သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို ကားပါမစ် အစိုးရထုတ်ပေးမှုအပေါ် ဝေဖန်


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နေချိန် အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကို ကားတင်သွင်းခွင့် ပါမစ်ထုတ်ပေးတာနဲ့ပတ်သက်ပြီး လုပ်ပိုင် ခွင့်တွေမှာ ကိုယ်ကျိုးဖက်မှုရှိနေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ် လာနေပါတယ်။ ဒီအပေါ်မှာ လက်နက်ကိုင် အဖွဲ့တွေရဲ့ရပ်တည်ရေးအတွက် ဖြေရှင်းပေးတာ သပ်သပ်ဖြစ်တယ်လို့ အစိုးရ တာဝန်ရှိသူတွေဘက်က တုံ့ပြန် ဖြေရှင်း လာကြပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်ရေး အတွက် ရေတိုဖြေရှင်းရေး အစိုးရဘက်က ဆောင်ရွက်ပေးနေတာသာ ဖြစ်တယ်လို့ သမ္မတပြောခွင့်ရ ဒုတိယပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ပြောပါ တယ်။ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်မယ့် လက်နက်ကိုင်အဖွဲ့တွေရဲ့ ရေရှည် ရပ်တည်နိုင်ရေး အတွက်လည်း အစိုးရအဖွဲ့အနေနဲ့ စီစဉ်ဆောင်ရွက်နေပါတယ် လို့ သူကဆက်ပြောပါတယ်။

“ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ အဲဒီကားတွေကို သူတို့လက်ထဲမှာရှိနေတဲ့ မှတ်ပုံတင်မယ့် ကားတွေကို မှတ်ပုံတင်ခွင့်ရအောင် လုပ်ပေးတဲ့ ရည်ရွယ်ချက်ကတော့ အဓိကအားဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ အချိန်အတွင်းမှာ ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အခွန်… သူတို့ လှုပ်ရှားတဲ့ နယ်မြေမှာ အခွန်ကောက်ခံတာတွေ၊ တရားမဝင်လုပ်ငန်းတွေ မလုပ်ဖို့ဆိုပြီးတော့ ကျနော်တို့ သဘောတူထားတာ ရှိပါတယ်။ သို့သော် သူ့မှာ တပ်ဖွဲ့တွေ ရှိတဲ့အတွက်ကြောင့် အဖွဲ့ကြီးကို လှုပ်ရှားလည်ပတ်နိုင်ဖို့အတွက် ငွေအားလည်းလိုတာကိုး။ ဒါကြောင့်မို့ ရေတိုဖြေရှင်းနည်းအနေနဲ့ ကျနော်တို့က သူတို့ရဲ့ကားတွေကို မှတ်ပုံတင်ခွင့် ပြုလိုက်တာဖြစ်ပါတယ်။

တကယ့်ရေရှည်ကတော့ နောင်မှာ ကျနော်တို့က အဲဒီဒေသတွေမှာ စက်မှု လက်မှု လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ ဒီလိုလုပ်ငန်းမျိုးတွေ ထွန်းကားလာအောင် ပေါ်ပေါက်လာအောင် ကျနော်တို့က ဆက်ပြီးတော့ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒါကတော့ ရေတိုခန ကျနော်တို့က ဖြေရှင်းတဲ့နည်းပဲဖြစ်ပါတယ်။”

ဒီလိုမျိုး အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် ကားပါမစ် ချပေးတာလို စီးပွားရေးလုပ်ပိုင်ခွင့်ပေးတာဟာ အကျိုးအမြတ်ရလိုသူတွေ အတွက် အကျင့်ပျက်မှုကို အားပေးရာရောက်တယ်လို့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောပါတယ်။

“ကျနော့်ရဲ့ပအို့ဝ်အဖွဲ့အစည်းအနေနဲ့ ကြည့်ရင်တော့ corruption ကို အားပေး သလိုဖြစ်တယ်ဗျ။ ကျနော်တို့အဖွဲ့ထဲမှာတော့ corruption အားပေးသလို ဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ စီးပွားရေးလုပ်ချင်တဲ့ ခေါင်းဆောင်တွေက သူတို့စီးပွားရေးလုပ်နိုင်ဖို့အတွက် လမ်းဖွင့်သလို ဖြစ်သွားတော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေ အချင်းချင်း ကြားမှာပေါ့လေ၊ အဲဒီသမ္မတကပေးတဲ့ အခွင့်အရေးလေးကို အားပြုပြီးတော့ ပြိုင်ဆိုင်မှုတွေ၊ သွေးခွဲမှုတွေ ကွဲပြားမှုတွေ ပေါ်လာတာပေါ့။ ကျနော်တို့ ပအို့ဝ်မှာတော့ အဲလိုဖြစ်တယ်ဗျ။ ကျန်တဲ့အဖွဲ့အစည်းတွေကိုတော့ ကျနော် မသိဘူး။”

အခုလိုမျိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က အစိုးရပေးတဲ့ လုပ်ပိုင်ခွင့်တွေ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အပေါ် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ အနေနဲ့ကတော့ တဖွဲ့ချင်းစီရဲ့ ရပ်တည်မှု ခံယူချက်သပ်သပ်ပဲဖြစ်လို့ တစုံတရာ မှတ်ချက် မပေးလိုဘူးလို့ UNFC တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောပါတယ်။

“ကျနော်တို့ UNFC ကတော့ ဘာမှလည်းမရဘူး၊ အဲဒီကိစ္စလည်းမသိတော့ တဖွဲ့ချင်းပြဿနာဖြစ်တာပေါ့။ တဖွဲ့ချင်းပြဿနာဆိုတော့ တဖွဲ့ချင်းကိုမေးမှ ရမယ်။ UNFC က ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ဘာမှ အဆက်အစပ် မရှိသေးဘူး။ ဒီလိုအခွင့်အလမ်းမျိုးလည်း ကျနော်တို့ တခါမှ ပတ်သက်တာ မရှိသေးဘူးလေ။”

အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို အစိုးရက ကားပါမစ်ချပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာနေချိန်မှာပဲ အစိုးရအနေနဲ့ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်တာ သပ်သပ်သာဖြစ်တယ်ဆိုပြီး အစိုးရ တာဝန်ရှိဝန်ကြီးတွေဘက်က ဖြေရှင်းချက်တွေထွက်ပေါ်လာသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ဘက်ကလည်း ဖြေရှင်းချက်တွေ ထုတ်ပြန်နေချိန် ဖြစ်ပါတယ်။
XS
SM
MD
LG