သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်သုံးခု တိုင်းရင်းသား ညီလာခံ ကျင်းပမည်


၂၀၁၃ မတ်လက ကျင်းပခဲ့တဲ့ တိုင်းရင်းသားညီလာခံ လားရှိုးမြို့( Credit to U Hla Maung Shwe FaceBook)
၂၀၁၃ မတ်လက ကျင်းပခဲ့တဲ့ တိုင်းရင်းသားညီလာခံ လားရှိုးမြို့( Credit to U Hla Maung Shwe FaceBook)
အစိုးရက တပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး အင်အားစုတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ ပြောဆိုနေချိန်မှာ ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်က နိုင်ငံရေးအင်အားစုတွေ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ဖို့ ဆွေးနွေးပွဲတရပ်ကို တောင်ကြီးမြို့မှာ ကျင်းပဖို့ ပြင်ဆင်နေ ပါတယ်။ ဒီဆွေးနွေးပွဲကိုတော့ နိုင်ငံရေးအင်အားစု အတော်များများ တက်ရောက်ဖို့ ရှိနေတယ်လို့လည်း ပွဲဖြစ်မြောက်ရေး စီစဉ်သူက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်း၊ ကယား၊ မွန် ၃ပြည်နယ်က နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင် အင်အားစုတွေ အများစု ပါဝင် တက်ရောက်ကြမယ့် ဒီဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ဒီလ ၂၁ရက်နေ့ကနေ ၂၃ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ အဓိက ဆွေးနွေးမယ့် အချက်တွေ ကိုတော့ ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှုး ဦးစိုင်းညွှန့်လွင်က အခုလို ပြောပါတယ်။

" အဓိကကတော့ ငြိမ်းချမ်းရေးပါ။ အမျိုးသားပြန်လည် သင့်မြတ်ရေး ပါ။ နောက်တခါ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ပေါ့။ နောက် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ဆိုရင် ဘယ်ပုံဘယ်နည်း တခြားပါတီတွေနဲ့ အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းသင့်သလဲဆိုတဲ့ သဘောထားလေးတွေ သူ့သဘောထား၊ ကိုယ့်သဘောထား ထုတ် ပြောကြမှာပါ။"

ဒီဆွေးနွေးပွဲကို ရှမ်း၊ကယားနဲ့ မွန်ပြည်နယ်က နိုင်ငံရေးအင်အားစုတွေသာမက အစိုးရဝန်ကြီးတွေအပါအဝင် အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးက နိုင်ငံရေး အင်အားစုတွေပါ ပါဝင် တက်ရောက်ကြမှာဖြစ်တယ်လို့ ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

" အခုကျနော်တို့ ရှမ်းရယ်။ ကယားရယ်၊ မွန်ရယ်။ တခြားအဖွဲ့အစည်းတွေ အများကြီး ပါပါတယ်။ ပြည်မကလည်း NLD တို့၊ NDF တို့ ကျနော်တို့ ဖိတ်ထားပါတယ်။ MPC ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စတွေ သူတို့ လာပြောပါမယ်။ ဦးအောင်မင်းတို့က ၂၀ရက်နေ့ ရောက်ပါမယ်။ ဝန်ကြီး ဦးအောင်မင်းရယ်၊ ဝန်ကြီးဦးခင်မောင်စိုးရယ်။ ကယားပြည်နယ် တာဝန်ခံ ဝန်ကြီးဦးသန်းဌေးပါ။ နောက် AB ရယ်၊ လူ့ဘောင်ရယ်၊ ၈၈ ငြိမ်းချမ်းပွင့်လင်း လူ့ဘောင်အဖွဲ့ရယ်၊ ပါပါမယ်။ နောက်တခါ ရခိုင်ပါတီနှစ်ပါတီ၊ ချင်းထဲက CNF၊ ဇူမီး စသဖြင့် ကျနော်တို့ဖိတ်ထားပါတယ်။ တော်တော်များများ လာမယ်လို့ အကြောင်းကြားပြီးပါပြီ။"

လောလောဆယ်မှာတော့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီUWSA၊ မိုင်းလားခေါ် အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်မတော်NDAA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSS/SSA တောင်ပိုင်းစတဲ့အဖွဲ့တွေလမ်းခရီးမှာ လာရောက်နေပြီဖြစ်ပြီး ရှမ်းပြည် တိုးတက်ရေး ပါတီSSPP/SSAမြောက်ပိုင်းက ကိုယ်စားလှယ် တချို့တော့ ရောက်ရှိနေပြီဖြစ်ပါတယ်။


ပြီးခဲ့တဲ့မတ်လအတွင်းကတော့ ရှမ်းနဲ့ ကယားပြည်နယ်က နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး လားရှိုးမြို့မှာ အခုလို ဆွေးနွေးပွဲတရပ်ကို ကျင်းပခဲ့ပါတယ်။ ဒီလို နိုင်ငံရေးအင်အားစုတွေ စုပေါင်းဆွေးနွေးတဲ့ ရလာဒ်ကိုတော့ ဒီဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ ကယန်းပြည်သစ်ပါတီက ဗိုလ်မှုးကြီး စောလွင်က အခုလို ပြောပါတယ်။

"ရလာဒ်ကတော့ ပထမဆုံးအနေနဲ့ ကျနော်တို့ဟာ အမြင်သဘောထားတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုနိုင်ခဲ့တယ်။ တခြားသူတွေ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုတဲ့ အမြင်သဘောထားတွေကိုလည်း စဉ်းစား ဆင်ခြင်နိုင်ခဲ့တယ်။ အဲ့ဒီ့အပေါ် ကျနော်တို့အချင်းချင်းကြားမှာ တူညီတဲ့ သဘောထားတွေကိုလည်း စုစည်းနိုင်ခဲ့တယ်။ တူညီတဲ့ သဘောထားအနေနဲ့ ဆိုလို့ရှိရင်တော့ ကျနော်တို့ လားရှိုးမှာကျင်းပနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် ဆွေးနွေးပွဲမှာ အချက်လေးချက် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါအကျိုးအမြတ်ပဲလို့ ကျနော်တို့ ခံယူပါတယ်။"

ဒီအချက်၄ချက်မှာတော့ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့၊ တိုင်းရင်းသားဒေသတွေမှာ အစိုးရက တပ်မတိုးချဲ့ဖို့ ရရှိပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေကို ထိန်းသိမ်းပြီး စားပွဲဝိုင်း မှာ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ သို့မဟုတ် အသစ်ရေးဆွဲဖို့အတွက် ညီလာခံတရပ်ကျင်းပဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေတဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေကို ဖန်တီးသူတွေကို ရှုတ်ချကြောင်း တို့ ဖြစ်ပါတယ်။

ဒီလားရှိုးအစည်းအဝေးမှာတော့ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်အဖွဲ့အစည်း ၂၁ဖွဲ့က ကိုယ်စားလှယ်တွေ လူထုကိုယ်စားလှယ်တွေ စုစုပေါင်း ၁၈၀ကျော် တက်ရောက်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးပါတီUWSAက ဝပြည်နယ် ဖွဲ့စည်းရေးအတွက် တင်ပြတောင်းဆိုခဲ့ပါတယ်။
XS
SM
MD
LG