သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲစာရင်းတမင်မှားဟု ရွေးကောက်ပွဲစောင့်ကြည့်သူတွေ သံသယဖြစ်


၂၀၁၅ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူတွေရဲ့ စာရင်း နောက်ဆုံးထုတ်ပြန်မှုမှာ အမှားအယွင်းတွေ ပိုများလာတဲ့အပြင် အမည်ရှာ ဖွေဖို့ အခက်အခဲတွေ ပိုရှိလာတာဟာ တာဝန်အရှိဆုံးဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က မဲဆန္ဒရှင် ပြည်သူတွေကို စိတ်ပျက်သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လိုက်တာလားလို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက သံသယရှိနေကြပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဘက်ကတော့ ဒီတကြိမ်ထုတ်ပြန်ချက်ဟာ ယခင်ပုံစံနဲ့ကွဲလွဲနေတာမို့ အမည်ရှာဖို့ အခက်အခဲရှိတဲ့ပြည်သူတွေ အတွက် လွယ်ကူလမ်းညွှန်ချက်ကိုလည်း ထုတ်ပြန်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်း နောက်ဆုံးအဆင့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ချိန်မှာ ပိုပြီးတော့မှ အမှားအယွင်းများလာတာ၊ အမည်စာရင်းပုံစံ အရင်ကနဲ့ ကွဲလွဲသွားတဲ့ အတွက် ရှာဖွေရ မလွယ်ကူတဲ့ အခက်အခဲတွေနဲ့ ပြည်သူတွေကြုံနေရတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

ဘာကြောင့် ဒီတကြိမ်မှာပိုအမှားအယွင်းတွေ များလာရပါသလဲဆိုတာကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ Myanmar Institute for Democracy က ဒါရိုက်တာ ကိုအောင်စိုးမင်းက အခုလိုသုံးသပ်ပါတယ်။

“အခု ဒီဥစ္စာက အရင်တုန်းကလုပ်ခဲ့တဲ့ system နဲ့မတူတော့ဘူးဗျ၊ တခါ ထပ်ပြောင်းသွားပြန်ပြီပေါ့နော်။ ပြီးခဲ့တဲ့တခေါက်က ပါလာတဲ့လူစာရင်းက ဒီတခေါက် ပါမလာတာမျိုးတွေလည်း ရှိတယ်။ တကယ့်တကယ်ကျတော့ သူတို့က စနစ်တကျလုပ်တယ်။ ပြီးခဲ့တဲ့အခေါက်က အမှားအယွင်းတွေကို ပြန်ပြင်တယ်လို့သာပြောတာ။ အဲလိုမျိုးမဟုတ်ဘဲနဲ့ စနစ်အသစ်ကြီးတခုကိုစပြီးတော့ မိတ်ဆက်လိုက်သလို ဖြစ်သွားတယ်။ ပြီးတော့ public ကနေ လာပြီးရှာရဖွေရတာ မလွယ်ဘူးဖြစ်သွားတယ်ဗျ။ အဲဒီတော့ ကျနော်တို့မြင်တာကတော့ ဒါဟာ မှန်အောင်လုပ်နေတာလား၊ လူထုကို မျက်စိလည်အောင်လုပ်နေသလားဆိုတာ သံသယရှိတယ်ဗျ။ ဒီလိုစနစ်မျိုး ပြောင်းသွားတယ်လို့လည်း တခါမှ coordination meeting တွေမှာ အသိမပေးခဲ့ဘူး။ အဲဒီတော့ နည်းပညာ အခက်အခဲ ဖြစ်တယ်ဆိုလို့ရှိရင်တော့ ကျနော်မြင်တာကတော့ IFES မှာ တာဝန်ရှိတယ်ဗျ။ နည်းပညာအားလုံးကို သူတို့တာဝန်ယူထားတာ၊ သူတို့ပဲ supporting ပေးနေတာ။ တကယ့်တကယ်တန်းကျတော့ အဲလိုမျိုးဖြစ်လာနိုင်တယ်ဆိုတာကို IFES က ကြိုမသိဘူးလားဆိုတာကို ကျနော်တို့ မေးခွန်းထုတ်စရာရှိတယ်။ အဲဒီတော့ impeach လုပ်ရမယ်ဆိုရင်တော့ ကျနော်တို့ UEC ကိုရော၊ IFES ကိုရော impeach လုပ်ရမယ်။ IFES ကလွဲနေတာကို UEC က ဘာဖြစ်လို့လက်ခံရသလဲဆိုတာ ကျနော်တို့ မေးစရာတွေ ပေါ်လာပြီ။”

