သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Special sales စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်း


A J.C. Penney department store is seen at the Potomac Mills mall in Virginia, as holiday shopping season officially kicks off Thursday, Nov. 23, 2017. (Photo: Diaa Bekheet)
A J.C. Penney department store is seen at the Potomac Mills mall in Virginia, as holiday shopping season officially kicks off Thursday, Nov. 23, 2017. (Photo: Diaa Bekheet)
တိုက်ရိုက် လင့်ခ်

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အထူးရောင်းချမှု (Special sale) ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများမှာ Early bird sale, Door buster နဲ့ Black Friday sale တို့ကို တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က Thanksgiving ကျေးဇူးတော်နေ့အပြီး ခရစ်စမတ်ပွဲနဲ့ နှစ်သစ်ကူးပွဲတော် ကျင်းပကြတဲ့ ပွဲတော်ရက် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား အများစုက လက်ဆောင်တွေအချင်းချင်း ပေးကြဖို့အတွက် ဈေးဝယ်ထွက်တဲ့ကာလကြီး ဖြစ်ပါတယ်။ ဈေးဝယ်ရရင် မမောနိုင်မပန်းနိုင် (shop till you drop) ဆိုတဲ့ ခြေကုန်လက်ပန်းကျတဲ့အထိ ဈေးဝယ်ကြသူတွေနဲ့ စည်းကားနေပါတယ်။ ဒါကြောင့်မို့လည်း ဈေးဆိုင်တွေက အရောင်းသွက်ရလေအောင် သူ့ထက်ငါ ဈေးလျှော့ရောင်းတဲ့ ကြော်ငြာတွေကို သတင်းမီဒီယာတွေကတဆင့် ကြော်ငြာကြလေ့ ရှိပါတယ်။

(၁) Early bird sale

Early (စောစော)၊ Bird (ငှက်)၊ Sale (အထူးဈေးနှုန်းနဲ့ ရောင်းခြင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က စောစောထတဲ့ ငှက် အထူးဈေးနှုန်းနဲ့ရောင်းချခြင်းလို့ ပြန်ဆိုနိုင်ပါတယ်။ ဒီနေရာမှာ The early bird always gets a worm ဆိုတဲ့ အင်္ဂလိပ်စကားပုံမှာ ဆင်းသက်လာတဲ့ အီဒီယံ အသုံးအနှုန်းဖြစ်ပါတယ်။ အဓိပါ္ပယ်ကတော့ တီကောင် ရှာစားတဲ့ ငှက်က မနက်စောစောထ ရှာမယ်ဆိုရင် ကိုယ်လိုချင်တဲ့ တီကောင်အစာကို ရစမြဲလို့ ဆိုလိုပါတယ်။ တနည်းအားဖြင့် ဦးရာလူ လို့ သုံးနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဘယ်နေရာမဆို တန်းစီးပြီး စည်းကမ်းတကျ ဝယ်ယူရတာမို့ early bird sale က ဆိုင်ဖွင့်ဖွင့်ချင်း ပထမရောက်ပြီး တန်းစီးစောင့်နေတဲ့လူတွေက ဒေါ်လာတစ်ရာတန်တဲ့ ပစ္စည်းကို ဒေါ်လာ ငါးဆယ် နဲ့ လျှော့ပြီး ဆိုင်ဖွင့်စ နာရီပိုင်းမှာ ဈေးနှုန်းချိုချိုနဲ့ ရောင်းမယ်လို့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေကို ဦးရာလူ ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် early bird sale ကို ဦးရာလူဝယ်ခွင့်ရရှိခြင်း လို့ ပြောဆိုသုံးနှုန်းနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Tomorrow, Saturday Save save save at the early bird sale at Men's furniture store. Everything is thirty percent off. Doors open at 6, and prices are good until 10 o'clock.
မနက်ဖြန် စနေနေ့မှာ ဦးရာလူ လျှော့ဈေးကို Men ပရိဘောဂဆိုင်မှာ ရောင်းမှာမို့ ဈေးနှုန်း အထူးသက်သာပါတယ်။ ပစ္စည်းအားလုံးကို သုံးဆယ် ရာခိုင်နှုန်း လျှော့ရောင်းသွားပါမယ်။ ဆိုင်တံခါးကို မနက် ခြောက်နာရီ စဖွင့်ပြီး ဆယ်နာရီအထိ ဒီလျှော့ဈေးနဲ့ ရောင်းချသွားမယ်။

