သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Back စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms ကဏ္ဍမှာ အနောက်ဖက်လို့ အဓိပ္ပာယ်ရတဲ့ Back ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Back burner, Back to back, Back the wrong horse နဲ့ Back against the wall တို့ကို တင်ပြပေးထားပါတယ်။

Back burner

Back (အနောက်)၊ Burner (မီးဖို) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အနောက်ဖက်မှာရှိတဲ့ မီးဖို ဖြစ်ပါတယ်။ အိမ်မှာ မီးဖိုချောင် ဝင်သူတွေ သိကြမှာပါ။ အထူးသဖြင့် ခေတ်မှီ ဂက်စ် (gas)ဒါမှမဟုတ် လျှပ်စစ်မီးဖိုတွေဆိုရင် အများအားဖြင့် (၄) ဖိုတွဲ ဖြစ်ကြတာမို့ ၊အများအားဖြင့် ချက်လေ့ရှိတာက ရှေ့က (၂) ဖို ဖြစ်ပါတယ်။ အရင်ကျက်စေချင် တာကိုရှေ့မှာထားပြီး အရင်မလိုတဲ့ဟာကိုတော့ နောက်မှာထားပြီး ၊အချိန်ရမှာ ချက်တော့မယ်လို့ ထားလေ့ရှိပါတယ်။ ဒီအတိုင်းပါပဲ back burner ရဲ့ အီဒီယံအဓိပ္ပာယ်က ကိစ္စတခုကို အရေးမကြီးတဲ့ အနေအထားမျိုး၊ နောက်မှလုပ်မယ့် အနေအထားမျိုး၊ ဦးစားပေးလုပ်မယ့် အနေအထားမျိုး မရှိတာ ၊ဘေးဖယ်ထားတာ၊ ခဏ အသာထားတဲ့ အခြေအနေမျိုးကိုဆိုလိုပါတယ်။

ဥပမာ

The health care issue was put on the back burner by the candidate. So, this made the voters very unhappy.

ကျန်းမာရေး ပြုစုစောင့်ရှောက်မှုကိစ္စကို အဲဒီ ကိုယ်စားလှယ်က သိပ်အားမပေးဘူး၊ နောက်မှာထားတယ်။ ဒါကြောင့် မဲဆန္ဒရှင်တွေ သိပ်သဘောမတွေ့ကြဘူး။

Back to back

Back (အနောက်)၊ To (သို့)၊ Back (အနောက်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပာယ်က အနောက်ကနေ အနောက်သို့ ဖြစ်ပါတယ်။ ကျမတို့ မြန်မာစကားမှာတော့ နောက်ကျောချင်း ဆက်နေတာကို ဆိုလိုပါတယ်။ အီဒီယံအဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ တခုပြီးတခု ဆက်တိုက်လာတာကို ဆိုလိုပါတယ်။

ဥပမာ

The two events will be held back to back. The singer will perform her song first and that will be followed with a dance by the school children.

အဲဒီအခမ်းအနား နှစ်ခုက တခုပြီးတခု ဆက်တိုက်လာမှာ။ ပထမ အဆိုတော်က သူ့သီချင်းကိုဆိုမယ်။ အဲဒီပြီး ကျောင်းက ခလေးတွေက အက နဲ့ ဖျော်ဖြေကြလိမ့်မယ်။

Back the wrong horse

Back ကို ဒီနေရာမှာ verb (ကြိယာ) အဖြစ်သုံးထားပြီး (ထောက်ခံတာ၊ ဘက်လိုက်တာ၊ အားပေးတာ) စသည်ဖြင့် ပြောနိုင်ပါတယ်။ the wrong (မှားတာ)၊ horse (မြင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကိုယ်အားပေးတဲ့ မြင်းက မှားနေတာ ဖြစ်ပါတယ်။ ဒီအသုံးက မြင်းပြိုင်ပွဲက ဆင်းသက်လာတာ ဖြစ်ပါတယ်။ မြင်းပြိုင်ပွဲမှာ ကိုယ်လောင်းတဲ့မြင်းက နိုင်မယ်လို့ ထင်ထားပြီး လောင်းရာကနေ ကိုယ်ထင်ထားသလို မဟုတ်ဘဲ ကိုယ်လောင်းတဲ့မြင်းက မဟန်တာကို ဆိုလိုတာဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာလည်း ဒီအတိုင်းပါပဲ ။ ကိုယ်ကအထင်ကြီးပြီး ထောက်ခံအားပေးခဲ့သူ၊ ဒါမှမဟုတ်လည်း ကိုယ်ကမြတ်မယ်ထင်ပြီး စီးပွားရေးတခုခုကို လုပ်ရာကနေ ထင်ထားသလို မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာကိုလည်း ဆိုလိုပါတယ်။

ဥပမာ

I bet the wrong horse in the last mayoral election. I voted for him and he failed to keep his promises to create jobs.

ကျနော်က ပြီးခဲ့တဲ့ မြို့တော်ဝန်ရွေးကောက်ပွဲမှာ မဲပေးခဲ့တာ မှားသွားတယ်။ အဲဒီ ပုဂ္ဂိုလ်အတွက် မဲပေးခဲ့ပေမယ့် အလုပ်အကိုင်တွေကို ဖန်းတီးပေ းမယ်လို့ သူပေးခဲ့တဲ့ကတိကို မတည်တာ တွေ့ရတယ်။

Back against the wall

Back (အနောက်ဖက်၊ နောက်ကျော)၊ to (သို့)၊ the wall (နံရံ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ နောက်ကျောမှာ နံရံ ခံနေတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် နံရံ ရှိနေတာပေါ့။ အီဒီယံ အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ နောက်ကျောမှာ နံရံခံနေရင် ချောင်ပိတ်မိတဲ့သဘော၊ ပြေးပေါက်ပိတ်နေတဲ့သဘော၊ ထွက်ပေါက်မရှိတဲ့သဘော၊ အခြေအနေက ဘေးကျပ်နံကျပ် ဖြစ်နေတဲ့သဘော၊ သိပ်ရွေးလမ်းမရှိတဲ့သဘော၊ မလှုပ်သာမရှားသာ ရှိနေတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီနေရာမှာ to အစား against ကို သုံးပြီး Back against the wall လို့လည်း အသုံးပြုနိုင်ပါတယ်။

ဥပမာ

I had my back against the wall as I owe you a lot of money and cannot pay you back now. So, I’ll have to do what you ask me to.

ခင်ဗျားကို ကျနော်က ငွေအများကြီး ပြန်ဆပ်စရာရှိတယ်။ အခုလည်း ပြန်ဆပ်နိုင်မဲ့ အခြေအနေမရှိဘူး။ ဒါကြောင့် ကျနော့်မှာ ရွေးလမ်းသိပ်မရှိဘူး။ ခင်ဗျား ခိုင်းတာကိုပဲ ကျနော်လုပ်ရတော့မှာဘဲဗျာ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Idioms အသုံးတွေက Back burner, Back to back, Back the wrong horse, နဲ့ Back against the wall တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG