သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Shoulder စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Shoulder (ပခုံး) စကားလုံးဝေါဟာရကို အခြေခံတဲ့ Give the cold shoulder, Rub shoulders with နဲ့ A chip on the shoulder အီဒီယံအသုံးတွေကိုတင်ပြပေးထားပါတယ်။

(၁) Give the cold shoulder

Give (ပေးတာ)၊ the cold (အေးစက်တာ)၊ shoulder (ပခုံး) ဆိုတော့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အေးစက်တဲ့ ပခုံးကို ပေးတာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ရှေးတုန်းက သာမန်အားဖြင့် လူတွေအနေနဲ့ ကိုယ့်အိမ်ကိုလာတဲ့ ဧည့်သည်ကို ကျွေးမွေးမယ်ဆိုရင် ချက်ပြီသား ဆိတ်ပခုံးသားကို ပူပူနွေးနွေး နွှေးကျွေးတတ်ကြပေမယ့်၊ မကြိုက်တဲ့ ဧည့်သည်ကို ဧည့်ခံရင်တော့ ချက်ပြီးသား ဆိတ်ပခုံးသားကို ပြန်မနွှေးဘဲ အအေးအတိုင်းကျွေးတဲ့ဓလေ့ကနေ၊ ဒီအသုံးဆင်းသက်လာတယ်လို့ဆိုပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ လူတဦးကိုအေးတိအေးစက်ဆက်ဆံတာ၊ ဖော်ဖော်ရွေရွေမရှိတာ၊ လှိုက်လှိုက်လဲှလဲှ မဆက်ဆံတာ၊ နှုတ်မဆက်တာ၊ မသိချင်ယောင်ဆောင်တာ၊ အဖက်မလုပ်တာမျိုး ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary gave John the cold shoulder at last night’s party. She must be angry with him!
Mary က ညက ပါတီပွဲမှာ John ကို အဖက်လုပ်ပြီး၊ စကားမပြောခဲ့ဘူး။ သူစိတ်ဆိုးနေပုံရတယ်။

(၂) Rub shoulders with

Rub (ပွတ်တိုက်တာ)၊ shoulders (ပခုံး)၊ with (နှင့်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပခုံးချင်းပွတ်တိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်က နံမည်ကြီးတဲ့၊ ချမ်းသာတဲ့လူတွေနဲ့ အပေါင်းအသင်းလုပ်တာ၊ တွေ့ဆုံခွင့်ရတာကို ဆိုလိုပါတယ်။ အထူးသဖြင့် အသိုင်းအဝိုင်းတခုမှာ ဝင်ဆန့်ပြီး အဲဒီလူဂုဏ်တန်တွေနဲ့ သိကျွမ်းခွင့်ရတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John enjoys his work as he gets to rub shoulders with well-known politicians!
John က သူ့အလုပ်မှာ သိပ်ပြီးတော့ ပျော်တယ်လေ။ နံမည်ကြီး နိုင်ငံရေးသမားတွေနဲ့ သူအပေါင်းအသင်း ဖြစ်ခွင့်ရလို့ဖြစ်တယ်။

ဒီနေရာမှာ ဗဟုသုတအဖြစ် Rub shoulders အသုံးမှာ ပခုံးလို့ အဓိပ္ပါယ်ရတဲ့ Shoulders စကားလုံးအစား တံတောင်ဆစ်လို့ အဓိပ္ပါယ်ရတဲ့ Elbows ကိုအစားထိုးပြီး Rub elbows with လို့လည်း သုံးလို့ရပါတယ်။ တနည်းအားဖြင့် တံတောင်ချင်း ပွတ်တိုက်တာပေါ့။ အဓိပ္ပါယ်ကတော့ အတူတူပါပဲ။

(၃) A chip on the shoulder

A (တခု)၊ chip (သစ်သားစ)၊ on (အပေါ်မှာ)၊ the shoulder (ပခုံး) တို့ ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပခုံးပေါ်မှာ သစ်စတစ်စ တင်ထားတာ ဖြစ်ပါတယ်။ ဒီအသုံးက (၁၉) ရာစု အမေရိကန်ပြည်ထောင်စုမှာ သစ်ခုတ်သမားတွေဟာ သစ်ခုတ်ပြီး သစ်သားအပိုင်းအစတွေကို ပခုံးပေါ်မှာ သယ်လေ့ရှိရာမှာ ရန်စလိုရင် သူ့ပခုံးပေါ်က သစ်သားစကို ပုတ်ချရဲတဲ့လူ ပုတ်ချဆိုတဲ့ ရန်စတဲ့ဓလေ့က ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်က လူတဦးအနေနဲ့ သူ့ဟာသူ မကျေနပ်ဖြစ်နေတာ၊ ထစ်ကနဲဆို ပြန်ချဖို့ ရန်ဖြစ်ဖို့ ကြည့်နေတဲ့လူမျိုးကို ဒီ အီဒီယံနဲ့ တင်စားပြောတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာအသုံးမှာတော့ ဘဝကို မကျေနပ်ဖြစ်နေတာ၊ တခုခုကို အခဲမကျေ ဖြစ်နေတာ၊ စိတ် လက်တဆစ်လောက် ရှိနေတာမျိုးနဲ့ တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mike gets angry very easily. He seems to have a chip on his shoulder!
Mike က သိပ်စိတ်ဆိုးလွယ်တာ။ သူ့ကြည့်ရတာ တခုခုကို အခဲမကျေ ဖြစ်နေပုံရတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Shoulder စကားလုံးကို အခြေခံတဲ့ Idiom အသုံးတွေက Give the cold shoulder, Rub shoulders with နဲ့ A chip on the shoulder တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG