သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ရေး ၈၀ ရာခိုင်နှုန်းခန့် သဘောတူညီမှုရရှိ


မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာအစိုးရကြား တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အခြေခံမူတွေ ညှိနှိုင်းကြတာမှာ ၈၀ % သဘောတူညီချက် ရခဲ့ပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ NCCT တို့ရဲ့ ညီလာခံမှာ ပါဝင် တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တစ်ဦးက အခုလို ပြောခဲ့တာပါ။

ဒီရလဒ်ဟာ ကရင်ပြည်နယ်၊ ဖားအံမြို့အတွင်းက KNU ထိန်းချုပ်နယ်မြေ လောခီးလာမှာ ကျင်းပခဲ့တဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ညီလာခံကနေ ဆုံးဖြတ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းကို အခြေခံပြီး ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မကြာသေးခင်ကပဲ ကရင်ပြည်နယ် လော်ခီလာမှာ ပြီးဆုံသွားခဲ့ပြီး တိုင်းရင်းသားအဖဲွဲ့ပေါင်း ၁၆ ဖွဲ့က လက်ခံသဘောတူထားတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို ဇန်နဝါရီလ ၂၈ ရက်နေ့မှာ မြန်မာအစိုးရ ငြိမ်းချမ်ရေးဖော်ဆောင်ရေးအဖွဲ့ကို ပေးအပ်ခဲ့ပြီး
ဆွေးနွေးမှုတွေကို လုပ်ခဲ့တာပါ။

တိုင်းရင်းသားခေါင်းဆောင်တွေနဲ့အတူ မြန်မာအစိုးရဘက်ကတော့ သမ္မတရုံးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

မကြာခင်မှာပြုလုပ်ဖို့ရှိတဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဘားအံဆွေးနွေးပွဲအတွက် ကြိုတင်ညှိနှိုင်းချက်သာဖြစ်တယ်လို့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ရဲ့ ဒုခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ဆိုပါတယ်။

“လောလောဆယ် ကျနော်တို့ ဘားအံဆွေးနွေးပွဲအတွက် ပြင်ဆင်တဲ့သဘောပါ။ ဘာလို့လဲဆိုတော့ ဘားအံမှာ တွေ့ဆုံတဲ့အခါ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲဖို့ အတိုင်းအတာတခုထိ သဘောတူညီချက်ရဖို့အတွက် ကျနော်တို့ရဲ့ သဘောတူညီလာခဲ့တဲ့မူကို သူတို့ကို တင်ပြဆွေးနွေးတာဖြစ်တယ်။ ညှိနှိုင်းတဲ့သဘောပေါ့နော်။ အကြို ဆွေးနွေးမှုသဘောပေါ့။ တစုံလုံးကိုတော့ ကျနော်တို့ လေ့လာတာပေါ့နော်။ ကျနော်တို့ လေ့လာပြီးတော့ သူတို့ သိချင်တဲ့ အချက်တွေလည်းရှိမယ်။ တချို့ ဝေါဟာရတွေတော့ ကျနော်တို့ ဘယ်လို အခက်အခဲမျုး ရှိလဲ။ ဘယ်လို ဝေါဟာရမျိုး ကျနော်တို့ ပြင်သုံးသင့်သလဲ။ အဲ့ဒါတွေ ဆွေးနွေးတာပါ။ သဘောတူညီချက်တော့ ဘာမှ မရှိဘူးလေ။ ကျနော်တို့ဘက်မှာကလည်း သူတို့ဘက်က တင်ပြချက်တွေကိုတော့ ကျနော်တို့ ဒီသက်ဆိုင်ရာ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေဆီ ပြန်တင်ပြီးမှ ပြန်ပြင်လို့ရမှာကိုး။”

ငြိမ်းချမ်းရေးစင်တာက အကြံပေးတဦးဖြစ်တဲ့ ဦးလှမောင်ရွှေကိုလည်း ဆွေးနွေးပွဲရလဒ်နဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

“ဒီနေ့ ဒီ ကျနော်တို့ လောခီးလာပေါ့နော် လေးဝါးပွဲကနေပြီးတော့ NCCT အဖွဲ့ဝင်တွေ ယူလာတဲ့ သူတို့ရဲ့ Proposal ကို မူအားဖြင့်ပေါ့လေ ကျနော်တို့ ပြန်ပြီးတော့ ဒါကို ဆွေးနွေးကြပါတယ်ခင်ဗျ။ သူတို့ယူလာတာ အခန်း ၁၁ ခန်းပါတယ်။ စာမျက်နှာ ၂၈ မျက်နှာလောက်ပါတယ်ဗျ။ အဲ့ဒါကို ဒီနေ့ ဆွေးနွေးတာ မူကိုပဲ ကျနော်တို့ အရင် ဆွေးနွေးတယ်။ စကားလုံးတွေ ဘာတွေ ရွေးတာကိုတော့ ကျနော်တို့ နောက်မှ လုပ်မယ်ဆိုပြီးတော့ အဓိကတော့ ဒါကို ဆွေးနွေးတာပါပဲ။”

မေး။ ။ သူတို့ချမှတ်ထားတဲ့ မူကြမ်းမှာပေါ့နော် အစိုးရဘက်ကနေပြီးတော့ သဘောမတူစရာ၊ ဒါမှမဟုတ်ရင် အငြင်းပွားစရာ အချက်တွေများ ပါပါသလားရှင့်။

ဖြေ။ ။ “ယေဘုယျအားဖြင့်တော့ ဒီနေ့ မနက် ၉ နာရီကနေပြီးတော့ ၄ နာရီ ၄၅ မိနစ်လောက်အထိ ဆွေးနွေးတဲ့ကြားထဲမှာတော့ မူအားဖြင့် ၈၀ ရာခိုင်နှုန်းလောက်ကတော့ တူတယ်လို့တော့ ပြောလို့ရတယ်။ စကားလုံးနဲ့ အထားအသိုနဲ့ နောက်ထပ် အဓိပ္ပါယ်ပေါက် မလွဲအောင်လို့ ဆွေးနွေးရတာမျိုးဖြစ်တော့ ၈၀ ရာခိုင်နှုန်းလောက် သဘောတူတာဖြစ်တဲ့အတွက် ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ ကျနော်တို့ ဆက်ပြီး ညှိနှိုင်းဖို့တော့ လိုဦးမယ်။”

မေး။ ။ ဆိုတော့ ဒီ သဘောမတူတဲ့ ညှိနှိုင်းရဦးမယ့် အချက်တွေထဲမှာ အရေးကြီးဆုံး အချက်တွေက ဘယ်အချက်တွေများ ပါဝင်ပါသလဲ။

ဖြေ။ ။ “တချို့အချက်တွေကတော့ structure change တဲ့ ကိစ္စတွေပေါ့နော်။ executive branch အနေနဲ့ လူတဦးတည်းရဲ့ သဘောနဲ့ ဆောင်ရွက်ပေးလို့မရတဲ့ ကိစ္စရပ်မျိုးတွေကိုတော့ ပြန်ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကလည်း ပြန်စဉ်းစားပေးဖို့ဆိုတာမျိုး ပြောထားတာရှိပါတယ်။ နောက် တချို့ကိစ္စရပ်တွေကိုတော့ ဝန်ကြီးဦးအောင်မင်းအနေနဲ့ ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီကို ပြန်တင်ပြပြီးမှ မူဝါဒ ယူရမှာတွေ ရှိတဲ့အတွက် အသေးစိတ်ကိုတော့ ကျနော့်အနေနဲ့ ဒီနေရာမှာ ပြောခွင့်မရှိပါဘူး။ ယေဘုယျ ၈၀ ရာခိုင်နှုန်းလောက် သဘောတူတယ်။ ၂၀ ရာခိုင်နှုန်းကိုတော့ နောက်အစည်းအဝေးတွေမှာ ပြန်ညှိရမယ်ဆိုတဲ့ဟာပဲ ကျနော်ဘက်က ရှင်းပြလို့ရပါမယ်။”

မကြာခင်ပြုလုပ်မယ့် ဘားအံဆွေးနွေးပွဲမတိုင်ခင် လာမယ့် ဖေဖော်ဝါရီလထဲမှာပဲ ရန်ကုန်ြမို့မှာ အခုလို ညှိနှိုင်းဆွေးနွေးရမယ့်ဟာတွေ ဆက်ရှိနေတယ်လို့လည်း ဆိုပါတယ်။ ဘားအံဆွေးနွေးပွဲကတော့ မတ်လလောက်ကျမှ ဖြစ်နိုင်ပြီး ဘားအံမြို့မှာ အကြေအလည် ဆွေးနွေးပြီးမှသာ နေပြည်တော်မှာ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လုပ်လာနိုင်မှာ ဖြစ်တယ်လို့လည်း မြန်မာအစိုးရဘက်က ဆိုပါတယ်။ တိုင်းရင်းသားတွေဘက်ကလည်း တဖွဲ့ချင်းအလိုက် ညှိနှိုင်းရမှာတွေရှိနေပြီး ညီညီညွတ်ညွတ် လုပ်ဆောင်နိုင်ဖို့ကိုတော့ လော်ခီးလာညီလာခံကြီးမှာ
ဆွေးနွေးခဲ့ကြပါတယ်။
XS
SM
MD
LG