သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Shoe စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ Shoe - ဖိနပ် စကားလုံးဝေါဟာရကို အခြေခံတဲ့ to fill someone's shoe, goody to shoe နဲ့ the shoe is on the other foot စတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အသုံးအနှုန်းမှာ to fill someone's shoe ဖြစ်ပါတယ်။ To fill = ဖြည့်ဖို့, Someone's = လူတဦးတယောက်၏, Shoe = ဖိနပ် တို့ ဖြစ်ကြပြီး စကားစုတစုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က လူတဦးတယောက်၏ ဖိနပ်ကို ဖြည့်ဖို့ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ကျမတို့ မြန်မာမှာ လူတဦးရဲ့ ခြေရာကို လိုက်နှင်းနိုင်အောင်၊ လူတဦးရဲ့ ခြေရာကို မှီနိုင်အောင်လုပ်ဖို့နဲ့ ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအသုံးကို မကြာသေးမီကပဲ သုံးသွားသူကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာသူ John kerry ဖြစ်ပါတယ်။ သူရာထူးလက်ခံစဉ်က သူ့ရှေ့က နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမှုထမ်းခဲ့သူ Hillary Clinton ရဲ့ စွမ်းဆောင်ချက်တွေ၊ ကမ္ဘာအပေါ်မှာ လူတွေအားအကျဆုံး ပုဂ္ဂိုလ်တွေစာရင်းထဲမှာ ပါဝင်သူတဦးရဲ့ ခြေရာကို လိုက်မှီနိုင်ဖို့ သူအတော်လေး ကြိုးစားရမှာဖြစ်တယ်လို့ John Kerry က I have a big heel to fill လို့ အီဒီယံကို တင်စားသုံးနှုန်းသွားပါတယ်။ ဒီနေရာမှာ သူက shoes အစား heels ခြေဖနောင့် (ဒေါက်မြင့်ဖိနပ်) တွင်ဆိုတဲ့ ဝေါဟာရကို ဖလှယ်ပြီးသုံးသွားတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အတူတူပဲ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The new headmaster will have to try very hard to fill the former headmaster's shoe since our school is among the top in the state.
ကျောင်းအုပ်ဆရာကြီးအသစ်ကတော့ ကျောင်းအုပ်ဆရာကြီးဟောင်းရဲ့ ခြေရာကို လိုက်မှီနိုင်ဖို့ အတော်လေး ကြိုးစားရမယ်။ ကျနော်တို့ ကျောင်းက ပြည်နယ်မှာ ထိပ်တန်းစာရင်းဝင်ကျောင်းအနေနဲ့ ပါဝင်နေလို့ပါ။

ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းမှာ goody to shoe ဖြစ်ပါတယ်။ Goody က good ကောင်းတယ်ဆိုတဲ့ ဝေါဟာရက ဆင်းသက်လာပြီး ဒီနေရာမှာ နာမဝိသေသန (adjective) အဖြစ် အသုံးပြုထားတာ ဖြစ်ပါတယ်။ To = နေရာ, Shoe = ဖိနပ် တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကောင်းတဲ့ ဖိနပ်တရံ ဖြစ်ပါတယ်။ ဒီအသုံးကတော့ ၁၇၆၅ ခုနှစ်က ကလေးပုံပြင်ဖြစ်တဲ့ The History of Little Goody Two-Shoes က ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒီပုံပြင်ကို စာရေးဆရာ Oliver Goldsmith ရေးသားခဲ့တယ်လို့ တချို့က ဆိုပါတယ်။ Goody Two-Shoes ဆိုတဲ့ အမည်ကို မိဘမဲ့ဖြစ်တဲ့ Margery Meanwell မိန်းခလေးတဦးကို စာရေးဆရာက အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မိန်းခလေးဟာ သိပ်ကိုဆင်းရဲပြီး သူ့တသက်မှာ ဖိနပ်တရံပဲ ရှိလေတော့ တနေ့မှာ ချမ်းသာတဲ့လူကြီးတဦးက သူကို နောက်ထပ်ဖိနပ်တရံ လာပေးတဲ့အခါမှာ သူ့အနေနဲ့ ဝမ်းသာလွန်လို့ သူ့မှာ ဖိနပ်နှစ်ရံရှိတယ်လို့ ဘယ်သူလာလာ တဖွဖွနဲ့ ပြောဆိုနေရာကနေ သူကို Ms Goody two shoes လို့ တင်စားခေါ်ဝေါ်လာတာ ဖြစ်ပါတယ်။ ပုံပြင်ထဲမှာ သူဟာ ကြီးလာတဲ့အခါမှာ ဆရာမတဦးဖြစ်လာပြီးတော့ နောက်ပိုင်းမှာ ချမ်းသာတဲ့မုဆိုးဖိုတဦးနဲ့ လက်ထပ်ပြီး သူ့ဘဝရှေ့ရေးက ကောင်းကျိုးပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ခလေးတွေ ပုံပြင်ထုံစံအရ သင်ခန်းစာယူဖို့က ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့ Ms. Goody Two Shoes ရဲ့ အီဒီယံအဓိပ္ပါယ်ကို ပြောရရင်တော့ ကျမတို့မြန်မာမှာတော့ သူတော်ကောင်း ဖြစ်ပြီး တနည်းအားဖြင့် မကောင်းတာကို မလုပ်တဲ့လူ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary is too much of the goody two shoes to skip school and have fun with friends.
Mary ဟာ ကျောင်းပြေးပြီး သူ့သူငယ်ချင်းတွေနဲ့ အပျော်အပါးထွက်ရလောက်အောင်တော့ မဟုတ်တာလုပ်မယ့် လူစားမျိုး မဟုတ်ပါဘူး။

နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းကတော့ the shoe is on the other foot ဖြစ်ပါတယ်။ The Shoe = ဖိနပ်, On = အပေါ်မှာ, the Other = နောက်တဖက်, Foot = ခြေထောက် တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဖိနပ်အနေနဲ့ ဟိုဘက်ဖိနပ်က ဒီဘက်ခြေထောက်ကို ရောက်နေတဲ့ သဘောမျိုးဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ နေရာ ဒါမှမဟုတ် အခြေအနေဟာ အရင်ကနဲ့မတူပဲ ပြောင်းတာကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာမှာတော့ ငါးဖျံတလှည့် ဗုံလုံတလှည့် ဆိုတဲ့ စကားပုံမျိုးလို့ ဖြစ်ပါတယ်။ တချိန်က အောက်မှာရောက်နေတဲ့လူဟာ နောက်ကျတော့ အပေါ်ကိုရောက်လာတဲ့ သဘောမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I used to work for him as a reporter. Now, I become the owner of the newspaper. So, the shoe is on the other foot.
ကျနော်က အရင်က သူ့အတွက် သတင်းထောက် လုပ်ဖူးခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျနော်က သတင်းစာတိုက် ပိုင်ရှင်ဖြစ်လာတော့ အခြေအနေက ပြောင်းလာခဲ့တယ်။
XS
SM
MD
LG