သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Blessing စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ blessing ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ blessing in disguise, mixed blessing နဲ့ count your blessings တို့ကို တင်ပြပေးထားပါတယ်။

ပထမဦးဆုံး blessing in disguise ဖြစ်ပါတယ်။ Blessing = bless ဆိုတဲ့ ဝေါဟာရက ဆင်းသက်လာပြီး ခရစ်ယာန်ဘာသာ အသုံးအနှုန်းအရ ကောင်းချီးပေးတာ ဖြစ်ပါတယ်။ နာမ် (noun) ကတော့ ကောင်းချီးမင်္ဂလာ ဖြစ်ပါတယ်။ နေ့စဉ်အသုံးတွေမှာတော့ ကောင်းမြတ်တာ၊ မင်္ဂလာရှိတာ၊ အကျိုးကျေးဇူးခံစားရတာ၊ ဆုလာဘ်တပါး ဖြစ်ပါတယ်။ ဥပမာ ကျန်းမာခြင်းဟာ လာဘ်တပါးဆိုရင် a good health is blessing လို့ ပြောဆိုနိုင်ပါတယ်။ In = အထဲမှာ၊ Disguise = ရုပ်ဖျက်ထားသည် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရုပ်ဖျက်ထားတဲ့ ကောင်းချီးမင်္ဂလာ ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ ဘာသာရေးက ဖြစ်တယ်လို့ ဆိုရမှာပါ။ ဘာသာရေး ကိုင်းရှိုင်းကြသူတွေက အမြဲတမ်း ဘုရား၊ တရားကို အားကိုကြပြီး ဘဝမှာ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဘုရာသခင်ရဲ့ အလိုတော်ရဖြစ်သည်မို့လည်း အဆိုးထဲက အကောင်းဖြစ်မှာပဲလို့ ဘုရားသခင်ပေါ် ယုံကြည်ချက်မပျက်တဲ့ သဘောထားကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ စောစောကပြောခဲ့သလို အဆိုးထဲက အကောင်းဖြစ်လာတာကို ရည်ညွှန်းပြောဆိုထားခြင်း ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I must say it's a blessing in disguise I missed the flight to New York. The plain crashed because of the bad weather.

ကျနော် နယူးရော့ခ်ကို လေယာဉ်ပျံ လွတ်သွားတာ အဆိုးထဲက အကောင်းဖြစ်တယ်လို့ ဆိုရမှာပါ။ အဲဒီ လေယာဉ်က ရာသီဥတု ဆိုးလို့ ပျက်ကျသွားခဲ့တယ်။

ဒုတိယ တင်ပြပေးမယ့် အသုံးအနှုန်းက mixed blessing ဖြစ်ပါတယ်။ Mixed = Mix (verb) ကြိယာက ဆင်းသက်လာပြီး ရောနှောသည်။ Mixed (past tense) ရောနှောပြီသော။ ဒီနေရာမှာ နာမ် (noun) ဖြစ်တဲ့ blessing = ကောင်းချီးမင်္ဂလာ ဝေါဟာရရှေ့ (adjective) နာမဝိသေသနအဖြစ် အသုံးပြုထားတာမို့ ဘယ်လို ကောင်းချီးမင်္ဂလာလဲ ဆိုရင်တော့ ရောနှောနေတဲ့ ကောင်းချီးမင်္ဂလာလို့ သုံးနှုန်းထားခြင်း ဖြစ်ပါတယ်။ အဆိုးနဲ့အကောင်း ရောနှောနေတာ ဖြစ်ပါတယ်။ အရှင်းဆုံး ဥပမာပေးရမယ့်ဆိုရင်တော့ အနုမြူစွမ်းအင်ကို တီထွင်ခဲ့တာ သိပ္ပံပညာရှင်တွေက ဒီ တွေ့ရှိချက်ဟာ လောင်စားအဖြစ်၊ အနုမြူစွမ်းအင်ကို အသုံးပြုနိုင်လို့ ကောင်းကျိုးရှိသလို၊ အနုမြူဗုံးလုပ်ပြီး လူအများအပြားကို သေစေနိုင်တဲ့အတွက်ကြောင့်လည်း ဆိုးကျိုးရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဒီအခြေအနေမျိုးဟာ mixed blessing ဖြစ်ပါတယ်။ ဒါကြောင့် အီဒီယံအဓိပ္ပါယ်ကတော့ ယေဘုယျအားဖြင့်တော့ အကျိုးရှိပုံပေါ်ပေမဲ့လည်း တကယ်တော့ အကောင်းဖက်ရှိသလို၊ အဆိုးဖက်လည်း ရှိနေတာကို ဆိုလိုပါတယ်။ တနည်းအားဖြင့်တော့ အဆိုးနဲ့အကောင်း ရောနေတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It was a mixed blessing for my brother and his wife to win one hundred million dollar jackpot. They became very rich, but their marriage ended in divorce.

ကျနော့်အကိုနဲ့ သူ့ဇနီးတို့ ဒေါ်လာသန်း တစ်ရာထိပေါက်တာ အဆိုးနဲ့အကောင်း ရောနေတဲ့ဆုလာဘ်လို့ ဆိုရမှာပါ။ သူတို့ သိပ်ကိုချမ်းသာလာကြတာ မှန်ပေမယ့် သူတို့ အိမ်ထောင်ရေးကတော့ ကွာရှင်းမှုနဲ့ အဆုံးသတ်ခဲ့ကြတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ count your blessings ဖြစ်ပါတယ်။ Count = ရေတွက်သည်၊ Your = သင်၏၊ Blessings = ကောင်းချီးမင်္ဂလာဆုလာဘ် တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကောင်းတဲ့၊ စိတ်ချမ်းသာဖြစ်တဲ့ဟာတွေကို ရေတွက်ကြည့်ပါ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ကိုယ်ကံကောင်းတာကို ကျေးဇူးတင်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ကျမတို့ မြန်မာဗုဒ္ဓဘာသာမှာလည်း ကိုယ့်ဘဝမှာ လောဘ၊ ဒေါသ၊ မောဟ ရှိမယ့်အစား ရှိတာနဲ့ ရောင့်ရဲ့တင်းတိမ်ပြီး ရှိတာကို တန်းဖိုးထားတတ်တာ ဖြစ်ပါတယ်။ ဥပမာ လူဖြစ်ရတာကို ကျေးဇူးတင်ဖို့၊ ကိုယ့်ဘဝမှာ မရှိတာကိုမက်ပြီး စိတ်ဆင်းရဲနေမဲ့အစား ရှိတာအတွက်ကို ကျေးဇူးတင်ဖို့ကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Many refugees count their blessings to be resettling in America.

ဒုက္ခသည်အများအပြားက သူတို့ အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချနေထိုင်ခွင့်ရကြတဲ့အတွက် ကံကောင်းတယ်လို့ ယူဆနေကြတယ်။
XS
SM
MD
LG