သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ HRW တုံ့ပြန်


မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အထွေထွေ ရွေးကောက်ပွဲကြီး ပြီးဆုံးသွားပြီးတဲ့ တချိန်တည်းမှာပဲ မျှော်လင့်ချက်တွေကတော့ အမျိုးမျိုး ထွက်ပေါ်လာနေပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ လက်ရှိ ရလဒ်တွေအရတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကပဲ ဦးဆောင်နေပြီး အစိုးရဖွဲ့နိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။

ဒါပေမဲ့လည်း ကာကွယ်ရေးဌာန အပါအဝင် တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကဏ္ဍနေရာတွေမှာ စစ်တပ်ကပဲ ဆက်လက် ထိန်းချုပ်ထားမယ်ဆိုရင်တော့ ဒါတွေဟာ မဖြစ်သင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရှားဖောင်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က အထွေထွေရွေးကောက်ပွဲကြီး ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ အပြောင်းအလဲကို တကယ် ဖော်ဆောင်ချင်တယ်ဆိုရင် နောက်တက်မယ့် အစိုးရလက်ထက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံအတွင်း အရေးကြီးတဲ့ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာနဲ့ နယ်စပ်လုံခြုံရေး ကဏ္ဍတွေမှာ စစ်တပ်က ထိန်းချုပ်ထားတာကို ပြင်ဆင်သင့်တယ်လို့ HRW ရဲ့ အာရှရေးရာဌာနခွဲက အလုပ်မှုဆောင် ညွှန်ကြားရေးမှူး Brad Adams က ဗွီအိုအေကို ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်ပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်နဲ့ မညီညွတ်ပါဘူး။ စစ်တပ်အနေနဲ့ ကာကွယ်ရေး၊ ရဲ၊ နယ်စပ်လုံခြုံရေး၊ ပြည်ထဲရေးတို့ကို ဆက် ထိန်းချုပ်မထားသင့်ပါဘူး။ ရွေးကောက်ခံတဲ့ အစိုးရသစ်ကသာ တာယူဝန်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့က စစ်တပ်နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း အဓိက ဝန်ကြီးဌာနတွေကို ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို လွှဲပြောင်းပေးသင့်ပါတယ်။ ပြည်သူတွေကို ဒီဌာနတွေကို စစ်တပ်အောက်မှာ မထားလိုကြတော့တဲ့အတွက် အခုလို အာဏာရ USDP ပါတီကို ရွေးကောက်ပွဲကနေ အသိပေးလိုက်တာ ဖြစ်ပါတယ်။”

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဖို့ တောင်းဆိုတာကို သမ္မတက လက်ခံခဲ့တဲ့အပေါ်မှာလည်း Brad Adams က အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ အချိန်တွေတော့ ပြန်မရနိုင်တော့ပါဘူး။ တကယ်တော့ ဒီအရင်ကတည်းက တွေ့သင့်ပါတယ်။ သမ္မတ၊ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့အနေနဲ့ လူထုက အမှန်တကယ် ဘာလိုချင်တယ်ဆိုတာလည်း သိသင့်ပါတယ်။ ဆိုလိုတာက ရွေးကောက်ပွဲ လုပ်သင့်တာလည်း ကြာပါပြီ၊ စစ်အာဏာရှင်စနစ်လည်း ဆယ်စုနှစ်နဲ့ချီပြီး မရှိသင့်ပါဘူး။ ဒါတွေက ပြန်ပြင်လို့ မရတော့ပါဘူး။ ဒါပေမဲ့ စစ်တပ်အနေနဲ့ အခုအချိန်မှာ လုပ်နိုင်တာက ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့၊ လူထုရဲ့ ယုံကြည်မှုကို ပြန်ရဖို့ တာဝန်သိသိ ဆောင်ရွက်ဖို့ပါ။ ဒါတွေကို စလုပ်ဖို့ကတော့ ဒီမိုကရေစီ တိုင်းပြည်တိုင်းမှာလိုပဲ ရွေးချယ်တင်မြှောက်ခံရတဲ့ အရပ်သားအစိုးရက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် အုပ်ချုပ်ခွင့်ပေးဖို့ပဲ ဖြစ်ပါတယ်။”

တချိန်တည်းမှာပဲ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးအတွက် ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားရာကနေ လွှတ်ပေးသင့်ပြီးလို့လည်း Brad Adams က ပြောဆိုလိုက်ပါတယ်။

“ကျောင်းသားတွေကို ပြန်လွှတ်ပေးသင့်ပါတယ်။ မလွတ်နိုင်ရင်တောင်မှ သူတို့အပေါ် ချမှတ်ထားတဲ့ စွဲချက်တွေကို မပယ်ဖျက်နိုင်ရင်တောင်မှ အာမခံနဲ့ ပြန်လွှတ်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောက်တွေဟာ အတော်ပဲ အခြေအနေဆိုးရွားပြီး၊ ကျန်းမာရေး စောင့်ရှေက်မှုကလဲ အားနည်းပါတယ်။ အခု လက်ရှိ ရွေးကောက်ပွဲ အခြေအနေတွေအရ လက်ရှိ အစိုးရကို ပြည်သူတွေက မလိုချင်တော့ဘူးဆိုတာ ပြလိုက်ပါပြီ။ လက်ရှိ အစိုးရကို မယုံကြည်ဘူးဆိုတာ ပြလိုက်ကြပါပြီ။ အစိုးရသစ် တက်လာတဲ့အချိန်အထိ အချိန်ဖြုန်းမနေသင့်ပါဘူး။”

အစာငတ်ခံဆန္ဒပြနေကြတဲ့ ဗကသ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့တုန်းက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ချီတက်ဆန္ဒပြရာကနေ ဖမ်းဆီးထိမ်းသိမ်းခံရတာဖြစ်တယ်။ ရွေးကောက်ပွဲမတိုင်မီကလည်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကနေ ရွေးကောက်ပွဲမှာ တရားလွတ်လပ်ပြီး မျှတမှုမရှိကြောင်း၊ လူနဲစုတချို့ မဲပေးခွင့်ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG