သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမှု ဒေါ်စု သက်သေပြုဖို့ အစိုးရနဲ့ တိုင်းရင်းသားတွေ လိုလား


တိုင်းရင်းသား လက်နက်ကိုင်တချို့နဲ့ မြန်မာအစိုးရတို့ကြား အပစ်ရပ်ရေး စာချုပ် လက်မှတ်ရေးထိုးတာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသိသက်သေ အဖြစ် လက်မှတ်ထိုးပေးဖို့ နှစ်ဘက်တို့က လိုလားနေကြပါတယ်။ တိုင်းရင်းသားတို့ဘက်က လိုလားရင် အပစ်ရပ်စာချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်မှတ်ရေးထိုးလိုတဲ့ ဆန္ဒရှိပေမယ့် ခိုင်မာတဲ့ အပစ်ရပ်ရေး ဖြစ်ဖို့လိုအပ်တယ်လို့လည်း ထောက်ပြ ထားပါတယ်။ အသေးစိတ်ကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ကြား အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ အပစ်ရပ်ရေး လက်မှတ်ရေး ထိုးတာမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အသိသက်သေ အဖြစ် လက်မှတ်ရေးထိုးပေးဖို့ အစိုးရဘက်ကရော တိုင်းရင်းသားတို့ ဘက်ကပါ လိုလားနေကြတာပါ။ အပစ်ရပ်ရေး သဘောတူထားတဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ANP ကိုယ်စားလှယ် ဒေါ်စောမြရာဇာလင်းက အခုလို ပြောပါတယ်။

“နှစ်ဘက်စလုံးကတော့ လိုလိုလားလားရှိတယ်လို့ ကျမတို့ တွေ့ရပါတယ်။ အစိုးရဘက်နဲ့ ကျမတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ဆွေးနွေးတဲ့အခါမှာ ပြည်တွင်းအသိသက်သေတွေကို စဉ်းစားတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို အရင်ဆုံးထည့်ပြီးတော့ စဉ်းစားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝင်လာမှုဟာလည်း အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါကြောင့်မို့လို့ အစိုးရဘက်ကလည်း လိုလားတယ်၊ ကျမတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ပါဝင်မှုကို လိုလားတာမို့လို့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမှုကို ကျမတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း အဆိုပြုတာဖြစ်ပါတယ်။”

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ဘက်က လိုလားချက်ရှိရင် အပစ်ရပ်ရေး စာချုပ်မှာ အသိသက်သေ အဖြစ် လက်မှတ်ရေးထိုးပေးဖို့ သဘောထားရှိပေမယ့် ခိုင်မာတဲ့ အပစ်ရပ်ရေးစာချုပ် ဖြစ်စေ ချင်တယ်လို့ ပြောထားတဲ့ အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။

“တကယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ တိုင်းရင်းသားပါတီတွေရောက လိုလားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်မှတ်ထိုးဖို့ ဝန်မလေးဘူး၊ သို့သော် တချက်တော့ရှိတယ်။ ဘာလဲဆိုရင် အဲဒီထိုးလိုက်တဲ့လက်မှတ်ဟာ အဲဒီထိုးလိုက်တဲ့စာချုပ်ဟာ ခိုင်မာရမယ်၊ စာချုပ်ချုပ်ပြီး ပျက်တဲ့- အလွယ်တကူပျက်တတ်တဲ့စာချုပ်မျိုး မဖြစ်ရဘူးဆိုတဲ့ဟာကို ကျနော် အဲဒီမှာ ပြောပြပါတယ်။”

ဒါပေမယ့်လက်ရှိ ကာလမှာက ရွေးကောက်ပွဲကာလဖြစ်ပြီး အစိုးရ အကူးအပြောင်းကာလ ဖြစ်နေတဲ့အတွက် အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲ ဦးဆောင်မှု အခန်းကဏ္ဍ၊ အားလုံးပါဝင်နိုင်မှု အခန်းကဏ္ဍနဲ့ လက်တွေ့ဖြစ်နိုင်ခြေတွေကို အဓိကထားပြီး စဉ်းစားကြဖို့ကိုလည်း NLD ဘက်က တိုက်တွန်းခဲ့တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေရဲ့ ပြဿနာနဲ့ပတ်သက်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်၊ နိုင်ငံကိုလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်အောင် ရည်ရွယ်ချက်ထားတယ်ဆိုတဲ့ …ရှိခဲ့တယ်။ ဒီအတိုင်းပဲ ကျနော်တို့ တသွေမတိမ်းဘဲ ရပ်တည်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့၊ အဲဒီတော့ ဖက်ဒရယ်ဆိုတာကို ပြောတာလည်း ကျနော်တို့ ပထမဦးဆုံးပဲ။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးလည်း လိုလားတယ်။ စာချုပ် ချုပ်မယ်ဆိုရင်လည်း ကြိုဆိုလက်ခံရမယ့်သဘောရှိတယ်။ သို့သော် ရွေးကောက်ပွဲနဲ့ သိပ်ပြီးတော့ အလုပ်များနေတဲ့အချိန်မှာ အစည်းအဝေးလုပ်ဖို့ကတော့ မဖြစ်နိုင်ဘူးထင်တယ်။ အဲဒါတစ်ချက်၊ နောက်တစ်ချက်ကတော့ ရွေးကောက်ပွဲပြီး တဲ့နောက်မှာ ဘယ်သူနိုင်မလဲဆိုတာလည်းမသိသေးဘူး၊ နိုင်ပြီးရင်လည်း ဘယ်လိုနည်းနဲ့အာဏာလွှဲမယ်ဆိုတဲ့ဟာလည်း မသိသေးတော့ - transition period - အင်မတန်အလုပ်များတဲ့အချိန်၊ အဲဒီအချိန်မှာ ငြိမ်းချမ်းရေးဦးစားပေးမယ်ဆိုရင် ဘယ်သူက ဦးဆောင်လုပ်မှာလဲ၊ အစိုးရကပဲလုပ်မှာပဲလား၊ ဒီပုဂ္ဂိုလ်တွေကပဲလုပ်မှာပဲလား။ …….ဒါကြောင့်မို့လို့ စဉ်းစဉ်းစားစားလုပ်သင့်တယ်လို့ ကျနော်တင်ပြခဲ့တာ။”

ဒါ့အပြင် လက်ရှိ မြန်မာအစိုးရက မတရားအသင်း ကြေညာထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်ရပ်ရေးမှာ နိုင်ငံရေး ပါတီတွေ ပါဝင် ပတ်သက်လာရင် တည်ဆဲဥပဒေအရ အာမခံချက်ရှိမရှိဆိုတာနဲ့ တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းမယ့်အရေးကိုလည်း ထောက်ပြခဲ့တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။ အပစ်ရပ်အပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး တနလာၤနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ နိုင်ငံရေးပါတီတို့ကြား အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ကြား အရင်ချုပ်ဆိုထားတဲ့ အပစ်ရပ်ရေးစာချုပ်တွေ ပျက်ပြယ်ခဲ့ကြတာတွေကိုလည်း ထောက်ပြပြီး အခု ချုပ်ဆိုမယ့် အပစ်ရပ်ရေး စာချုပ်ရဲ့ခိုင်မာမှု၊ ယုံကြည်မှု တည်ဆောက်နိုင်ရေးကို အဓိကထားကြဖို့ NLD က တိုက်တွန်းထားပါတယ်ရှင်။

XS
SM
MD
LG