ရွေးကောက်ပွဲတခုအတွက် အရေးပါ အဓိကအကျဆုံးဖြစ်တဲ့ မဲဆန္ဒရှင်စာရင်း အမှားအယွင်းဖြစ်ရတာ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန် အရှိဆုံးဖြစ်ပြီး ဒီလိုဖြစ်အောင် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သလားလို့ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့လည်း ကိုအောင်စိုးမင်းက ပြောပါတယ်။

မဲဆန္ဒရှင်စာရင်း အလွဲများရင်များသလောက် ရွေးကောက်ပွဲမှာ ထိခိုက်နစ်နာမှုတွေ ဖြစ်မှာပဲလေ။ ဆိုလိုတာက မဲဆန္ဒရှင်စာရင်းမှာ ၅၀ % ပဲမှန်တယ်ဆိုရင် ကျနော်တို့ရွေးကောက်ပွဲကလည်း ၅၀ % ပဲ fair ဖြစ်မှာပေါ့ဗျာ။ အမှန်ကိုသိနိုင်ဖို့ တော်တော်ကို ခက်ခဲသွားတာဖြစ်တဲ့ အတွက် ရွေးကောက်ပွဲရဲ့ result ပေါ်မှာ ….fair ဖြစ်ပါ့မလားဆိုတဲ့ကိစ္စက တော်တော် သံသယဖြစ်ဖို့ ကောင်းပါတယ်။ effect တွေ အများကြီးရှိနိုင်တယ်လို့ ကျနော် ယူဆပါတယ်။”

ဒါပေမယ့်လည်း နိုင်ငံသားအခွင့်အရေးနဲ့အညီ ဆန္ဒမဲပေးနိုင်ရေး ရပ်ကွက်ရွေးကောက်ပွဲကော်မရုံးတွေမှာတော့ အမှားလာရောက်ပြင်ဆင်သူ ပြည်သူလူထု တော်တော်များများရှိတာကို တွေ့ရတယ်လို့လည်း သူကပြောပါတယ်။

“ကျနော်သွားကြည့်ရသလောက်တော့ အမြဲတမ်း ရွေးကောက်ပွဲကော်မရှင်ရုံးမှာ လူတွေတော့ အုံခဲနေတာပဲ။ တနာရီအတွင်းမှာ ကျနော်တို့ ထိုင်ကြည့်နေတာ အယောက် ၂၀ အစိတ် လောက်တော့ အမြဲတမ်းရှိတယ်။ ရပ်ကျေးကော်မရှင်ရုံးက စာရေးကတော့ အနားကိုမပေးရဘူး၊ တချိန်လုံး ပြင်နေရတာချည်း။”

ရန်ကုန်မြို့ခံ ကိုစိုးမိုးမြင့်ကတော့ ဒီတကြိမ် မဲစာရင်း ထုတ်ပြန်မှုမှာလည်း အမှားအယွင်းတွေ အတော်ပါနေဆဲမို့ ရပ်ကွက်နေ ပြည်သူတွေ အနေနဲ့ မဲစာရင်း သွားကြည့်တော့မယ်ဆိုရင် အမည်စာရင်း မှန်ကန်ဖို့၊ မှတ်ပုံတင်နံပါတ် မလွဲစေဖို့ စတာတွေအတွက် အနည်းဆုံး မိမိတို့ရဲ့ သန်းခေါင်စာရင်းလေးကို သယ်သွားပြီး စနစ်တကျ သေချာ တိုက်ပြီး စစ်ဆေးသင့်တယ်လို့ အကြံပြုပါတယ်။

“မပါလို့ဖျက်ထားတဲ့သူတို့၊ နည်းနည်းမှားလို့ ပြန်ပြီးတော့ ပြင်ထားတဲ့လူတို့၊ အဲဒါတွေကတော့ မှားတုန်းပဲခင်ဗျ။ ဥပမာ- ကျနော့်အမေ ဆိုရင်လေ ကျနော့အမေက ကွယ်လွန်သွားတဲ့အတွက် ကျနော် ဖျက်ထားတယ်။ ကျနော် ဖျက်ထားပြီးသား၊ ဒီတခေါက်ထွက်တော့လည်း ကျနော့်အမေနာမည်ပြန်ပါလာတယ်။ ပြီးတော့ သူတို့ကပ်ထားတဲ့ပုံစံကလေ ကျနော်တို့ ကြည့်ရတာ တော်တော်ခက်ခဲတယ်ဗျ။ သူက အိမ်နံပါတ်ကိုမူတည်ပြီးတော့ အဲဒီအိမ်နံပါတ်ကလည်း ဒီရပ်ကွက်ထဲမှာဗျာ- ဘယ်လမ်း ဘယ်လမ်းက - အဲဒီအိမ်နံပါတ်ရှိတဲ့အိမ်ပေါင်း ဘယ်နှစ်အိမ်ရှိလဲဆိုတာ မသိဘူးပေါ့နော်။ သူက အဲလိုမျိုးတွေ အစဉ်လိုက်ပြီးတော့ တပ်ထားတယ်။ အက္ခရာစဉ်နဲ့လည်း ကပ်ရင်ကပ်ထားတယ်။ အဲဒီအခါကျတော့ ကြည့်တဲ့လူတွေမှာကျတော့ တော်တော်လေးကို ခက်ခက်ခဲခဲကြည့်ရတာပေါ့ဗျာ။ အရင်တုန်းက ပထမကပ်ထားတာကျတော့ လမ်းအလိုက်ကပ်ထားတယ်ဆိုတော့ ကြည့်ရတာလွယ်သေးတယ်ခင်ဗျ။ အဓိက ကျနော်တို့ပြည်သူတွေက သွားကြည့်ကြတယ်ဆိုတာက ကြည့်ရုံပဲကြည့်ကြတာခင်ဗျ။ ကျနော်တို့က လက်ထဲမှာ သန်းကောင်စာရင်းမိတ္တူလေးကိုကိုင်ပြီး သွားကြည့်ရင်တော့ ကျနော်ကတော့ ပိုကောင်းလိမ့်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အိမ်တစ်အိမ်လုံးရဲ့ မှတ်ပုံတင်နံပါတ်တို့၊ ဘာတို့ညာတို့ဆိုတာကလည်း အလွတ်ရချင်မှရမှာလေ။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး ပြည်ထောင်စုနယ်မြေအတွင်း မဲစာရင်းအခြေအနေ သွားရောက်ကြည့်ရှုစဉ်။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး ပြည်ထောင်စုနယ်မြေအတွင်း မဲစာရင်းအခြေအနေ သွားရောက်ကြည့်ရှုစဉ်။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ဒီတကြိမ် ထုတ်ပြန်မှုဟာ IT စနစ်နဲ့ ဆောင်ရွက်ထားတယ်လို့ ဆိုပြီး ပြည်သူတွေ ရှာဖွေရ အခက်အခဲရှိတယ်လို့ ကြားသိရတဲ့အတွက် ရှာဖွေရလွယ်ကူအောင် မိမိနေထိုင်တဲ့လမ်းကိုရှာပါ။ အိမ်နံပါတ်ကိုရှာပါ။ နံပါတ်တွေက ငယ်စဉ်ကြီးလိုက်စီထားပြီး နာမည်တွေကတော့ အက္ခရာစဉ်အတိုင်း စီထားပါတယ်။ အခက်အခဲတွေ့ရင် ရပ်ကွက်ကျေးရွာအုပ်စုတွေက ရွေးကောက်ပွဲကော်မရှင်တွေကို အကူအညီတောင်းခံကြပါလို့ လမ်းညွှန်ချက်ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မဲစာရင်းကြေညာထားမှု ရပ်ကျေးအဆင့်တွေမှာ ဘယ်လိုအနေအထားရှိတယ်ဆိုတာကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကိုယ်တိုင် နေပြည်တော်က မြို့နယ်တွေနဲ့ ပျဉ်းမနားမြို့တွေမှာ လိုက်လံစစ်ဆေးနေတာတွေ့ရပါတယ်။

XS
SM
MD
LG