သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wood စကားလုံး အီဒီယံ အသုံးအနှုန်းများ


ဒီသတင်းပတ် English American Style Idioms ကဏ္ဍမှာ သစ်သားလို့ အဓိပ္ပာယ်ရတဲ့ Wood ကို အခြေခံတဲ့ အီဒီယံ အသုံးအနှုန်းတွေဖြစ်တဲ့ Knock on wood (Touch wood), Dead wood, Not out of the woods နဲ့ Can’t see the wood (forest) for the trees တို့ကို တင်ပြထားပါတယ်။
Knock on wood
Knock (ခေါက်တာ)၊ On (အပေါ်မှာ)၊ Wood (သစ်သား) တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပာယ်က သစ်သားပေါ်ကို ခေါက်သည် ဖြစ်ပါတယ်။ ဒီအသုံးက အယူသည်းမှုကနေ ဆင်းသက်လာတယ်လို့ ဆိုရမှာပါ။ ဒီအသုံးကရှေးအခါက အိုင်ယာလန် (Ireland) ရဲ့ ထုံးတမ်းအစဉ်အလာတရပ်က သစ်ပင်တွေမှာ နတ်စောင့်တယ်၊ အစောင့်ရှိတယ်လို့ ယုံကြည်ပြီး ကံဆိုးတာကို ကာကွယ်နိုင်အောင်၊ ဒါမှမဟုတ် ကံကောင်းစေဖို့အတွက် သစ်သားကို လက်ဆစ်နဲ့ခေါက်ပြီးတော့ တချိန်တည်းမှာ ပါးစပ်ကနေ ကံကောင်းပါစေလို့ ပြောတဲ့အလေ့အကျင့်ကနေ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။
အမေရိကန်မှာတော့ Knock on wood သုံးပြီး ဗြိတိန်မှာတော့ Touch wood လို့ သုံးပါတယ်။ ဆိုလိုတာက သစ်သားကိုလက်နဲ့ထိပြီး ဆိုးတဲ့ကံပျောက်ပြီး ကောင်းတဲ့ကံ ရောက်စေဖို့၊ ကျမတို့မြန်မာမှာတော့ ယတြာသဘော ပြုလုပ်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
နောက် အယူအဆတခုကတော့ ခရစ်တော်ယေရှုရဲ့ လက်ဝါးကပ်တိုင်ကို သစ်သားနဲ့ ပြုလုပ်ထားတာကြောင့် သစ်သားကိုထိရင်၊ ခေါက်ရင်ကံကောင်းတယ်ဆိုတဲ့ အယူအဆကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ တခါတရံလည်း ကံကောင်းနေတဲ့ လူတစ်ဦးက ဆက်ပြီးကံကောင်းပါစေလို့ ဆုတောင်းရာမှာ ကာယကံရှင်က Touch wood ဒါမှမဟုတ် Knock on wood လို့ နှုတ်ကရွတ်ပြီး တချိန်တည်းမှာ သစ်သားကို လက်ဆစ်နဲ့ ခေါက်တာ၊ သစ်သားကို လက်နဲ့ထိတာ၊ ပုတ်ပြီး ပြောတာကနေ ဒီအသုံး ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပာယ်က ကိုယ့်အတွက် ကံကောင်းပါစေ၊ ကံဆိုးတာတွေ မဖြစ်ပါစေနဲ့ လို့ ရည်ညွှန်းတာ ဖြစ်ပါတယ်။
ဥပမာ
Our company’s facing hard times. I am knocking on wood so that I won’t lose my job.
ကျနော်တို့ ကုမ္ပဏီက အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတော့ ကျနော်လည်း အလုပ်မပြုတ်ပါစေနဲ့လို့ ကံကောင်းဖို့ ဆုတောင်းနေရတယ်။
Dead Wood
Dead (သေတာ ၊ အသက်မရှိတာ) လို့ သာမန်အားဖြင့် အဓိပ္ပာယ်ရပေမယ့် Wood (သစ်သား) နှင့်တွဲသုံးရင်တော့ Dead wood ကတော့ သစ်ဆွေးကို ဆိုလိုပါတယ်။ သစ်ဆွေးလို့ ကြားလိုက်တာနဲ့ ဆွေးနေတဲ့ သစ်ဟာ သုံးမရတော့ဘူးလို့ အများ နားလည်ကြမှာပါ။ ဒါကြောင့် Dead wood ရဲ့ အီဒီယံအသုံးက အလုပ်မဖြစ်တော့တဲ့ သုံးလို့မရတော့တဲ့၊ တနည်းအားဖြင့်- ကျမတို့ မြန်မာစကားမှာတော့ ဆန်ကုန်မြေလေး ဖြစ်တဲ့လူတွေကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်တွေမှာပေါ့။
ဥပမာ
Since our team will be working with new technology, I must admit we have to get rid of some of the dead wood.
