်အောင် သတင်းမီဒီယာ အဖွဲ့အစည်းတာဝန်ရှိသူတွေဘက်က အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း စာနယ်ဇင်းကောင်စီ ယာယီက ဦးဇော်သက်ထွေးက ပြောပါတယ်။

“ဒီ ၂၀၁၃၊ ၂၀၁၄ ကြားထဲမှာ သတင်းသမားတွေ သတင်းလိုက်ယူရင်း တရားစွဲဆို ခံရတာတွေ၊ ဖမ်းဆီးခံရတာ ထောင်ချခံရတာရှိပါတယ်။ အဲ့တာတွေနဲ့ ပတ်သက် ပြီးတော့ ဘာကြောင့် ထောင်ချ တရားစွဲဆိုခြင်း ခံရတာလဲ-လို့ လေ့လာလိုက်တဲ့ အခါမှာ အများဆုံး သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ ဥပဒေပုဒ်မတွေ ရှိနေပါတယ်။

သတင်းသမားတွေအနေနဲ့ ပိုပြီး ကျယ်ကျယ့်ပြန့်ပြန့် သိပြီးတော့ သတင်း ယူတဲ့အခါမှာ ကိုယ့်ကို အန္တရာယ်ပြုနိုင်မယ့်ဟာမျိုးတွေ- ဥပမာအားဖြင့် ပိုင်နက် ကျုးလွန်မှုဆိုတာမျိုးတွေ ရှိတယ်။ အဆောက်အဦး ကျော်နင်းမှု ဆိုတာမျိုးတွေ ရှိတယ်။ နောက်တခုက ဝတ္တရားနှောင့်ယှက်မှု ဆိုတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ အသရေဖျက်မှုဆိုတာမျိုးတွေရှိတယ်။ အဲ့တာမျိုးတွေနဲ့ တရားစွဲဆိုခံရတာမျိုးတွေကနေပြီးတော့ သတင်းသမားတွေ ရှောင်ရှားနိုင်အောင် ပထမစဉ်းစားပါတယ်။

ရွေးကောက်ပွဲမှာ သတင်းယူတဲ့အခါမှာ ထပ်ပြီးတော့ ကိုယ့်ကို အန္တရာယ် ပြုနိုင်မယ့် ထောင်ချောက်တွေ အခြေအနေ အရပ်ရပ်တွေက သတိထားပြီး ရှောင်လွှဲနိုင်ဖို့ အတွက်ကို စိတ်ပူတဲ့အတွက် ဒီဟာကို ကျနော်တို့က ဆောင်ရွက် ထားရခြင်းဖြစ်ပါတယ်။”

ဒီကနေ့ မေလ (၃)ရက်နေ့မှာ အတည်ပြု ထုတ်ပြန်လိုက်တဲ့ မြန်မာသတင်းစာ ဆရာများအတွက် ရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်ကို မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ အတူ ဒိန်းမတ်နိုင်ငံအခြေစိုက် နိုင်ငံတကာမီဒီယာပံ့ပိုးရေးအဖွဲ့ (International Media Support) တို့ကနေ ပူးပေါင်း စီစဉ်ဆောင်ရွက် တာဖြစ်ပါတယ်။

XS
SM
MD
LG