သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင် စာရင်း ကျေးလက်နဲ့ တောင်တန်းဒေသ စိတ်မဝင်စား


မဲဆန္ဒရှင်စာရင်း ကြည့်ရှု့သူ ပြည်သူများ။
မဲဆန္ဒရှင်စာရင်း ကြည့်ရှု့သူ ပြည်သူများ။

မြန်မာပြည်က တောင်တန်း ဒေသတွေ နဲ့ ကျေးလက် ဒေသ တချို့က ပြည်သူတွေ ဟာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့် ရှုတာ၊ ပြင်ဆင်တာတွေ နည်းပါးသလို လာမယ့် ရွေးကောက်ပွဲ အပေါ်မှာ စိတ်ဝင်စားမှု သိပ် မရှိကြဘူးလို့ ရွေးကောက်ပွဲ အခြေအနေကို စောင့်ကြည့်လေ့လာ သူတွေက ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးပါဝင်ဖို့ဆိုရင် ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေက ပိုမိုကျယ်ပြန့်တဲ့ စည်းရုံးလှုံ့ဆော်တာတွေ လုပ်ဆောင်ဖို့လည်း လိုအပ်မယ်လို့ သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းတွေကို အမှားအယွင်း ရှိခဲ့ရင်ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် တာတွေ ဆောင်ရွက်နိုင်ဖို့ အတွက် ရွေးကောက်ပွဲကော်မရှင် က နေရာဒေသ အတော်များများမှာ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ စတင်ထုတ်ပြန်ခဲ့ပြီး ၂၇ ရက်နေ့ သတ်မှတ်ရက်ကုန်ဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို မဲစာရင်းတွေ ထုတ်ပြန်ခဲ့ပေမဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတောင်တန်းဒေသ က ပြည်သူတွေဟာလာရောက်ကြည့်ရှုတာ၊ ပြင်ဆင်တာတွေ သိပ်မရှိဘူးလို့ လားဟူ အရပ်ဖက် လူမှုအဖွဲ့အစည်းက တာဝန်ခံ ကြာယေရှဲက ပြောပါတယ်။

“အိမ်ခြေ ၂၀၀ ကျော်ရှိတယ်။ ၁၀ အိမ်ထောင်ပဲသွားကြည့်တယ်။ သူတို့ နာမည်မပါ လည်း သူတို့မသိဘူး။ ပါမပါလည်း စိတ်မဝင်စားဘူး။ သူတို့အဓိကက စိတ်မပါလို့ အေးအေးဆေးဆေးနေနေတယ်။ ဘယ်ပါတီ တက်တက် သူတို့အတွက် အရေးမဟုတ်ဘူးပေါ့။ အဲလိုပဲ ခံယူထားတယ်။”

ကျိုင်းတုံမြို့နယ်က တောင်ပေါ်ဒေသတွေမှာတော့ ရွေးကောက်ပွဲအတွက် လာရောက် ပညာပေးလှုံ့ဆော်တာတွေ မရှိသလို နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတာလည်း အခုချိန်ထိ မရှိသေးဘူးလို့ ပြောပါတယ်။

ကချင်ပြည်နယ် ဖက်ကအခြေအနေကိုတော့ ကချင်လူမှုဖွံဖြိုးရေး ကွန်ယက်အဖွဲ့က ကိုဆာဂျီးက အခုလို ပြောပါတယ်။

“လာကြည့်တဲ့လူလည်းရှိပါတယ်။ မဲကိုစိတ်ဝင်စားလို့ ၊ ဒါ မဲတစ်ပြားက အရေးကြီးတယ် ဆိုပြီးလာကြည့်တယ်။ ဒါပေမယ့် လက်ရှိလုပ်နေတဲ့ဟာတော့ ၂ ခေါက်၊ ၃ ခေါက် သွားပြင်လို့မရတဲ့ အခြေအနေမှာ တော်တော် ကို ဒေါသထွက်ပြီးတော့ ပြန်တဲ့ လူလည်းရှိတာပေါ့နော်။ တချို့က ဒီနိုင်ငံရေးပါတီကို လုံးဝစိတ်မဝင်စားတဲ့ အဖွဲ့လည်းရှိတယ်။ အပြင်ဘက်ကို ဘယ်သူ့ကိုပဲ ထည့်ထည့်ပေါ့ကွာ။ ဘာမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြောင်းလဲနိုင်မှ မဟုတ်ဘူးလို့ ၊ ပြီးတော့ ကချင်ပြည်နယ်အတွက်လည်း ဘာမှ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုပြီးတော့ ၊ ဘယ်သူပဲတက်တက် အလကားပဲ ဆိုတဲ့ တဖွဲ့ရှိတာပေါ့နော်။ တချို့က တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာ နိုင်ငံရေးပါတီ တွေက တခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘာမှ ဂရုမစိုက်ဘူးပေါ့။ ကိုယ့်ပါတီအနိုင်ရဖို့အတွက် မဲဆွယ်နေကြတာလေ။”

ကချင်ပြည်နယ်က ဘာသာရေးအသင်းအဖွဲ့ကြီးတခုကဆိုရင် လာမယ့်ရွေးကောက်ပွဲ ကို စိတ်မဝင်စားကြောင်းနဲ့ တိုင်းပြည်အတွက် အမှန်တကယ်အကျိုး ရှိမရှိကို သေချာချင့်ချိန်ပြီးဆောင်ရွက်ကြဖို့ ကြေညာချက်ထုတ်ပြန်ထားတာလည်း ရှိကြောင်း ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ဖက်က အခြေအနေကိုတော့ ဒေသခံ စောင့်ကြည့်လေ့လာသူ တဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီ ကျောက်ပန်းတောင်းမြို့နယ် ပုပါးနယ်ခွဲ(၂) လှိုင်သာကျေးရွာ အုပ်စုတွေမှာတော့ မဲစာရင်းက ဒီလိုဗျာ။ အိမ်ထောင်စုလိုက်ကြီးကျန်တာပေါ့။ တချို့ကျန်တဲ့အိမ်ထောင်စုကလည်း မဲပေးဖို့ စိတ်မဝင်စားကြဘူးပေါ့။ သွားပြီးတော့ မပြင်ကြဘူးပေါ့နော်။ တချို့ကျတော့လည်း သွားပြင်တယ်၊ ရပ်ကျေး ကော်မရှင်တွေကို သွားတဲ့လာတဲ့ စာရိတ်တို့ ၊ နေ့စားလိုဟာမျိုးတွေ လောက်အောင် မပေးတဲ့ အတွက်ကြောင့် အားကြိုးမာန်တက် လုပ်ပေးတာမျိုးမရှိဘူးပေါ့။ တချို့ကျတော့လည်း မဲစာရင်းထဲမှာမပါဘူး။ မင်းတို့အိမ်ထောင်စုတွေ ငါတို့လုပ်ပေးမယ်ဆိုတာတောင်မှ မဲမထည့်ချင်ဘူး။အရှုပ်မခံချင်ဘူး ဆိုတဲ့ပုံစံမျိုးနဲ့ မပေးတဲ့အိမ်ထောင်စုတွေ ရှိတယ်ခင်ဗျာ။ ငါတို့ မဲပေးပေး၊ မပေးပေး ဘယ်သူတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့ ခင်ဗျာ။”

မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲစောင့်ကြည့်ရေးကွန်ယက်အဖွဲ့ က ဦးညီညီကျော် ကတော့ နိုင်ငံပိုင်မီဒီယာတွေကနေ စည်းရုံးလှုံဆော်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“တကယ်တမ်းက တာဝန်အရှိဆုံးက ရွေးကောက်ပွဲကော်မရှင်ဖြစ် တယ်။ နိုင်ငံတော် အဆင့် လုပ်တဲ့အပိုင်းမှာ အဓိက ကတော့ နိုင်ငံတော်ပိုင် မီဒီယာများ ကနေပြီးတော့ ပြည်သူတွေ သိအောင်ပညာပေးနေဖို့ စည်းရုံးလုံ့ဆော်နေဖို့က အဓိကကျတယ်။ ဘာကြောင့်လဲဆိုတော့ ပါတီတွေရဲ့ရပ်တည်မှုမှာလည်း အင်အားတောင့်တင်းတဲ့ အနေအထားမရှိဘူး။ ရပ်ကွက်အဖွဲ့အစည်းများ ဆိုတာလည်း နှစ်ရှည်လများ တော်တော်ကို ကြိုးစားရုန်းကန်နေရတဲ့ အနေအထားမှာ ရှိနေတယ်။ ဒါကြောင့်မို့လို့ ဒီကြားထဲက အချိန်ကာလအတွင်းမှာ နိုင်ငံပိုင် မီဒီယာကနေပြီးတော့ လုပ်ဆောင်ပေးဖို့လို တယ်။ နောက်တခါ ကော်မရှင်တွေ အနေနဲ့ကတော့ ဒေသအတွင်းပေ့ါနော် ၊ ဖြစ်နိုင်တဲ့နည်းလမ်းနဲ့ ဥပမာ ကျေးရွာငယ်လေးတွေမှာ ရွေ့ရှားပြီးပြသပေးရင်တော့ ပိုကောင်းမယ်လို့ ထင်တယ်။”

ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးတဲ့အပေါ် စိုးရိမ်ကြောင်းလည်း ဦးညီညီကျော်က ဆက်ပြောပါတယ်။

“တကယ်တမ်း မဲပေးရာခိုင်နှုန်း နည်းသွားရုံလောက်နဲ့ ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် အဲဒီအပေါ်မှာ အလွဲအမှားတွေဖြစ်လာနိုင်တာမျိုးကိုတော့ စိုးရိမ်ပါတယ်။ ဆိုလိုတာက စိတ်မဝင်စားတဲ့လူတွေအပေါ်မှာ အမြတ် ထုတ်သွားမှာကို ကျနော်တို့ စိုးရိမ်တယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ အထွေထွေရွေးကောက်ပွဲအောင်မြင် ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်နဲ့အတူ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ နဲ့ ပြည်သူတွေပါ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ လာမယ့် ရွေးကောက်ပွဲ ဟာ မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းအတွက် အရေးပါတဲ့ ရွေးကောက်ပွဲ တခုအဖြစ်လည်း သုံးသပ်ထားကြပါတယ်။

XS
SM
MD
LG