သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲမဲ အများစု NLD ရရှိ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့အောင်ပွဲခံနေစဉ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့အောင်ပွဲခံနေစဉ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ အနိုင်ရသူတွေ ကို ကြေညာနေတာမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အများစု အနိုင်ရရှိနေပါတယ်။ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အခုအချိန်ထိ အနိုင်ရသူ တစ်ဒါဇင်လောက်ဘဲ ရှိနေသေးတာပါ။ ရွေးကောက်ပွဲ အနိုင်ရသူတွေကို ကြေညာနေတာမှာတော့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အကြီးအကဲတွေ ဗိုလ်ချုပ်ကြီးတွေ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ နေရာတွေကိုတော့ မကြေညာနိုင်သေးတဲ့ အပေါ်မှာလည်း မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။

ဒီကနေ့ ညနေ ၃ နာရီ အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ကြေညာပေးနေတဲ့ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် စာရင်းမှာတော့ ပြည်သူ့လွှတ်တော် အမတ်နေရာ ၈၈ နေရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၇၈ နေရာ အနိုင်ရထားပါတယ်။ လက်ရှိ အာဏာရယူ ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ၅ နေရာပဲ အနိုင်ရနေတာပါ။ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်အမတ်နေရာ ၁၆၅ နေရာ ကြေညာထားတဲ့ အထဲမှာ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ၁၄၃ နေရာ အနိုင်ရပါတယ်။

ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကတော့ ၁၂ နေရာ အနိုင်ရထား ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်အမတ် နေရာ ၁၅ နေရာကိုတော့ တခြား ပါတီတွေက အနိုင်ရသွားပါတယ်။

အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေကို ကြေညာပြီး ၄၅ ရက် အတွင်းမှာ လွှတ်တော်အမတ် ကန့်ကွက်လွှာတွေ တင်ပြီး ကန့်ကွက်နိုင်ပေမယ့် အခုအချိန်ထိတော့ ကန့်ကွက်လွှာတွေ မရှိသေးတဲ့ အကြောင်းလည်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူက အခုလို ပြောဆိုခဲ့ပါတယ်။

“ ခုနက ကျနော်တို့ ခုံအဖွဲ့နဲ့ ဖွဲ့ပြီး စစ်ဆေးတယ် ဆိုတာက ကျနော်တို့က ကန့်ကွက်လွှာ။ ကျနော်ပြောခဲ့တဲ့ ခုနက ခုံဖွဲ့ဖွဲ့တယ် ဆိုတာက ကန့်ကွက်လွှာတွေ ငွေကျပ် သုံးသိန်းပေးပြီးတော့ တင်ပြလာတဲ့ ကန့်ကွက်လွှာတွေကို ကျနော်တို့ စိစစ်၊ စစ်ဆေးခြင်းဖြစ်ပါတယ်။ ကန့်ကွက်လွှာ စစ်ဆေးတဲ့အခါမှာ သူတို့က ရှေ့နေ ဌားပြီးတော့ လာပြီးတော့ ထုချေနိုင်ပါတယ်။ ရှေ့နေနဲ့လည်း ထုချေ၊ ကိုယ်တိုင်လည်း ထုချေနိုင်ပါတယ်။ လာပြီးတော့ အများမြင်သာ ဘယ်သူမဆို စစ်ဆေးတဲ့နေရာမှာ အကုန်လုံး လာရောက်ပြီးတော့ ကြည့်ရူနားထောင်လို့ရပါတယ်။ ဆိုတော့ သက်သေတွေလည်း သူတို့ပြနိုင်တဲ့ သက်သေတွေလည်း ပြလို့ရပါတယ်။ သက်သေခံ စာရွက်စာတန်း အထောက်အထားတွေ၊ သက်သေခံချက်တွေကိုလည်း တင်ပြနိုင်ပါတယ်။ အဲဒါတွေကို ကျနော်တို့ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ ဒီအပေါ်မှာ သက်သေခံချက်တွေ ရယူပြီးတော့ စစ်ဆေးပါတယ်။”

ညနေ ၆ နာရီမှာတော့ အမျိုးသားလွှတ်တော် အနိုင်ရသူ ၃၃ ဦး ကြေညာတာမှာ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ၂၉ နေရာ အနိုင်ရပြီး လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၂ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တသီးပုဂ္ဂလ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ သမ္မတရုံး ဝန်ကြီး ဦစိုးသိန်း ကယားပြည်နယ် အမျိုးသား လွှတ်တော်မှာ အနိုင်ရပါတယ်။ နောက် ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက တနေရာ အနိုင်ရသွားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ကြေညာသွားပါတယ်။

မဲဆွယ်စည်းရုံးရေး ကာလမှာ အတိုက်အခံ NLD ပါတီ ကိုယ်စားလှယ်တွေ မဲဆွယ် စည်းရုံးမှု လုပ်ငန်းတွေ ကြန့်ကြာခဲ့ရတာတွေ အပေါ် အငြင်းပွားစရာ ဖြစ်ခဲ့ရတဲ့ စစ်တပ် ရေတပ်စခန်းရှိနေတဲ့ ရန်ကုန်တိုင်း ကိုကိုးကျွန်းမှာတော့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ်တွေ အားလုံး အနိုင်ရခဲ့ပါတယ်။

အခု လွှတ်တော်အမတ်နေရာ ကြေညာနေတဲ့ အထဲမှာ ဝေးလံ ခေါင်သီ တဲ့ ပြည်နယ်တွေက အမတ်နေရာတွေကို ကြေညာပြီးပေမယ့် စစ်ဗိုလ်ချုပ်ကြီးတွေ ပြည်ထောင်စု ဝန်ကြီးတွေ ဝင်ရောက် ယှဉ်ပြိုင်နေကြတဲ့ နေပြည်တော် မဲဆန္ဒနယ်တွေကို မကြေညာနိုင်သေးပါဘူး။ ဒါပေမယ့် အခု ကြေညာပြီးသလောက် အထိ အခြေအနေတွေ အရ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သမ္မတလောင်း ၂ ယောက် အဆိုပြုနိုင်မယ့် အလားအလာ ရှိနေပြီလို့ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်းက အခုလို ပြောပါတယ်။

“ကျနော်လက်ရှိပေါ့လေ၊ လေ့လာစုံစမ်းသုံးသပ်ကြည့်ရသလောက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၈၀ လောက်အထိ အနိုင်ရရှိမယ့် အနေအထားကို တွေ့နေရပါတယ်ခင်ဗျာ။ NLD အနေနဲ့ ဒုတိယ သမ္မတလောင်း ၂ ယောက်ကို ရွေးကောက် တင်မြှောက်နိုင်မယ့် အနေအထား ရှိနေပါတယ်ခင်ဗျာ။”

မဲဆန္ဒနယ် အများစုမှာတော့ မဲတွေ ရေတွက်ပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ ပုံစံ ၁၉ နဲ့ အတည်ပြု လက်မှတ်ရေးထိုးပြီးတဲ့ မဲဆန္ဒနယ်တွေ အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အများစု အနိုင်ရနေတယ် လို့ ပြောဆိုထားပါတယ်။

ဒါပေမယ့် ရှမ်းပြည်နယ်တွင်းက တချို့မြို့နယ်တွေမှာ ကြိုတင်မဲ ကိစ္စ၊ မဲပုံးတွေ ကိစ္စနဲ့ ပတ်သက်ပြီး မရိုးမသားလုပ်ရပ်တွေ အပေါ် စွပ်စွဲမှုတွေ ရှိနေတာကြောင့် မဲရေတွက်ဖို့ နှောင့်နှေးနေသလို ကချင်ပြည်နယ်တွင်းက သွားရေး လာရေး ခက်ခဲတဲ့ ဒေသတွေက မဲရလဒ်တွေ အတွက်လည်း သီတင်းပတ် နဲ့ချီ စောင့်ဆိုင်းရမယ့် အနေအထားမှာ ရှိနေတယ်လို့လည်း သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေက ပြောဆိုထားပါတယ်။

XS
SM
MD
LG