သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Loose စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ချောင်သော၊ လွတ်နေသော (loose) လို့ အဓိပ္ပါယ်ရတဲ့ အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ Loose cannon, Play fast and loose နဲ့ Have a screw loose တို့ကို တင်ပြထားပါတယ်။

Loose Cannon

Loose (ချောင်နေသော) Cannon (အမြောက်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ချောင်နေသော အမြောက် ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက် လာတာကတော့ သင်္ဘောလောက ကဖြစ်ပါတယ်။ ရှေးတုန်းက စစ်သင်္ဘောကြီးတွေမှာ အမြောက်တွေကို သယ်ဆောင်လေ့ ရှိရာမှာ အမြောက်ကြီးတွေကို ကုန်းပတ်ပေါ်မှာ သံကြိုးနဲ့ ချည်နှောင်မထားရင် လှိုင်းကြီးတဲ့အခါမှာ ကုန်းပတ်ရဲ့ ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်ကို လိမ့်မှာဖြစ်ပါတယ်။ ဘီးနှစ်ဘီးရှိတဲ့ အမြောက်ကြီးဟာ လေးကလည်း လေးလံတဲ့ အတွက်ကြောင့် ဟိုဘက်ဒီဘက် လိမ့်တဲ့နေရာမှာ သင်္ဘောသားတွေကို အန္တရာယ်ပေးနိုင်ပါတယ်။ သင်္ဘောသားတွေအနေနဲ့ ထိခိုက်မယ်ဆိုရင် အတော်လေး မသက်သာတဲ့အပြင် အန္တရာယ်ရှိနိုင်ပါတယ်။

ဒီအသုံး ဆင်းသက်လာတဲ့ အီဒီယံအဓိပ္ပါယ်ကလဲ ဒီသဘောအတိုင်းပါပဲ။ အီဒီယံအဓိပ္ပါယ်က လူတဦးကို ထိန်းမထားနိုင်ဘူးဆိုရင် အဲဒီလူက အာချောင်တယ်၊ လုပ်ချင်တာ လုပ်နိုင်တဲ့လူမျိုး ဖြစ်တဲ့အတွက်ကြောင့် အန္တရာယ်ဖြစ်နိုင်တာကို ဆိုလိုပါတယ်။ လွှတ်ပေးလို့ မရနိုင်တဲ့ပုဂ္ဂိုလ်မျိုး၊ ထိန်းထားဖို့လိုတဲ့ ပုဂ္ဂိုလ်မျိုး၊ အာချောင်လို့ သူလုပ်တာနဲ့ အများဒုက္ခရောက်ရတဲ့ လူမျိုးကို အီဒီယံအသုံးအရ loose cannon ရယ်လို့ ရည်ညွှန်းသုံးနိုင်ပါတယ်။

ဥပမာ

John is known as a loose cannon. So, his co-workers are very careful with what they say in the office.

John ကို အာချောင်တဲ့လူရယ်လို့ လူသိများကြတယ်။ ဒါကြောင့် သူ့လုပ်ဖော်ကိုင်ဖက်တွေက ရုံးမှာ စကားပြောရင် သိပ်ကိုသတိထား ပြောကြရတယ်။

Play (ကစားသည်၊ ပြုလုပ်သည်) Fast (ဒီနေရာမှာ သာမန်အားဖြင့် မြန်တယ်လို့ အဓိပ္ပါယ်ရပေမယ့် နောက်အဓိပ္ပါယ်တမျိုးဖြစ်တဲ့ တွယ်ကပ်နေသောဆိုတဲ့ အဓိပ္ပါယ်ကို ယူထားတာ ဖြစ်ပါတယ်) And (နှင့်) Loose (ချောင်နေသော) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကပ်လိုက်ခွါလိုက် ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ ရှေးတုန်းက fast and loose ဆိုတဲ့ လောင်းကစားနည်းက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒီလောင်းကစားနည်းကတော့ ခွေထားတဲ့ခါးပတ်ကြိုးကို တုတ်နဲ့ထိုး ဖြေရာကနေ ဒိုင်က အမြဲပဲ ညစ်ထားတဲ့အတွက်ကြောင့် လောင်းသူက အမြဲရှုံး ဒိုင်က အမြဲနိုင်တဲ့နည်း ဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပဲ။ တနည်းအားဖြင့်တော့ ကပ်လိုက်ခွါလိုက် အဓိပ္ပါယ်အတိုင်းပဲ သတ်သတ်မှတ်မှတ် မရှိတာဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ စနစ်မကျတာ၊ လုပ်ချင်ရာလုပ်တဲ့ သဘောမျိုးလည်း ဆိုနိုင်ပါတယ်။ သတ်သတ်မှတ်မှတ် မရှိတာ၊ ကတိမတည်တာ၊ စိတ်မချရတာ၊ ညစ်နိုင်တာ၊ ခပ်ပေါ့ပေါ့လုပ်တာ၊ လွယ်လွယ်နဲ့လုပ်တာ၊ စနစ်တကျမလုပ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ကောင်းအောင်ကြည့်လုပ်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

ဥပမာ

The broker played fast and loose with the buyer of the home. At first, he quoted a price too good to be true. Now, he’s saying the owner is not selling.

ပွဲစားက အိမ်ဝယ်သူကို လူလည်လုပ်တယ်။ ပထမပိုင်းတုန်းက ယုံနိုင်စရာမရှိလောက်အောင်တန်တဲ့ ဈေးပြောထားခဲ့ပြီး အခုတော့ အိမ်ရှင်က (ဒီဈေးနဲ့) မရောင်းတော့ဘူးလို့ သူကပြောနေတယ်။

Have a screw loose

Have (ဖြစ်တာ၊ ရှိနေတာ) A (တခု) Screw (ဝက်အူ) Loose (ချောင်သော) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဝက်အူတခု ချောင်နေတာပေါ့။ မြန်မာမှာလည်း ဝက်အူတခု ချောင်နေတယ်ဆိုတဲ့အသုံးရှိပါတယ်။ ဒါကြောင့်လည်း အီဒီယံအဓိပ္ပါယ်ကလည်း ရှည်ရှည်ဝေးဝေး ရှင်းပြစရာ လိုမယ်မထင်ပါဘူး။ ပစ္စည်းတခုခုမှာ ဝက်အူချောင်နေတယ်ဆိုရင် အဲဒီပစ္စည်းဟာ သာမန်အားဖြင့် အသုံးတည့်ဖို့ မလွယ်ပါဘူး။ အလားတူပဲ လူတဦးအနေနဲ့ စိတ်မှာတခုခု ဖြစ်နေတယ်ဆိုရင် စိတ်မမှန်တာကို ဆိုလိုပါတယ်။ ကျမတို့ ဗမာဘန်းစကားမှာ ဘရောင်ချိန်းတယ်၊ ဘရိန်းချောင်နေတယ် ဆိုတဲ့သဘောမျိုးလို ဖြစ်ပါတယ်။

ဥပမာ

Her neighbors think Mary has a screw loose. They always see her talking to herself.

Mary ဟာ စိတ်မမှန်ဘူးလို့ အိမ်နီးနားချင်းတွေက ထင်ကြတယ်။ သူတယောက်ထဲ စကားပြောပြောနေတာကို သူတို့အမြဲ တွေ့နေလို့ဖြစ်တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Idioms အသုံးအနှုန်းတွေက Loose cannon, Play fast and loose နဲ့ Have a screw loose တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG