သုံးရလွယ်ကူစေသည့် Link များ

ရန်ကုန်မှာ လျှပ်စစ်ပြတ်တောက်မှုတချို့ ရှိမည်


ဧပြီလ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ပြည်တွင်းမှာ မီးပေးနေတဲ့ ရတနာဓာတ်ငွေ့ ကမ်းလွန်စီမံကိန်း လုပ်ငန်းခွင်အတွင်း ပြုပြင် မွမ်းမံမှုတွေ လုပ်ဆောင်နေတဲ့အတွက် ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား ပေးတဲ့အချိန်တွေ ပိုပြီးတော့ လျော့နည်းပြီး မီးပြတ်တောက်တာတွေ ရှိလာမယ်လို့ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

နွေရာသီ စတင်ကတည်းက စက်မှုဇုန်တွေက စက်ရုံတွေကို လျှပ်စစ်ဓာတ်အားတွေကို အချိန် အကန့်အသတ်နဲ့ မီးပေးနေတာဖြစ်လို့ အခုဆိုရင် တချို့ အအေးခန်းစက်ရုံတွေ ဟာ ပိတ်လိုက်ရတဲ့ အခြေအနေအထိ ဖြစ်နေပြီလို့လည်း အအေးခန်းစက်ရုံ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

ရတနာဓာတ်ငွေ့ ကမ်းလွန်တွင်းတူးစင်ကို အထွေထွေ ပြုပြင်ရေးလုပ်ငန်းတွေ ဧပြီလ ပထမအပတ်နဲ့ ဒုတိယအပတ် အတွင်းမှာ ပြုလုပ်မှာဖြစ်တဲ့အတွက် လက်ရှိ ဖြန့်ဝေနေတဲ့ သဘာ၀ ဓာတ်ငွေ့ထဲကနေ ကုဗပေ ၁၆၅ သန်း လျော့နည်းမှာ ဖြစ်တယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန် ခဲ့တာပါ။

အခုလို သဘာ၀ ဓာတ်ငွေ့တွေ လျှော့ပေးမှာ ဖြစ်တဲ့အတွက် ရန်ကုန်မှာရှိတဲ့ သဘာ၀ ဓာတ်ငွေ့စက်ရုံတွေဖြစ်တဲ့ လှော်ကား၊ ရွာမ၊ အလုံ၊ သာကေတ၊ စက်ရုံတွေကနေ ထုတ်လုပ်ပေးနေတဲ့ လျှပ်စစ်ဓာတ်အား ၃၃၀ မီဂါဝပ်လည်း လျော့နည်းသွားမှာ ဖြစ် တယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဌာနက ဆိုပါတယ်။

လျှပ်စစ်ဓာတ်အားတွေ လျှော့ချမှာ ဖြစ်တဲ့အတွက် ရန်ကုန်မှာလည်း လူနေရပ်ကွက် တချို့နေရာ တွေမှာ အလှည့်ကျပဲ မီးပေးနိုင်တော့မှာ ဖြစ်တယ်လို့လည်း လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာန က ဆိုထားပါတယ်။

ရန်ကုန်မြို့အတွင်းမှာ လျှပ်စစ်ဓာတ်အားတွေ အလှည့်ကျစနစ်နဲ့ ပြတ်တောက်မဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ မီးပေးရေးအဖွဲ့ (YESB) ဥက္ကဌ ဦးအောင်ခိုင် က လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့အတိုင်း ဆောင်ရွက်မှာဖြစ်တယ်လို့ ဗွီအိုအေရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းတွေရှိပါတယ်ခင်ဗျ။ ဝန်ကြီးဌာနကနေ တရားဝင် ဖြေကြားထားတယ်လို့ သိရပါတယ်။ သတင်းစာထဲမှာလည်း သေသေချာချာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်နော်။ လျော့သွားတဲ့အတွက် ဘယ်လို လုပ်ထားပါတယ် ဘာညာဆိုပြီးတော့ပေါ့နော်။”

ရန်ကုန်တိုင်းအတွင်းမှာ လျှပ်စစ်ဓာတ်အားတွေ လျော့မှာဖြစ်သလို၊ တခြား နယ်မြို့တွေ
ဖြစ်တဲ့ သထုံ၊ မော်လမြိုင်၊ ရွှေတောင်၊ မြန်အောင် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတွေမှာလည်း လျှပ်စစ်ဓာတ်အား ၃၃၀ မီဂါဝပ် လျော့နည်းမှာ ဖြစ်တယ်လို့ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသေးတယ်။

လျှပ်စစ်ဓာတ်အားတွေ လျော့နည်းမှာဖြစ်တဲ့အတွက် နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင်စက်ရုံတွေ၊ စက်မှုဇုန်တွေ အကြီးစား စက်မှုလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်းတွေမှာလည်း ဓာတ်အား ဖြတ်တောက်ထားမှာ ဖြစ်တယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ကြေညာ ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နွေရာသီ စဝင်ကတည်းက စက်မှုဇုန်တွေမှာ လျှပ်စစ်ဓာတ်အား တနေ့ကို ၅ နာရီသာပေးတာကြောင့် အခု ဒီလထဲမှာ အအေးခန်းစက်ရုံတွေ ပိတ်လိုက်ရ တာတွေ ရှိနေပြီးတော့ အခုလိုသာ လျှပ်စစ်ဓာတ်အားတွေ ထပ်ဖြတ်တောက်မယ် ဆိုရင် မွေးမြူရေးနဲ့ အအေးခန်း လုပ်ငန်းရှင်တွေ အခက်တွေ့နိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောပါတယ်။

“လျှပ်စစ်မီး လုံလုံလောက်လောက် မရတဲ့ ပြဿနာကြောင့် အခုဆိုရင် မနေ့က အအေးခန်း စက်ရုံတွေဟာ တချို့ ပိတ်ပြီ။ အလုပ်သမားတွေကို တချို့ နားခိုင်းလိုက်တယ်ပေါ့နော်။ တစ်လခွဲ နှစ်လလောက် မီးအပြည့်အစုံ ပြန်မရမချင်း သူတို့ နားမယ်လို့ ပြောတယ်။ အဲ့တော့ မဖြစ်မနေ လည်ပတ်ရမယ့် စက်ရုံတွေလောက်ပဲ လည်မယ်။ အစိုးရိမ်ဆုံးနဲ့ စိတ်အပူဆုံး ကတော့ ရေခဲပေါ့ဗျာ။ အဲ့တော့ ငါးတွေ ပုဇွန်တွေကို ဖမ်းတာပဲဖြစ်ဖြစ်၊ မွေးတာပဲ ဖြစ်ဖြစ်၊ နောက် ကျနော်တို့ ပြုပြင် ထုတ်လုပ်ရေးပဲလုပ်လုပ် ရေခဲက လိုတာပဲလေ။ အဲ့ဒီရေခဲကလည်း လျှပ်စစ်မီး လုံလုံလောက်လောက် မရရင် ရေခဲဈေးကလည်း တက်တာပဲဗျ။ အဲ့တော့ တက်ခဲ့ရင် ဖမ်းဆီးရေးရော၊ မွေးမြူရေးရော၊ ပြုပြင်ထုတ် လုပ်ရေးရော ရေခဲဈေးကြောင့် စရိတ်တွေက တက်သွားပြန်တာပဲဗျ။ အဲ့တော့ လျှပ်စစ်မီး မလုံလောက်လို့ ဖြစ်ပေါ် တဲ့ ပြဿနာတွေက ဥပမာ - ငါး၊ ပုဇွန်ဆိုရင်လည်း ကျနော်တို့ အစာတွေ ကျွေးရမယ့် အခါကျတော့ အစာက စက်ရုံတွေကလည်း လျှပ်စစ်ဓာတ်အားနဲ့ပဲ လည်တယ်ခင်ဗျ။ အဲ့လိုနေရာတွေကလည်း ကိုယ့်မီးစက်နဲ့ကိုယ် လည်ရပြီဆိုတဲ့အခါကျရင် ဈေးတွေ ကလည်း တက်ကုန်တာပဲခင်ဗျ။”

အခုလို စက်မှုဇုန်တွေမှာ မီးပျက်တာ၊ လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေ လျှော့နည်းတာဟာ လုပ်ငန်းရှင်တွေအတွက် အထူးအဆန်းတော့ မဟုတ်တော့ပေမဲ့ အဲ့ဒီကာလကိုရောက်ရင် လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက် ပုံမှန် ကုန်ကျစရိတ်ထက် ၄ ဆ လောက် စိုက်ထုတ် ကျခံရတယ်လို့လည်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင် က ပြောပါတယ်။

“နှစ်စဉ်နှစ်တိုင်းကတော့ ဒီလိုပါပဲ။ အဆန်းတော့မဟုတ်ပါဘူး။ တိုးမပေးနိုင်တာ တခုပါပဲ။ နေ့စဉ် ၅ နာရီပဲ။ ဒီဇယ်နဲ့ပဲ ၄ လလောက် တက်သွားတာပေါ့လေ။ လျှပ်စစ်မီးခ အစိုးရက ၇၅ ဆိုတော့ ၃၀၀ ကျော်လောက် မီးခက တက်သွားတာပေါ့”

လူ ၄ ဦးမှာ တဦးသာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရတဲ့ မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ် အားနဲ့ ပတ်သက်ပြီးတော့ အကူအညီတွေပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် အကြီးအကဲတွေက မြန်မာနိုင်ငံကို ရောက်ရှိစဉ် ပြောဆိုခဲ့ဖူးပါတယ်။

နွေရာသီရောက်တိုင်း လျှပ်စစ်မီး ရဖို့ နှစ်တိုင်း ပြဿနာရှိတဲ့ မြန်မာနိုင်ငံအနေနဲ့ လာမယ့်ကာလတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ လျှပ်စစ်ဓာတ်အားတွေ ရရှိဖို့ လိုအပ်တယ်လို့လည်း ကမ္ဘာ့ဘဏ် အမှုဆောင် အရာရှိချုပ် မစ္စတာဂျင်ယောင်ချိုင်း က မြန်မာနိုင်ငံရောက်ရှိခဲ့စဉ် ဖေဖော်ဝါရီလတုန်းက ထောက်ပြ
ပြောဆိုခဲ့ဖူးပါတယ်။
XS
SM
MD
LG