သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဝင်ရွေးကောက်ပွဲရလဒ် NLD အပြတ်အသတ်နိုင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လွှတ်တော် အသီးသီးမှာ အပြတ်အသတ် အနိုင်ရနေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လွှတ်တော် အသီးသီးမှာ အပြတ်အသတ် အနိုင်ရနေ

ဒီကနေ့ည ၉ နာရီအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အဓိကလွှတ်တော်နှစ်ရပ်လုံးမှာ ရှင်းရှင်းလင်းလင်း အနိုင်ရသွားပါပြီ။

ပြည်သူ့လွှတ်တော်မှာ NLD က ၂၁၇ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ၂၈ နေရာ၊ ကျန်ပါတီအသီးသီး က ၂၉ နေရာရ ထားပါတယ်။ အမျိုးသားလွှတ်တော်မှာ NLD က ၁၁၀ နေရာ၊ USDP က ၁၂ နေရာ၊ ကျန်ပါတီအသီးသီးက ၁၁ နေရာရထားပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာ NLD က ၃၈၂ နေရာ၊ USDP က ၅၄ နေရာနဲ့ ကျန်ပါတီအသီး သီးက ၅၈ နေရာရထားပါတယ်။

ဒီကနေ့ည ၉ နာရီအထိဆိုရင် ပြည်သူ့လွှတ်တော်အတွက် စုစုပေါင်းအမတ်နေရာ ၂၇၄ နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၁၃၃ နေရာ ကြေညာပြီးပါပြီ။

NLD ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ် အတွက် စုစုပေါင်းလွှတ်တော်အမတ်နေရာ ၃၂၇ နေရာ ရနေပြီဖြစ်ပါတယ်။ အဲဒါကြောင့် လွှတ်တော်နှစ်ရပ်ကနေ ဒုတိယသမ္မတ တဦးစီ စုစုပေါင်းနှစ်ဦးကို ရွေးချယ်ဖို့၊ စစ်တပ်ကိုယ်စားလှယ်တွေဘက်ကတင်တဲ့ ဒုတိယသမ္မတတဦးအပါအဝင် စုစုပေါင်း ဒုတိယသမ္မတ သုံးဦးထဲကနေမှ သမ္မတကို ရွေးချယ်ဖို့၊ အစိုးရသစ်ကို ဦးဆောင် ဖွဲ့စည်းဖို့ အတော်လေးကို အလားအလာ ကောင်းနေပြီလို့ ဆိုရမှာပါ။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေး ခဲ့ကြတဲ့ အနုပညာရှင်တွေကို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက သူ့ရဲ့နေအိမ်မှာ ဒီကနေ့တွေ့ ဆုံပြီး ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲ အတွင်းမှာပဲ နိုင်ငံတဝန်းက ဆိုက္ကားဆရာတွေကိုလဲ ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

XS
SM
MD
LG