(၂) Door buster

Door (တံခါး)၊ Buster (ဖောက်ဝင်သည်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တံခါးကို အတင်းထိုးဖောက်ဝင်တာ လို့ လုံးကောက်ပြန်ဆိုနိုင်ပါတယ်။ အခုလိုကာလ ကုန်ပစ္စည်းတွေကို အထူးလျှော့ဈေးနဲ့ ရောင်းချနေချိန်မှာ ဈေးဆိုင်ဖွင့်ချိန် အစောပိုင်းနာရီပိုင်းအတွင်း ပစ္စည်းဈေးတွေကို အထူးလျှော့ထားတာကြောင့် ဝယ်သူတွေက သူထက်ငါ အလုအယက် တံခါးကို ချိုးရိုက်ပြီး ဝင်တော့မယ့် ပုံစံမျိုးကို ရည်းညွှန်းထားတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Hey, honey if we are going to that sale, let's go early. One of the door busters they have until 10 o'clock. Its video tape at 99 cent! I'd like to get at least a dozen.
ကဲ အချစ်ရေ အဲဒီ လျှော့ဈေးရောင်းတာကို စောစောသွားကြရအောင်။ ဆိုင်တံခါးဖွင့်ဖွင့်ခြင်း ရောင်းမယ့် လျှော့ဈေးတွေထဲမှာတော့ ဗွီဒီယို အခွေတွေ တခွေကို (၉၉) ပြားနဲ့ ဆယ်နာရီထိ ရောင်းမှာမို့ ကိုယ်တော့ အနည်းဆုံး တဒါဇင်လောက် ဝယ်ထားချင်တယ်။

(၃) Black Friday sale

Black (အမည်းရောင်)၊ Friday (သောကြာနေ့)၊ Sale (အထူးလျှော့ဈေးနဲ့ ရောင်းခြင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အထူးလျှော့ဈေးနဲ့ရောင်းပေးတဲ့ အမည်းရောင် သောကြာနေ့ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကျေးဇူးတော်နေ့ ကျရောက်တဲ့ နိုဝင်ဘာလ စတုတ္ထပတ် ကြာသပတေးနေ့ဟာ နိုင်ငံတဝှမ်း အားလပ်ရက် ဖြစ်ပါတယ်။ ကြာသပတေးနေ့အပြီး နောက်တရက် သောကြာနေ့မှာ ဈေးဝယ်သူတွေက ရုံးအားလပ်ရက်ဖြစ်တဲ့ ကြာသပတေးနဲ့ဆက်ပြီး သောကြာနေ့ ခွင့်ယူကာ စနေ၊ တနင်္ဂနွေနေ့ (၄) ရက် အနားယူရာမှာ အဲဒီအားလပ်ချိန်အတွင်းမှာ ဈေးဝယ်သူတွေ အပြိုင်အဆိုင် ဈေးဝယ်ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် လျှော့ဈေးတွေကလည်း အပြိုင်အဆိုင် လျှော့ကြလို့ ဖြစ်ပါတယ်။

Black Friday အသုံးအနှုန်းကို ရှင်းပြရမယ်ဆိုရင် စာရင်းကိုင်ပညာမှာ အရောင်းဆိုင်တဆိုင် အနေနဲ့ အရှုံးပြနေရင် မင်နီနဲ့ စာရင်းပိတ်ရတဲ့ အခြေအနေရှိပြီး အမြတ်ပြရင်တော့ မင်အမည်းနဲ့ စာရင်းပိတ်ရပါတယ်။ ဒါကြောင့် Black Friday က အမြတ်တွေအများကြီးရတဲ့အတွက်ကြောင့် ရောင်းစာရင်းပိတ်တဲ့အခါမှာ မင်အမည်းနဲ့ ပိတ်ရတာမှ ဆင်းသက်လာတာပါ။ တနည်းအားဖြင့် အရောင်းကောင်းတဲ့ သောကြာနေ့မှာ အမြတ်တွေ အများကြီးရတဲ့နေ့လို့ ဆိုလိုပါတယ်။ ဆိုတော့ Black Friday Sale က တနည်းအားဖြင့် ကျေးဇူးတော်နေ့အပြီး နောက်တနေ့ သောကြာနေ့မှာ အထူးလျှော့ဈေးနဲ့ ရောင်းတဲ့ဈေးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Bargain shoppers headed to the nation's stores and malls before sunrise this Black Friday to get specials on everything from toys to wide screen TVs.
လျှော့ဈေးနဲ့ ပစ္စည်းတွေကို ဝယ်ကြဖို့ နိုင်ငံတဝှမ်းက ဈေးဆိုင်တွေ ကုန်တိုက်ကြီးတွေကို ဒီ ကျေးဇူးတော်နေ့အပြီး သောကြာနေ့မှာ လျှော့ဈေးရှာ ဝယ်သူတွေက နေမထွက်ခင်ကတည်းက ဆိုင်တွေကို တက်သုတ်ရိုက် ပြေးကြတော့တယ်။ ကလေးကစားစရာ အရုပ်လေးတွေက အစ မြင်ကွင်းကျယ် တီဗွီတွေ အဆုံး အထူးလျှော့ဈေးနဲ့ ဝယ်ကြပါတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Special sale စကားလုံးကို အခြေခံတဲ့ idiom အသုံးတွေက Early bird sale, Door buster နဲ့ Black Friday sale တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG