သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rain စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Children play in a flooded street in downtown Kota Bharu, Kelantan, Malaysia.
Children play in a flooded street in downtown Kota Bharu, Kelantan, Malaysia.
ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ မိုး (rain) စကားလုံး အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ rain check, raining cats and dogs နဲ့ save it for a rainy day တို့ကို တင်ပြထားပါတယ်။

ပထမဆုံး တင်ပြပေးမယ့် အသုံးအနှုန်းမှာ rain check ဖြစ်ပါတယ်။ စာလုံးပေါင်း က Rain = မိုး ၊ Check = ဘဏ်ချက်လက်မှတ် ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မိုးချက်လက်မှတ် ဖြစ်ပါတယ်။ ဒီ အသုံးက ၁၈၈၀ ခုနှစ်များက အမေရိကန် အားကစား နည်းတမျိုးဖြစ်တဲ့ baseball ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ထိုစဉ်က baseball အားကစားပွဲတွေက ဟင်းလင်းပြင်မှာ ကျင်းပတဲ့အတွက် မိုးရွာခဲ့လို့ ပွဲဖျက်ရမယ်။ ဒါမှမဟုတ် အကြောင်းကြောင်းကြောင့် ပွဲကိုဖျက်ခဲ့ရတယ်ဆိုရင်လည်း လက်မှတ်ဝယ်ထားကြတဲ့ ပရိသတ်တွေ စိတ်ကျေနပ်ရလေအောင် နောက်နေ့ပွဲတွေမှာ လာကြည့်နိုင်အောင် ပရိသတ်တွေကို ငွေပြန်အမ်းမဲ့အစား ၊အစားထိုးလက်မှတ် ဖြတ်ပိုင်းတွေ ထုတ်ပေးရာကနေ Rain Check ဆိုတဲ့ အသုံးအနှုန်း ဆင်းသက်လာတာ ဖြစ်ပါတယ်။ ချက်လက်မှတ်ကို ဘဏ်သွားပြီး ငွေထုတ်နိုင်သလို၊ အခု အစားပေးလိုက်တဲ့ လက်မှတ်ကိုသုံးပြီး နောက်ပိုင်းပွဲတွေမှာကို သွားကြည့်နိုင်ဖို့ ငွေ ထပ်မပေးရဘဲ အစားထိုးလက်မှတ်ကို ဝယ်ယူနိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းခေတ်တွေမှာတော့ နေ့စဉ်အသုံးမှာလည်း ထည့်သုံးလာကြပြီ ဖြစ်ပါတယ်။ အထူးသဖြင့် လျှော့ဈေးနှင့် ရောင်းတဲ့အခါ၊ အ ချိန်ကိုလည်း ဘယ်နေ့ကနေ ဘယ်နေ့အထိလို့ သတ်မှတ်ထားလေတော့၊ လျှော့ရောင်းတဲ့အချိန် အတွင်း ပစ္စည်းကုန်သွားတယ်ဆိုရင်၊ အဲဒီ အချိန်အတွင်း လာဝယ်ကြတဲ့ လူတွေအနေနှင့် ပစ္စည်းပြတ်သွားလို့ မဝယ်နိုင်ပေမဲ့ ၊ အဲဒီလျှော့ဈေးနှင့်ပဲ ကန့်သတ်ချိန်ကျော်လွန်သွားပေမဲ့လည်း၊ ဝယ်ခွင့်ရှိစေမဲ့၊ ဘယ်ပစ္စည်း၊ လျှော့ဈေးဘယ်လောက်၊ ဘယ်နှစ်ခု ဝယ်ခွင့်ရမယ်ဆိုတာတွေ ရေးထားတဲ့ ဝယ်ယူသူကနေ ဆိုင်ကိုတောင်းခံနိုင်တဲ့ ဖြတ်ပိုင်းပြေစာကို လည်း rain check ရယ်လို့ ရည်ညွှန်းအသုံးပြုတာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်အသုံးမှာလည်း လူတဦးက ကိုယ့်ကိုတခုခု သွားစားဖို့ ဖိတ်ခဲ့လို့ ကိုယ်က ဒီနေ့တော့ အဆင်မပြေသေးဘူးဆို ၊ နောက် အဆင်ပြေတဲ့နေ့မှာ သွားကြတာပေါ့လို့ဆိုရင်၊ I’ll take a rain check ရယ်လို့ ရည်ညွှန်းပြောနိုင်ပါတယ်။

ဒါကြောင့် Rain check ရဲ့ Idiom အသုံးက နောက်မှ အစားထိုး ပြုလုပ်မှာကို ဆိုလိုပါတယ်။ ဒီအသုံးနှင့် ပတ်သက်လို့ George Grow ရဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Thanks for your offer, but I’m sorry I can’t go to the movie tonight with you. I’ll take a racin check!

ကျနော့်ကို ဖိတ်တဲ့အတွက် ကျေးဇူးပါ။ ဒါပေမဲ့ တောင်းပန်ပါတယ်။ ကျနော် ဒီည ခင်ဗျားနှင့် ရုပ်ရှင် သွားမကြည့်နိုင်ဘူး၊ နောက်မှ တရက်ချိန်းပြီး သွားကြမယ်။

ဆက်လက်တင်ပြပေးမှာကတော့ Raining Cats and Dogs ဖြစ်ပါတယ်။ စာလုံးပေါင်းက Raining = မိုးရွာနေသည်၊ Cats = ကြောင်များ၊ And = နှင့်၊ Dogs = ခွေးများ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ခွေးတွေကြောင်တွေ မိုးရွာနေတယ် ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာ နောက်ကြောင်းအမျိုးမျိုး ရှိတယ်ဆိုပေမယ့် ဖြစ်နိုင်ဆုံးကတော့ ရှေးတုံးက မိလ္လာမြောင်းစနစ် ကောင်းကောင်းမရှိစဉ်၊ မိုးသိပ်ကြီးလွန်တဲ့အတွက် လမ်းတွေမှာ ရေစီးနှင့် အမှိုက်သရိုက်တွေသာမက၊ ခွေးသေ၊ ကြောင်သေတွေတောင် မျောပါလာကြတာကို လူတွေက ပြောကြတာကနေ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဒီ idiom အဓိပ္ပါယ်က မိုးသဲကြီးမဲကြီး ရွာနေတယ် ဖြစ်ပါတယ်။

ဒီအသုံးနှင့် ပတ်သက်လို့ George Grow ရဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It’s raining cats and dogs now. I must not forget my umbrella or I will get soaked.

အခု မိုးကြီးသဲကြီး ရွာနေတယ်။ ဒါကြောင့် ကျနော် ထီးကို မမေ့အောင် ယူသွားမှ။ နောက်မဆိုရင် တကိုယ်လုံး ရွှဲရွှဲစိုလိမ့်မယ်။
နောက်ဆုံး တင်ပြပေးမယ့် အသုံးအနှုန်းမှာ Save for a rainy day ဖြစ်ပါတယ်။ Save = စုဆောင်းသည်၊ For = အတွက်၊ A = တခု၊ Rainy = မိုးရွာသော၊ Day = နေ့ တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မိုးရွာတဲ့နေ့အတွက် စုဆောင်းဖို့ ဖြစ်ပါတယ်။ မိုးရွာတယ်ဆိုတာကို ဘဝမှာ အခက်အခဲ တွေ့ရတာ၊ အထူးသဖြင့် ငွေရေးကြေးရေး ကြပ်တည်းမှုကို တင်းစားပြောဆိုတာဆိုတော့ save for a rainy day ရဲ့ Idiom အဓိပ္ပါယ်က ဒုက္ခရောက်မယ့် အကြပ်အတည်း တွေ့မဲ့အချိန်အတွက် ကြိုတင်စုဆောင်းမှုတွေ ပြုလုပ်ကြဖို့ ဖြစ်ပါတယ်။

ဒီအသုံးနှင့် ပတ်သက်လို့ George Grow ရဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I am not going to spend the bonus payment I got today. I’ll save it for a rainy day.

ဒီနေ့ရတဲ့ ဆုကြေးငွေကို ကျနော် မသုံးဘူးဗျာ။ ဒုက္ခရောက်တဲ့အခါ၊ လိုရင်သုံးဖို့ ကျနော် စုထားမယ်။
XS
SM
MD
LG