သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ဆွေးနွေးရေး ဘုံသဘောထား တိုင်းရင်းသားတွေ သဘောတူ


ကချင်ပြည်နယ်တွင်း ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံ ညီလာခံမြင်ကွင်း။
ကချင်ပြည်နယ်တွင်း ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံ ညီလာခံမြင်ကွင်း။
ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စုံ ညီလာခံ တတိယနေ့အတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးဖော်ဆောင်တဲ့ အခါ ဘယ်လိုအချက်တွေ ပါဝင်သင့်တယ်၊ ဘယ်လို အကောင်အထည် ဖော်ရမယ်ဆိုတာတွေကို တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ အပစ်ရပ်ရေး အတွက် သဘောတူညီချက် ရရှိပြီး မြန်မာအစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးကြတဲ့အခါမှာတော့ ကုလသမဂ္ဂနဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့အတွက် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့အပစ်အခတ်ရပ်စဲရေးကို ဘယ်လို ပုံဖော်ကြမလဲ ဆိုတာနဲ့ ပတ်သက်လို့ မတူညီတဲ့ တိုင်းရင်းသားအဖွဲ့တွေက တင်ပြ လာကြတာကြောင့် ဒီအပေါ်မှာ အခြေအတင်ဆွေးနွေးစရာတွေဖြစ်လာခဲ့တာပါ။ အဓိကအားဖြင့်တော့ ဒီဆွေးနွေးပွဲမှာ UNFC နဲ့ WGC လို့ခေါ်တဲ့ လုပ်ငန်းအဖွဲ့ကော်မတီက တင်သွင်းလာတဲ့ အဆိုပြုချက်နှစ်ခုကို ဆွေးနွေးကြ တာဖြစ်ပါတယ်။

UNFC က အဆိုပြုထားတဲ့ မူကြမ်းကိုပဲ အတည်ပြု လုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြတယ်လို့ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

" တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်၊ ဒါမှမဟုတ်ရင်လည်း ဘုံသဘောတူညီချက်၊ အဲ့တာကတော့ ရပြီးပြီ။ အတည်လည်းပြုပြီးပြီ။ အဲ့ဒီ့အပေါ်မှာလည်း ၁၈ဖွဲ့ က ညီညွတ်တယ်။ Nationwide Ceasefire Coordinating team ပေါ့။ NCCT ပေါ့လေ။ အဲ့တာကိုလည်း လတ်တလော ဖွဲ့ဖို့လိုမယ်။ နောက်တခုက ဒါနဲ့ တဆက်တည်းပေါ့၊ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာမယ်။ နောက်ထပ် ပင်လုံကဲ့သို့ ညီလာခံတွေဖြစ်လာမယ်။ အဲ့ဒီ့လိုပွဲမှာလည်း ကျနော်တို့ရဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုနိုင်မယ့် နိုင်ငံရေးဦးဆောင်အဖွဲ့ သို့တည်းမဟုတ် ဦးစီးအဖွဲ့ပေါ့။ အဲ့တာကိုပါ တပါတည်း လူစုံတုန်းမှာ ဖွဲ့ဖို့ အဆိုလည်းရှိတယ်။ တချို့ကတော့ အဲ့ဒီ့ဟာ ဖွဲ့ဖို့ နည်းနည်း စောသေးတယ်လို့ အဆိုရှိတယ်။ တချို့ကျတော့လည်း ဒီလိုဆုံတုန်းမှာ အခွင့်အရေးယူပြီးတော့ ဖွဲ့သင့်တယ်လို့ပြောတဲ့သူရှိတယ်။ အဲ့တာ အဲ့ဒီ့မှာလည်း ကျနော်တို့ နည်းနည်းလေး မတင်မကျဖြစ်နေသေးတယ်။ "

အခုရရှိလိုက်တဲ့ သဘောတူညီချက်အရ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာဆွေးနွေးပွဲတွေ ပြီးစီးပြီး လက်မှတ်ထိုးပြီးသွားရင် ရက်ပေါင်း၆၀ အတွင်း နိုင်ငံရေးမူဘောင်ကို အတည်ပြုမှာဖြစ်ပါတယ်။ အဲ့ဒီ့နိုင်ငံရေး မူဘောင်အတည်ပြုပြီး ရက်၆၀ အကြာမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရကပြောထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နိုဝင်ဘာလအတွင်း လက်မှတ်ထိုးဖို့ဆိုတာကတော့
သိပ်မလွယ်ဘူးလို့ဆိုပါတယ်။

" နိုဝင်ဘာလ မှီ၊ မမှီတော့ ကျနော်တို့ မပြောနိုင်ဘူး၊ ကျနော်တို့ဘက်ကတော့ ဒီအခြေအနေမျိုးနဲ့ကိုက်ညီရင် အားလုံးအဆင်သင့်ရှိတယ်လို့ တင်ပြမှာပဲ။ ၄ရက်နေ့မှာ တင်ပြမှာပဲ။ တင်ပြလို့ရှိရင် ဦးအောင်မင်းတို့ဘက်က တပြိုင်နက်တည်း အဖြေပေးဖို့တော့ အခက်အခဲရှိလိမ့်မယ်။ ဒါကြောင့် အဲ့ဒီ့မှာ အပြန်အလှန် ညှိနှိုင်းတာ ရှိနိုင်တယ်။ အဲ့ဒီ့လိုတော့ မှန်းထားတာပေါ့။ ခပ်သုတ်သုတ်သွား အချိန်မဆွဲတဲ့ နည်းပေါ့ဗျာ။ အချိန်ဆွဲလို့ကြာရင် ကျနော်တို့ အပစ်ရပ်ထားတဲ့ အဖွဲ့အစည်းတွေမှာ ထိခိုက်နစ်နာမှုတွေရှိတယ်။ လူတွေ ပျက်စီးယိုယွင်းမှုရှိတယ်။ နယ်မြေတွေ ကျုံ့သွားနိုင်တယ်။ ဒါကြောင့် နိုင်ငံရေး သဘောတူညီချက်ရရေးကို ခပ်သွက်သွက်လုပ်ဖို့ အခြေခံတွေ ချထားတာရှိတယ်။

မေး။ ။ ဗိုလ်မှူးကြီး အခုဆိုရင် ယေဘူယျအားဖြင့် တိုင်းရင်းသား အဖွဲ့အစည်းတွေက ဘုံသဘောတူညီချက်တခု ရသွားပြီပေ့ါနော်။

"ရသွားပြီ၊ ရသွားပြီ။"

မေး။ ။ ဆိုတော့ အစိုးရဘက်က ရှိတဲ့ Proposal ရှိမယ်။ ဗိုလ်မှူးတို့ တိုင်းရင်းသားခေါင်းဆောင်တွေဘက်က တင်သွင်းလာတဲ့ Proposal ရှိမယ်။ ဒီနှစ်ခုပဲကျန်တော့တာလား။ ကျန်တဲ့ Proposalတွေရှိလား။

" မရှိတော့ဘူးခင်ဗျ။ ကျန်တာတွေ မရှိတော့ဘူး။ အခုနောက်ဆုံး ဘုံသဘောတူညီချက် ရှိတဲ့အခါကျတော့ အရင် UNFC ဘုံသဘောတူညီချက်တို့၊ အရင် WGEC က တင်ထားတဲ့ Framework တို့က မကျန်တော့ဘူး။ အဲ့တာတွေကို ခန ရုပ်သိမ်းပျက်ပြယ်ထားပြီးတော့ အခု ဒီမူတခုကိုပဲ အားလုံး စုပေါင်းပြီးတော့ တာဝန်ခံဖို့၊ တာဝန်ယူဖို့ ကိုယ်စားပြုပြီးတော့ ကိုင်တွယ်ဖို့ ဒီအခြေခံရှိတယ်။ နောက်တခုက ၁၈ဖွဲ့မှာ ဘယ်အဖွဲ့ကမှ ခွဲပြီးတော့ အရင်ထိုးတာတို့ နောက်ကျထိုးတာတို့ မရှိပဲနဲ့ သဘောတူတယ်၊ လက်မှတ်ထိုးတယ်ဆိုရင် အားလုံး ထိုးမယ်။ မထိုးသေးဘူးဆိုရင်လည်း အားလုံးမထိုးသေးဘူး။ ဘာကြောင့်လဲဆိုတော့ တချို့ထိုးပြီး တချို့ကျန်ရင် ကျန်တဲ့အဖွဲ့ကို သူတို့အကြီးအကျယ်တိုက်တတ်တယ်။ အဲ့တာကြောင့် အကြီးအကျယ် တိုက်တာမျိုးရှိတော့ အားလုံး မထိုးသေးရင်လည်း မထိုးနဲ့၊ အားလုံးထိုးရင်လည်း ထိုး၊ အဲ့ဒီ့မူကိုတော့ ကျနော်တို့ ချထားတယ်။"

မေး။ ။ ဆိုတော့ အခုအတိုင်းဆိုရင် အရင် တိုင်းရင်းသားတဖွဲ့ချင်းစီနဲ့ အစိုးရ ကြားထဲမှာ ထိုးထားတဲ့ သဘောတူညီချက်တွေ အားလုံး Override ဖြစ်သွားပြီဆိုတဲ့သဘောလား။

" Override လည်းဖြစ်တယ်။ နောက်ပြီးတော့ Reconfirm လည်းပြန်လုပ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီသဘောတူညီချက်တွေမှာပဲ အခုရထားတဲ့ ဘုံသဘောတူညီချက်ထဲမှာပဲ ယခင်ရထားတဲ့ ပြည်နယ်အဆင့် သဘောတူညီချက်တွေ၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေကို ထပ်လောင်း အတည်ပြုပြီးတော့ အဲ့ဒီ့သဘောတူညီချက်ထဲမှာပါတဲ့ အချက်အလက်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော်ဖို့ဆိုတာ ဒီထဲမှာ ပြန်ထည့်ထားတယ်။

လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းစုံ ညီလာခံ ကို တက်နေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဟာ မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ ၄ရက်နေ့မှာ စတင်မယ့် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို ဆက်တက်ကြမှာဖြစ်ပါတယ်။
XS
SM
MD
LG