သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံလို ညီလာခံခေါ်ယူဖို့ တိုင်းရင်းသားတွေ တိုက်တွန်း


တိုင်းရင်းသား လူမျိုးများ ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပနေစဉ်။ (စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂)
တိုင်းရင်းသား လူမျိုးများ ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပနေစဉ်။ (စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂)
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပပြီး ဆွေးနွေးအဖြေရှာမယ် ဆိုရင် ညီလာခံ ဖြစ်မြောက်ရေး အတွက် ညှိနှိုင်းစဉ်ကာလတည်းက တိုင်းရင်းသား လူမျိုးစုတွေ ပါဝင်ခွင့်ရဖို့ လိုအပ်ကြောင်း တိုင်းရင်းသားလူမျိုးများ ညီလာခံအပြီးမှာ ထုတ်ပြန် လိုက်ပါတယ်။ တနင်္ဂနွေနေ့ ညနေပိုင်းက ပြီးဆုံးသွားတဲ့ တိုင်းရင်းသားလူမျိုးများ ညီလာခံက နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ် ၆ ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်သမ္မတ က ထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းစဉ် ၈ ချက်မှာ သဘောမတူညီတဲ့ အချက်တွေ ပါဝင်တာကြောင့်လို့ ဆိုပါတယ်။ ဒီသတင်းအပြည့် အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လူမျိုးများ ညီလာခံကို ပြည်တွင်းက တိုင်းရင်းသားပါတီ တချို့နဲ့ နယ်စပ်ဒေသ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၉ ဖွဲ့က ကိုယ်စားလှယ် စုစုပေါင်း ၁၃၀ လောက် တက်ရောက်ခဲ့ပြီးတဲ့နောက် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာပြည်က နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာမယ့် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပမယ်ဆိုရင် သူတို့လိုလားတဲ့ အချက်တွေကို ညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲချုပ် ဥက္ကဋ္ဌ ဦးခွန်ဥက္ကာက အခုလို ပြောပါတယ်။

“ပင်လုံကဲ့သို့ ညီလာခံမျိုး လုပ်ဖို့ ကျနော်တို့ဘက်မှာလည်း မူအားဖြင့်တော့ ပြင်ဆင်မှု ရှိတယ်။ အထူးသဖြင့်တော့ အဲလို ညီလာခံမျိုး စလုပ်မယ်ဆိုပြီးတော့ အကြို ညှိနှိုင်းပွဲ စလုပ်ကတည်းက ကျနော်တို့ ပါဝင်ဖို့ လိုတယ်။ အစိုးရဘက်က၊ နောက် ငြိမ်းချမ်းရေး ကော်မတီဘက်က လူနဲ့ပဲ လုပ်ထားပြီးတော့မှ မင်းတို့လာလို့ ခေါ်တာကတော့ မကောင်းဘူး။ မလုပ်သင့်ဘူး။ ဒါကြောင့် အကြိုညှိနှိုင်းပွဲ အဆင့်ဆင့် လုပ်သွားပြီးတော့မှ နောက်ဆုံး အဲဒီလို ညီလာခံမျိုး ကျင်းပရေး ကော်မတီအထိ ပါဝင်ချင်တယ်။ သူတို့က လူတွေ ရွေးထားပြီးတော့ ထိုင်၊ မင်းတို့လာထိုင် ဆိုရင် ဟိုအရင် လုပ်ခဲ့တဲ့ ညောင်နှစ်ပင်ညီလာခံ ပုံစံမျိုးကိုတော့ လက်ခံမှာ မဟုတ်ဘူး။”

ဒီလိုညီလာခံ ကျင်းပမယ်ဆိုရင် အစိုးရ၊ စစ်တပ်၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသား အင်အားစုတွေ အားလုံး ပါဝင်ပြီး ပြည်ထောင်စု တရပ်လုံးက သဘောတူညီမှုရတဲ့အထိ ဆွေးနွေးဖို့ကို လိုလားတယ်လို့ ပြောပါတယ်။ ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေး လုပ်ငန်းစဉ် ၆ ချက်ကိုလည်း ထည့်သွင်း ဆွေးနွေးဖို့အတွက် တိုင်းရင်းသား လူမျိုးများ ညီလာခံက ချမှတ်ခဲ့ပါတယ်။ ဒီအချက်တွေကို ချမှတ်တာကတော့ နိုင်ငံတော် သမ္မတက ထုတ်ပြန် ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး လုပ်ငန်းစဉ် ၈ ချက်မှာ သဘောမတူညီတဲ့ အချက်တွေ ပါဝင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုမြန်မာပြည်မှာ ငြိမ်းချမ်းရေး လိုတယ်။ တိုင်းရင်းသားတွေ ကလည်း အဓိက လိုချင်တယ်။ ငြိမ်းချမ်းရေးကို ချဉ်းကပ်တဲ့ အခါကျတော့ သမ္မတကြီး ဦးသိန်းစိန်က ပြည်နယ်အဆင့်မှာ အချက် ၄ ချက်၊ ၅ ချက် သတ်မှတ်ပေးတယ်။ ပြည်ထောင်စုအဆင့်နဲ့ နိုင်ငံရေး ဆွေးနွေးမယ်ဆိုရင် ၈ ချက် သတ်မှတ်ပေးတယ်။ ဒီအချက် ၈ ချက်က ကျနော်တို့ဘက်က ကြည့်ရင် ကျနော်တို့နဲ့ တိုင်ပင် ဆွေးနွေးတာလည်း မပါဘူး။ နောက် အထက်ကနေ အောက်ကို ချပေးတဲ့ ကိစ္စဖြစ်နေတော့ ကျနော်တို့ လိုလားချက်နဲ့ တူညီမှုမရှိတာ တွေ့ရတယ်။ အဲဒီ ၈ ချက်အတိုင်း ကျနော်တို့က လိုက်နာလုပ်ဆောင်လို့ မဖြစ်ဘူး။ ညှိနှိုင်းဖို့လိုတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ လမ်းပြမြေပုံပဲ ခေါ်ခေါ်ပေါ့။ အစီအစဉ် agenda ပဲခေါ်ခေါ်ပေါ့။ ၆ ချက်။ အဲဒါကို ပြန်ပြင်ဆင်ပြီးတော့ ကျနော်တို့မှာလည်း ၆ ချက်ရှိပါတယ် ခင်ဗျား။ သမ္မတကြီး ၈ ချက်ကိုလည်း ကျနော်တို့ ဆွေးနွေးမယ်။ ကျနော်တို့ ၆ ချက်ကိုလည်း သမ္မတကြီး ဆွေးနွေးပါ။ အပြန်အလှန် ဒီအစီအစဉ် ၂ ခုကို ညှိတာနဲ့၊ agenda ညှိတာနဲ့ ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲရဲ့ အစပျိုးတဲ့ ခြေလှမ်းဖြစ်သွားမယ် ဆိုပြီးတော့ ဒီညီလာခံကနေပြီးတော့ ညွှန်ကြားတာပေါ့ဗျာ။ အဲဒါကို ကျနော်တို့က ဆက်လုပ်ဖို့ ရှိပါတယ်။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမယ့် အချက် ၈ ချက်မှာ လက်နက်ကိုင်အဖွဲ့တွေက ပါတီထူထောင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရေးနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင် လိုပါက လွှတ်တော်ထဲကို ဝင်ရောက်ပြီး အများဆန္ဒနဲ့ ဆောင်ရွက်ရေး ဆိုတာနဲ့ ဖွဲ့စည်းပုံနဲ့အညီ တခုတည်းသော လက်နက်ကိုင်အဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး ဆိုတဲ့ အချက်တွေဟာ သဘောမတူနိုင်တဲ့ အချက်တွေဖြစ်တယ် လို့ ဆိုပါတယ်။

တိုင်းရင်းသားညီလာခံက ချမှတ်တဲ့ အချက် ၆ ချက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေ၊ အမျိုးသမီးနဲ့ လူငယ်စတဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးပြီး နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ချမှတ်ဖို့၊ ချမှတ်တဲ့ အချက်တွေကို အစိုးရကိုယ်စားလှယ်များနဲ့ ဆွေးနွေးဖို့၊ ဒီမူဘောင် သဘောထားတွေကို ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ရှင်းလင်း ညှိနှိုင်း သဘောထား ရယူသွားဖို့နဲ့ နောက်မှာ ပင်လုံလို ညီလာခံကြီးတရပ် ခေါ်ယူသွားဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

တိုင်းရင်းသားလူမျိုးညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း ကတော့ ညီလာခံရဲ့ လုပ်ငန်းစဉ် ၆ ချက်ကို ပြည်တွင်းမှာ ရှင်းလင်းတင်ပြနိုင်ဖို့အတွက် အစိုးရနဲ့ နားလည်မှုရဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“အခု ကျမတို့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ အစိုးရနဲ့ တစုံတရာ နားလည်မှုရအောင်လို့ ကြိုတင်ပြီးတော့ လုပ်ရမယ်။ ဒီနားလည်မှု ရလာတဲ့အခါမှာ ကျမတို့တတွေကို ပြည်တွင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ရအောင်လည်း ခွင့်ပြုရမှာပေါ့။ အဲလို ခွင့်ပြုချက်တွေ ရလာလို့ရှိရင် တရားမဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ဆောင်ရွက်တယ် ဆိုတဲ့ အပေါ်မှာ ပြည်သူလူထုတွေ အနှောက်အယှက် ဖြစ်စေတာမျိုး မဖြစ်ရအောင် ဆိုတဲ့အချက်တွေလည်း ကျမတို့တွေက ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးရမယ့် အချက်တွေ ရှိပါတယ်။ ပြီးပြီးမှပဲ ကျမတို့တွေက ပြည်တွင်းထဲမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးရလိမ့်မယ်လို့ လုပ်နိုင်လိမ့်မယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။ ဒီညီလာခံကလည်း အဲလိုပဲ သုံးသပ်ပါတယ်။”

ပင်လုံလို တိုင်းရင်းသားအင်အားစုတွေ နိုင်ငံရေး အင်အားစုတွေ ပါဝင်တဲ့ ညီလာခံကြီးကိုတော့ ၃ နှစ်လောက် အချိန်ယူ ပြင်ဆင်ဖို့ လိုကောင်းလိုမယ် လို့လည်း ဦးခွန်ဥက္ကာက ခန့်မှန်းထားပါတယ်။
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ၊ လက်ရှိသမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ကလည်း မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့အတွက် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပဖို့ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးစဉ်မှာ ပြောဆို ထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG