သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Shape စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ပုံသဏ္ဍာန် (Shape) ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ in bad shape, in good shape, out of shape နဲ့ back into shape တို့ကို တင်ပြပေးထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ in bad shape ဖြစ်ပါတယ်။ In က အထဲမှာ ရှိနေတာ၊ ဖြစ်နေတာ။ Bad = ဆိုးတာ။ Shape = ပုံပန်းသဏ္ဍာန်၊ ပုံစံ တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဆိုးနေတဲ့ ပုံစံ ဒါမှမဟုတ် ဆိုးနေတဲ့ ပုံပန်းသဏ္ဍာန် ဖြစ်ပါတယ်။ လူတဦးအနေနဲ့ ကျန်းမာရေးအခြေအနေ သိပ်မကောင်းလှဘူး၊ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်။ လူပုံပန်းကြည့်ရတာလည်း သိပ်မဟန်ဘူး၊ ပုံပျက်ပန်းပျက် ဖြစ်နေတယ်ဆိုရင် ဒီ အီဒီယံကို ရည်ညွှန်းသုံးစွဲနိုင်ပါတယ်။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။

John is in a real bad shape. He is a hundred pounds overweight. So, he needs to exercise and watch his diet.

John ကတော့ တကယ့်ကိုပဲ ပုံပျက်ပန်းပျက် ဖြစ်နေပြီ။ သူက ရှိသင့်ထားတာထက်ပိုပြီး ပေါင်တရာကျော် လေးနေတယ်။ သူ လေ့ကျင့်ခန်းယူပြီး နေ့စဉ်စားနေတဲ့ အစားအစာကိုလည်း ဆင်ဆင်ခြင်ခြင် ကြည့်ပြီးစားသင့်ပြီ။

In bad shape ကို သက်ရှိနဲ့သာမက စီးပွားရေး၊ နိုင်ငံရေး စတဲ့ အခြေအနေတွေနဲ့လည်းတွဲပြီး သုံးလို့ရပါတယ်။ စီးပွားရေး အခြေအနေ မဟန်ဘူးဆိုရင် စီးပွားရေးက in bad shape ပေါ့။ In bad shape က အခြေအနေမဟန်တာဆိုရင်၊ အခြေအနေကောင်းတယ်၊ ဟန်တယ်ဆိုရင် ဘယ်လို အီဒီယံကို သုံးစွဲပြောဆိုမလဲ။

In good shape ဆိုတဲ့ အီဒီယံနဲ့ ရည်ညွှန်းပြောဆိုနိုင်ပါတယ်။ စာလုံးပေါင်းက In က အထဲမှာ။ Good က ကောင်းတာ။ Shape = ပုံပန်းသဏ္ဍာန် ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကောင်းသော ပုံပန်းသဏ္ဍာန် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ဆင်တူပါတယ်။ အခြေအနေဟန်တယ်၊ ကောင်းတယ်။ လူဆိုရင်လည်း ကြည့်ရမြင်ရတာ ကျန်းမာနေတယ်။ ကြည့်လို့ရှုလို့ကောင်းတယ်ဆိုရင် ဒီ အီဒီယံကို ရည်ညွှန်းသုံးစွဲနိုင်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ အိုကေ (okay) စိုပြေ ပြနေတာပေါ့ရှင်။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။

Joe is sixty years old, but he is in good shape as he exercises it regularly and watches it what he eats.

Joe က အသက် (၆၀) ရှိနေပြီ။ ဒါပေမဲ့လို့ သူက သန်သန်မာမာပါပဲ။ လေ့ကျင့်ခန်း မှန်မှန်လုပ်တယ်။ သူစားတဲ့ အစားအစာကိုလည်း ဂရုစိုက် ကြည့်စားတယ်။

တတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ out of shape ဖြစ်ပါတယ်။ စာလုံးပေါင်းက Out က အပြင်ဖက်လို့ လုံးကောက်အဓိပ္ပါယ်ရပေမယ့် of (proposition) ဝိဘတ်နဲ့ တွဲသုံးထားတဲ့ out of က အပြင်ကိုရောက်နေတယ် ဖြစ်ပြီး၊ Shape က ပုံပန်းသဏ္ဍာန် ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပုံပန်းသဏ္ဍာန် အပြင်ကို ရောက်နေတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ လူဆိုရင် ရှိသင့်တဲ့ ပုံပန်းသဏ္ဍာန်အတိုင်း မရှိတာ၊ ပုံပျက်နေတာ၊ အဝလွန်တာ၊ ကျန်းမာရေးအရဆိုရင်လည်း ကိုယ့်အသက်အရွယ်အလိုက် ကျန်းမာရေး ကောင်းသင့်သလောက် မကောင်းတာ၊ အခြေအနေ မဟန်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ စောစောက တင်ပြပေးခဲ့တဲ့ in bad shape အီဒီယံအသုံးအနှုန်းနဲ့ ဆင်တူတယ်လို့လည်း ဆိုနိုင်ပါတယ်။ ကျမတို့တတွေ အသက်တွေရလာပြီဆိုရင် ပြောလေ့ရှိတာကတော့ လှေကားထစ်တွေ မတက်နိုင်တော့ဘူး။ တက်ပြီးလို့ အပေါ်ရောက်ချိန်မှာ ဟောဟဲဟောဟဲနဲ့ မောနေတာပဲ။ အရင်ကလို မလုပ်နိုင်တော့ဘူးဆိုရင် I am out of shape လို့ ရည်ညွှန်းပြောဆိုနိုင်ပါတယ်။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။

Although John is still young, he seems out of shape. He cannot run very fast.

John က အသက်ငယ်သေးပေမယ့်လည်း သူက ပုံပျက်ပန်းပျက် ဖြစ်နေလေပြီ။ သူရှိသင့်တဲ့ ကျန်းမာရေးနဲ့ မညီတော့ဘူး။ သူ မြန်မြန် မပြေးနိုင်တော့ဘူး။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ back into shape ဖြစ်ပါတယ်။ Back က ပြန်ဖြစ်တာ။ Into = အထဲသို့ လို့ လုံးကောက်အဓိပ္ပါယ်ရပြီး back ကို into ဝိဘတ် (proposition) နဲ့ တွဲသုံးထားတဲ့ back into က နေရာရင်းကို ပြန်ရောက်တာ။ Shape က ပုံပန်းသဏ္ဍာန် ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မူရင်း ပုံပန်းသဏ္ဍာန်ကို ပြန်ရောက်တယ့်သဘောမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာမှာလည်း အီဒီယံအဓိပ္ပါယ်က တိုက်ရိုက်အဓိပ္ပါယ်နဲ့ သိပ်မကွာလှပါဘူး။ ကျန်းမာရေး ပြန်ကောင်းလာတာ၊ အခြေအနေ ပြန်ဟန်ကျလာတာ။ လူပုံပန်းသဏ္ဍာန်ဆိုရင်လည်း ပြန်ပြီး ကြည့်လို့ကောင်းလာတာမျိုး၊ အချိုးကျတာမျိုးကို ဆိုလိုပါတယ်။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။

If you want to play on our football team, you have to first get yourself back into shape. You need to lose at least ten pounds.

ခင်များ ကျနော်တို့ ဘောလုံးအသင်းမှာ ဝင်ပြီး ကစားချင်တယ်ဆိုရင်တော့ ပထမဦးဆုံး ခင်များ ကျန်းမာရေး ပြန်ကောင်းအောင်လုပ်ဖို့ လိုတယ်။ ကိုယ်အလေးချိန် ပေါင် အနည်းဆုံး (၁၀) ပေါင် ချဖို့လိုတယ်။
XS
SM
MD
LG