သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Time စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Daylight Saving Time
Daylight Saving Time
ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အချိန် (Time) ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Time-out, Time is of the Essence နဲ့ All in Good Time တို့ကို တင်ပြပေးထားပါတယ်။

Time-out

Time (အချိန်)၊ Out (အပြင်ဖက်၊ သို့မဟုတ် ကုန်သွားတာ၊ မရှိတော့တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အချိန်ကုန်သွားတာ ၊ အချိန်မရှိတော့တာဖြစ်ပါတယ်။ ဒီနေရာမှာ time နဲ့ out ကြား hyphen တုံးတိုသင်္ကေတ (-) ခံထားတာဖြစ်ပြီး time-out လို့စာလုံးနှစ်လုံးပေါင်းထားတဲ့ compound word ကိုနာမ် (noun) အဖြစ် သုံးထားတာ ဖြစ်ပါတယ်။ တချို့ အဘိဓာန်တွေမှာတော့ time နဲ့ out ကြားမှာ hyphen (တုံးတို) မခံဘဲ ဖော်ပြထားတာတွေလည်း တွေ့ရတယ်လို့ ဖြည့်စွက်တင်ပြပါရစေ။

အီဒီယံဆိုတဲ့သွယ်ဝိုက်အဓိပ္ပါယ်ကတော့ တခုခုကို လုပ်ဆောင်နေတာကို ခဏရပ်ဖို့၊ ခဏနားဖို့ ပြောတာဖြစ်ပါတယ်။ အထူးသဖြင့် အားကစားပွဲတွေဖြစ်တဲ့ ဘတ်စကတ်ဘော၊ ဘောလီဘော၊ ဘောလုံးပွဲ စသဖြင့်မှာ ဒိုင်တွေ၊ နည်းပြတွေ၊ ကစားသမားတွေဟာ သူတို့ပွဲစဉ်တွေရဲ့ စည်းမျဉ်းတွေအရ ကစားပွဲအခြေအနေကိုကြည့်ပြီး လူလဲချင်တယ်၊ ကိုယ့်အသင်းသားတွေနဲ့ ကစားကွက်ပြောင်းဖို့ တိုင်ပင်ချင်ကြတယ်ဆိုရင် time-out ဆိုပြီး ပွဲကိုခဏရပ်ပေးဖို့ တောင်းခံပိုင်ခွင့် ရှိကြပါတယ်။ ဘတ်စကတ်ဘောပြိုင်ပွဲတွေမှာဆိုရင် ခဏနားချင်တယ်ဆိုရင် ဘယ်ဖက်လက်ဖျားကိုထောင်ပြီး ညာဖက်လက်ဖဝါးအလယ်နဲ့ထိကာ အင်္ဂလိပ်အက္ခရာ (T) ပုံစံ လုပ်ပြကြတာကို တွေ့ဖူးကြမှာပါ။ နေ့စဉ်ဘဝမှာလည်း တခုခုကကြာလို့ ငြီးငွေ့လာတယ်၊ ဒါမှမဟုတ် အပြန်အလှန်ငြင်းခုံနေကြတာ မရပ်တော့လို့ နားငြီးလာပြီး သည်းမခံနိုင်တော့ဘူးဆိုရင်၊ကျမတို့မြန်မာမှာ ရပ်ကြပါတော့၊ တော်ကြပါတော့၊ ခေါင်းအေးအေးထား စဉ်းစားကြပါအုံးလို့ ပြောမယ်ဆိုရင် time-out ဆိုပြီး ရည်ညွှန်းပြောလို့ရပါတယ်။ ခေတ္တအနားယူကြဖို့ ကြားဝင်ပြောတာမျိုးလို့ဆိုရမှာပါ။

ဥပမာ

Joan shouted at her brothers, who were yelling at each other. “Hey, you two,” she said. “Time-out”.

Joan က တယောက်နဲ့တယောက် အသံကုန်ဟစ်အော် ရန်ဖြစ်နေကြတဲ့ သူ့မောင်နှစ်ယောက်ကို “ဟဲ့ တော်ကြတော့လေ” ပြောလိုက်တယ်။

Time is of the Essence
Time (အချိန်)၊ Is (ဖြစ်တာ)၊ Of (တခုခုရဲ့)၊ the Essence (အရေးကြီးတာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အချိန်က အရေးကြီးတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ အထူးသဖြင့် ဒီအသုံးကို စာချုပ်တွေချုပ်ဆိုရာမှာ အသုံးပြုလေ့ရှိပါတယ်။

ဘယ်နေ့၊ဘယ်ရက် နောက်ဆုံးထားလုပ်ရမယ်ဆိုတာကို ကန့်သတ်ထားတာမို့ အချိန်ကို လေးစားဖို့၊ ကန့်သတ်ရက်ကျော်ရင် စာချုပ်အကြုံးဝင်မှု ကုန်ဆုံးမှာ၊ ရက်ကျော်လို့ လျော်ကြေးပေး၊ ဒဏ်ကြေးဆောင်ရမှာ စသဖြင့်နဲ့ ရင်ဆိုင်ရတဲ့အတွက် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က အချိန်က အရေးကြီးတယ်၊ ကန့်သတ်ချိန်ရှိတယ်ဆိုတာကို သတိပေးတာ ဖြစ်ပါတယ်။

ဥပမာ

Time is of the essence. According to the contract, you have to settle on the purchase of the apartment in 30 days or you will lose your deposit.

နောက်ဆုံးကန့်သတ်ရက် ပေးထားတာကို အထူးဂရုစိုက်ပါ။ စာချုပ်အရဆိုရင် တိုက်ခန်းဝယ်တာ ရက် (၃၀) အတွင်း ငွေမချေးနိုင်ရင်၊ ခင်ဗျား ပေးထားတဲ့ စပေါ်ငွေ ဆုံးလိမ့်မယ်။

All in Good Time

All (အားလုံး)၊ in (အတွင်း)၊ Good (ကောင်းတာ)၊ Time (အချိန်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အားလုံး အချိန်ကောင်းတဲ့အတွင်းမှာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က ကျမတို့ မြန်မာမှာ အနီးစပ်ဆုံး ပြောရမယ်ဆိုရင် သိပ်စိတ်ပူမနေနဲ့ အချိန်တန်ရင် သူ့ဟာနဲ့သူ အားလုံးအဆင်ပြေလာလိမ့်မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ဥပမာ

Susan is worried that she will be an old maid for the rest of her life. But her grandmother told her she will meet the right person all in good time.

Susan က သူတော့ တသက်လုံး အပျိုကြီးဘဝနဲ့ အရိုးထုတ်ရတော့မယ်လို့ စိတ်ပူနေတယ်။ ဒါပေမဲ့ သူ့အဖွားက အချိန်တန်ရင် အဆင်ပြေပြီး၊ သူနဲ့ သင့်တော်တဲ့လူတော့ တွေ့မှာပါလို့ ပြောခဲ့တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Time ကိုအခြေခံတဲ့ idiom အသုံးတွေက Time-out, Time is of the essence နဲ့ All in Good Time တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG