သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ဖြုတ်သိမ်းရေး အစီအစဉ် နှစ်ဘက်ဆွေးနွေး


လက်နက်ဖြုတ်သိမ်းရေး နှစ်ဘက်ဆွေးနွေး (မတ် ၁၈၊ ၂၀၁၅)
လက်နက်ဖြုတ်သိမ်းရေး နှစ်ဘက်ဆွေးနွေး (မတ် ၁၈၊ ၂၀၁၅)

အမှားပြင်ဆင်ချက်။ ။ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ဗွီအိုအေမြန်မာပိုင်း အစီအစဉ်ကနေ ထုတ်လွှင့်ခဲ့ပြီး "လက်နက်ဖြုတ်သိမ်းရေး သဘောတူညီချက်ရ" - ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ သတင်းမှာ "သဘောတူညီချက်ရ" ဆိုတဲ့အချက်ဟာ နှစ်ဘက်ပြောကြားချက်တွေအပေါ် ဗွီအိုအေသတင်းထောက်အနေနဲ့ ရောထွေး မှားယွင်းသွားခြင်းဖြစ်ပါတယ်။ မှားယွင်းချက်ကို ပြန်လည် ပြင်ဆင်ပြီး ဖြစ်ပါတယ်။ မှားယွင်းဖော်ပြခဲ့တဲ့ အတွက်လည်း ဗွီအိုအေမြန်မာပိုင်းက တောင်းပန်အပ်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) အတွက် (၇) ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲ တတိယနေ့မှာ တပ်ကိစ္စ၊ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းတွေကိုတော့ ဗွီအိုအေမြန်မာပိုင်းက မေခ ကပေးပို့ထားပါတယ်။

ဒီကနေ့ကျင်းပခဲ့တဲ့ တတိယနေ့ဆွေးနွေးပွဲမှာ ယခင်ကြန့်ကြာမှု ဖြစ်စေခဲ့တဲ့ လက်နက်ဖြုတ်သိမ်းရေးကိစ္စကို ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ရှင်းလင်းခဲ့တယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)ခေါင်းဆောင် ဦးနိုင်ဟံသာ ကပြောပါတယ်။

"သူတို့ရဲ့ဦးတည်ချက်ကတော့ ဒါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ဆိုတာ ဆိုလိုတယ်ဆိုပြီးတော့မှ ဒုဗိုလ်ချုပ်ကြီးရဲအောင်က ဒါကို ရှင်းပြတယ်လေ။ ဒါချည်းပဲ လုပ်လုပ် နိုင်ငံရေးအရ မပြေလည်ရင်တော့ ဒါ ဘယ်လိုမှ ပြေလည်မှ မဟုတ်ဘူး။ နိုင်ငံရေးအရချည်းပဲ ဆွေးနွေးပြေလည်မှုရပြီးတော့ ဒီဟာ မလုပ်နိုင်ရင်လည်း ဒီငြိမ်းချမ်းရေးဆိုတာလည်း မခိုင်မြဲဘူးလို့ သူက အဲ့လိုပြောပါတယ်။ ဒါက သူတို့ဘက်က အမြင်ပေါ့လေ။"

တိုင်းရင်းသားတွေ တောင်းဆိုထားတဲ့ Security Sector Reform လို့ခေါ်တဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ကိုလည်း တပ်ပိုင်းဆိုင်ရာဘက်က လက်မခံသေးပါဘူးလို့ ဦးနိုင်ဟံသာကပြောပါတယ်။ တိုင်းရင်းသားတွေဘက်က စစ်မှန်တဲ့ ဖက်ဒရယ်တပ်မတော်ကို လိုလားတဲ့အတွက် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ကို တောင်းဆိုထားတာဖြစ်တယ်လို့ ဦးနိုင်ဟံသာကပြောပါတယ်။

တပ်ပိုင်း ဆိုင်ရာဘက်က လုံခြုံရေးဆိုင်ရာပေါင်းစည်းရေးခေါင်းစဉ်မှာ နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး ဆွေးနွေးမှုတွေမှာ ကျင့်သုံးလေ့ရှိတဲ့ DDR ဆိုတဲ့ လက်နက်ဖြုတ်သိမ်းရေး ၊ စစ်မှုထမ်း အဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်းနဲ့ အရပ်သားတွေ အဖြစ် ပြန်လည် ပေါင်းစည်းရေး မူဝါဒကိုတင်ပြထားပါတယ်။ဒီမူဝါဒဟာ ဖက်ဒရယ် တပ်မတော်မဖြစ်နိုင်ဘူးလို့ တိုင်းရင်းသားတွေဘက်က ပြောပါတယ်။

ဒါကိုနိုင်ငံရေးဆွေးနွေးပွဲမှာမှဆွေးနွေးမယ် ဆိုပေမယ့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA)မှာ ကတိကဝတ်အနေနဲ့ ဒီအပိုင်းကို နှစ်ဖက်က ထည့်သွင်းလိုတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်အထိ နှစ်ဖက်က တင်ပြနေတဲ့ပုံစံဟာ ကွဲလွဲနေသေးတယ်လို့ ဦးနိုင်ဟံသာက ခုလိုပြောပါတယ်။

" ကဲ ငြိမ်းချမ်းရေး ရသွားပြီ ဆိုပါစို့ပေါ့နော်။ အန်ကယ်လ်တို့တပ်တွေကို အားလုံးဖျက်သိမ်းရမယ်ဆိုတဲ့ပုံစံမျိုး အန်ကယ်လ်တို့ မလိုချင်ဘူး။ အန်ကယ်လ်တို့နိုင်ငံမှ တပ်မတော်ဆိုတာ လူတစုတည်းကနေပြီးတော့ ချုပ်ကိုင်ထားတဲ့ ပုံစံဖြစ်တယ်။ စစ်တပ်က အာဏာ သိမ်းတဲ့ပုံစံက အခုထက်ထိ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတယ်။ အဲ့သလိုအနေအထားမျိုးမှာ တပ်မတော်က ဒီလိုပဲ အာဏာသိမ်းပြီးတော့ ဝင်ချုပ်ကိုင်နေရင် အန်ကယ်တို့ လိုချင်တဲ့ပုံစံက အာမခံချက် မရှိနိုင်ဘူးလို့ မြင်တယ်လေ။ အန်ကယ်လ်တို့ဖြစ်စေချင်တာက တပ်မတော်ကို အသွင်ပြောင်းရမယ်။ မြင်ချင်တာကလေ ဖက်ဒရယ်ပြည်ထောင်စုမှာ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတဲ့ ပုံစံမျိုး ဖြစ်ဖို့ လိုတယ်။"

လက်ရှိအခြေအနေမှာ စစ်ရေးတင်းမာနေတဲ့ ကိုးကန့်ကိစ္စကို ဆွေးနွေးခြင်းမပြုပဲ သီးခြားအစီစဉ်နဲ့ဆွေးနွေးဖို့ကိုလည်း လုပ်ဆောင်နေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေ က ပြောပါတယ်။ ဆွေးနွေးပွဲမှာ နိုင်ငံတကာ သံတမန်တွေ ပါ ဝင်တာမို့ သီးခြားဆွေးနွေးဖို့ စီစဉ်တာဖြစ်တယ်လို့ တိုင်းရင်းသားတွေကပြောပါတယ်။ ကိုးကန့်အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲကို မထိခိုက်အောင် နှစ်ဖက်စလုံးက လုပ်ဆောင်နေတယ်လို့ လည်း ဦးခွန်ဥက္ကာကပြောဆိုလိုက် ပါတယ်။

" ကိုးကန့်တိုက်ပွဲကြောင့် ဆွေးနွေးပွဲ အဟန့်အတားမဖြစ်အောင် အားလုံး သတိထားပါတယ်။ သူတို့ဆီက အချက်အလက် အထောက်အထားတွေ ပြောရင်လည်း တရုတ်ကလည်းနားထောင်နေတယ်။ ယူအန်ကလည်း နားထောင်နေတယ်ဆိုတော့ မသင့်တော်ဘူးပေါ့။ ဒါကြောင့် သီးခြားဆွေးနွေးဖို့ ဖြစ်လာတာပါ။"

အစိုးရဘက်ကတော့ ဆွေးနွေးမှုဟာအားရစရာကောင်းကြောင်းဆွေးနွေးပွဲနဲ့ပတ်သတ်ပြီးသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အရင်ဆွေးနွေးပွဲတွေတုန်းက မကျေလည်သေးတဲ့ အချက် ၈ချက်မှာ ၂ချက်ကို ကျေလည်အောင်ဆွေးနွေးခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေး စင်တာက ပြန်ကြားရေးတာဝန်ခံ ဦးလှမောင်ရွှေကပြောပါတယ်။

XS
SM
MD
LG