ကျနော်တို့ အဖွဲ့က နည်းပညာအသစ်ကို သုံးပြီး အလုပ်လုပ်ကြတော့မှာဆိုတော့ ဒီနည်းသစ်ကို မတတ်တဲ့၊ သုံးလို့မရတဲ့ လူတွေကိုတော့ ကျနော်တို့ ထုတ်ပစ်ရမှာ ဖြစ်တယ်ဆိုတာကို လက်ခံရမှာဖြစ်ပါတယ်။
Not out of the woods
Not (မဟုတ်သဘောကို ပြတာ)၊ Out of (အပြင်ဘက်ကို ရောက်နေတာ)၊ the Woods (သစ်တော) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပာယ်က သစ်တောရဲ့အပြင်ကိုမထွက်နိုင်သေးတာ၊ သစ်တောရဲ့ အပြင်ကို မရောက်နိုင်သေးတာ ဖြစ်ပါတယ်။ သစ်တောဆိုတာက ဒီနေရာမှာ အခက်အခဲ၊ ဆူးညှောင့်ခလုတ် ပြဿနာတွေအဖြစ် တင်စားသုံးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်အသုံးမှာ Not out of the woods က အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လူစ်ဦးအနေနဲ့ အခြေအနေနည်းနည်းကောင်းလာတယ်လို့ ဆိုရပေမယ့် လုံးဝတော့ အခက်အခဲတွေ ကနေ မကျော်လွန်နိုင်သေးတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ လူနာတစ်ဦး အသည်းအသန် ဖြစ်နေရာကနေ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ အခြေအနေမှာ မရှိတော့ပေမယ့်လည်း လုံးဝတော့ စိတ်မချရသေးတဲ့ အခြေအနေဆိုရင် Not out of the woods လို့ ရည်ညွှန်းသုံးနိုင်ပါတယ်။
ဥပမာ
Our business is getting better but we’re not out of the woods yet.
ကျနော်တို့ စီးပွားရေးလုပ်ငန်းက နည်းနည်းကောင်းလာပြီလို့ ဆိုရပေမယ့် လုံးဝတော့ စိတ်မချရသေးပါဘူး။
Can’t see the wood for the trees
အမေရိကန်အသုံးအရတော့ wood အစား forest နှင့်အစားထိုးပြီး - Can’t see the forest for the trees လို့လည်း အသုံးပြုနိုင်ပါတယ်။ Can’t (cannot) (မလုပ်နိုင်တာ)၊ see (မြင်တာ)၊ the Wood (သစ်တော) for (အတွက်) နဲ့ the trees (သစ်ပင်များ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပာယ်က သစ်ပင်တွေကြောင့် သစ်တောတစ်ခုလုံးကို မမြင်နိုင်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပာယ်က သစ်ပင်တွေကို အသေးစိတ် အချက်အလက်တွေနဲ့ တင်စားပြောထားတာဖြစ်လို့ အသေးစိတ် အချက်အလက်တွေကို သိပ်ဦးစားပေးလွန်းရင် အခြေအနေတခုလုံးကိုခြုံပြီး ဘာကအရေးကြီးတယ်၊ ဘာကို ဦးစားပေးရမယ်ဆိုတာကို နားလည်သဘောမပေါက်နိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။
ဥပမာ
Mary can’t see the wood for the trees as she’s too involved in details. She will have to change her way of thinking.
Mary က အသေးစိတ် အချက်အလက်တွေကို သိပ်ဦးစားပေး စဉ်းစားတော့ ဘာက အရေးကြီးတယ်၊ ဘာကို ဦးစားပေးရမယ်ဆိုတာကို သူနားမလည်နိုင်ဘူးလေ၊ ဒါကြောင့် သူ့အမြင်ကို ပြောင်းမှဖြစ်မယ်။
ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Idioms အသုံးအနှုန်းတွေက Knock on wood (touch wood), Dead wood, Not out of the woods နဲ့ Can’t see the wood (forest) for the trees တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG