သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ရဲ့သံသယ KIA ထောက်ပြ


တတိုင်းပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ကချင်ပြည်နယ် လိုင်ဇာမှာ သီးသန့်ညီလာခံလုပ် ဆွေးနွေးနိုင်ဖို့ အစိုးရက ခွင့်ပြုထားပေမဲ့ ကချင်ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကိုကြည့်ရင် စစ်တပ်ဘက်က တိုင်းရင်းသားဆွေးနွေးပွဲအပေါ် သံသယရှိနေပုံရတယ်လို့ KIO ဘက်က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေချည်း ကျင်းပမယ့် ညီလာခံကို လေ့လာနိုင်ဖို့ အစိုးရကိုယ်စားလှယ်တွေ တက်ရောက်ဖို့ကိုလည်း ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ အကြောင်းစုံကို ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က ဗွီအိုအေ ရန်ကုန်ရုံးကနေ သတင်းပေးပို့ထားပါတယ်။

ဒီလက်နက်ကိုင်အဖွဲ့အစည်းများ ညီလာခံအတွင်း အစိုးရရဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး အစီအစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲ စတင်တဲ့အခါ တိုင်းရင်းသားတွေဘက်က တညီတညွတ်ထဲ တင်ပြကြမယ့် အချက်တွေကို ဆွေးနွေးဖို့အတွက် ဖြစ်တယ်လို့ ကေအိုင်အိုအဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူးတဦးဖြစ်သူ ဦးဒေါင်ခါးက ဗွီအိုအေကို ပြောပါတယ်။

“အဓိကကျနော်တို့ ဒီတခေါက်မှာ ကျနော်တို့က Nationwide Ceasefire စီမံချက်ပေါ်မှာ အခြေခံပြီးတော့ ဘယ်လို ချဉ်းကပ်မလဲ။ ပြီးရင် Political Dialogue လုပ်လာတဲ့အချိန်မှာ ကျနော်တို့ Common Proposal ဘာလုပ်မလဲပေါ့။ အဓိက ဒီ နှစ်ချက်အပေါ်မှာမူတည်ပြီးတော့ စည်းဝေးသွားမှာပါ။”

ဒီ တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့ရဲ့ ညီလာခံကတော့ အစိုးရမပါဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေချည်း ပြုလုပ်တဲ့ ညီလာခံဖြစ်တာကြောင့် အစိုးရကို ဖိတ်ကြားဖို့ အစီအစဉ် မရှိပေမဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းအနေနဲ့ လေ့လာသူအဖြစ် တက်ချင် တက်ခွင့်ရှိမယ်လို့ ဆိုပါတယ်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာမှာကျင်းပမယ့် အဲဒီ တိုင်းရင်းသား လက်ကိုင်အဖွဲ့များရဲ့ သီးခြား ညီလာခံပြီးရင် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မြစ်ကြီးနားမြို့မှာ တဆက်တည်းဆိုသလို ထပ်မံ တွေ့ဆုံသွားကြမှာ ဖြစ်တယ်လို့ ဦးဒေါင်ခါး က ဆက်ပြောပါတယ်။

“အဲ့ဒီနေ့ Armed Groups Conference ပြီးတဲ့နောက်ပိုင်းမှာ မြစ်ကြီးနားမှာ ကျနော်တို့ ထပ်လုပ်ဖို့ရှိတယ်။ မြစ်ကြီးနားမှာလုပ်တဲ့အချိန်မှာ ဦးအောင်မင်းတို့ရော၊ ဒီ UN က လူကြီးတွေရော၊ တရုတ်တွေကိုပါ ဖိတ်ဖို့ အဲ့လို လျာထားပါတယ်။ အခု အစိုးရအနေနဲ့ ဝန်ကြီး ဦးအောင်မင်းတို့ကတော့ ခွင့်ပြုချက်ပေးပေမဲ့ စစ်တပ်က နည်းနည်း သံသယရှိတဲ့ အနေအထားရှိတယ်။ ဆိုတော့ ဒီလိုမျိုး နိုင်ငံရေးဖြေရှင်းတဲ့ လမ်းကြောင်းပေါ်မှာ သံသယစိတ်တွေရှိကြတာ မကောင်းဘူး။”

မေး။ ။ စစ်တပ်ဘက်က ဘယ်လိုများ ပြောပါသလဲခင်ဗျ။
ဖြေ။ ။ “ပြောတာတော့ မရှိပါဘူး။ ဒါပေမဲ့ အခု လက်တွေ့ ရှေ့တန်းစစ်မြေပြင်မှာ တပ်မဟာ ၃ တပ်ရင်း ၁၂ နေရာတွေမှာ အခု တိုက်ပွဲတွေ ကြိုကြား ပြန်ဖြစ်နေတယ်။ မနေ့ကတော့ အမြောက်ကျည်ဆံတွေ ပစ်နေတယ်။ ဒါတွေက Military Action က တမျိုးကြီးဖြစ်နေတာပေ့ါ။”

မေး။ ။ ဟုတ်ကဲ့ အဲ့ဒါ ဘယ်နေရာ ဘယ်မြို့နယ်တွေလောက်ဖြစ်မလဲခင်ဗျ။
ဖြေ။ ။ “မန်စီမြို့နယ်ပေါ့။ မန်စီမြို့နယ်၊ မဘိန်းမြို့နယ် ဒီနေရာတဝိုက် ဒီမြို့နယ် နှစ်ခုမှာ အဓိကဖြစ်နေတာ။”

မေး။ ။ ဆရာဒေါင်ခါးရေ… အခုလို တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ အသေအပျောက်၊ ထိခိုက်ဒဏ်ရာရတာတွေရော ရှိပါသလားခင်ဗျ။
ဖြေ။ ။ “အဲ့ဒီ မန်စီမြို့နယ်၊ မဘိန်းမြို့နယ်မှာတော့ အကျအဆုံး မရှိပါဘူး။ ဒါပေမဲ့ ရွာသားပျောက်ဆုံးတဲ့ဟာ ကြားတယ်။ ပြီးရင် ၂ ယောက်က ဒဏ်ရာရပြီး ဆေးရုံတက်တယ် ဒါပဲ။”

မန်စီဘက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့တော့ ဗွီအိုအေက သီးခြားအတည်ပြုချက် မရခဲ့ပါဘူး။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နားလည်မှု တည်ဆောက်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ကြိုးပမ်းနေတဲ့နေရာမှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကတမျိုး၊ လွှတ်တော်နဲ့ စစ်တပ်ကလည်း တမျိုးစီ ဖြစ်နေကြတာဟာ လုပ်ငန်း နှောင့်နှေးစေတာကြောင့် သမ္မတရဲ့ လမ်းညွန်ချက်ကိုပဲ စစ်တပ်အပါအဝင် အားလုံးက လိုက်နာ ဆောင်ရွက်သင့်တယ်လို့ ဦးဒေါင်ခါးက ထောက်ပြပါတယ်။

“သမ္မတက ဒီလို လမ်းညွှန်ချက် ချပြီး လုပ်မယ်။ စစ်တပ်ရဲ့ Military Attitude က တမျိုးဖြစ်နေတယ်။ ဆိုတော့ ဒီကွာဟမှုတွေက သံသယကို အမြဲတမ်းဖြစ်စေတယ်။ ကျနော်တို့က သမ္မတ ဦးသိန်းစိန်ရဲ့ လမ်းကြောင်းပေါ်မှာ ညှိနှိုင်းဆွေးနွေးရေးလုပ်နေတယ်။ စစ်တပ်က ဒီညှိနှိုင်းဆွေးနွေးရေးမှာ ပါပေမဲ့ တကယ်တမ်း ရှေ့တန်းစစ်မြေပြင်မှာကတော့ Action က တမျိုးဖြစ်နေတယ်။ ရှေ့တိုးဖို့ ခက်နေတာပေါ့။ ဖြစ်သင့်တာက သမ္မတ ညွှန်ကြားမှုအောက်မှာ အားလုံးက တပေါင်းတည်းဖြစ်ဖို့ အရေးကြီးပါတယ်။”

အောက်တိုဘာလ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ ပြုလုပ်မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံဟာ အစိုးရက လက်ရှိ လုပ်ဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တခုချင်းစီနဲ့ လိုက်လံ တွေ့ဆုံတာမျိုး မဟုတ်ဘဲ အားလုံး တစုတစည်းထဲ တွေ့ဆုံကြမှာ ဖြစ်တဲ့အတွက် ဒီတွေ့ဆုံမှုက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေကို အထောက်အကူ ပြုမယ်လို့ မျှော်လင့်ကြောင်း ဦးဒေါင်ခါးက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား ကနေ့အထိ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးတာဟာ ပြည့်ဝတဲ့ ဖက်ဒရယ်စနစ် အကောင်အထည် မဖော်နိုင်သေးတဲ့အတွက် ဖြစ်တယ်လို့ မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ KIO ခေါင်းဆောင်တွေ မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာ တွေ့ဆုံ ဆွေးနွေးပြီး နောက်တနေ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာပဲ KIO အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး တဦးဖြစ်သူ ဦးဒေါင်ခါးက ဗွီအိုအေကို ပြောကြားဖူးပါတယ်။
XS
SM
MD
LG