သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိအစိုးရ သက်တမ်းမကုန်ခင် အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ ကြိုးစား


 NCA အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်း သမ္မတ ဦးသိန်းစိန်ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြစဉ်။ (မတ်လ ၃၁ရက်နေ့၊ ၂၀၁၅)
NCA အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်း သမ္မတ ဦးသိန်းစိန်ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြစဉ်။ (မတ်လ ၃၁ရက်နေ့၊ ၂၀၁၅)

လက်ရှိအစိုးရ သက်တမ်းကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့အပစ်အခတ်ရပ်စဲရေးစာချုပ် NCA အပြီးသတ် လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေး ကြိုးပမ်းသွားဖို့ မူအားဖြင့် သဘောတူညီချက်ရခဲ့တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ NCA အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့က သဘောထားထုတ်ပြန်လိုက်ပါတယ်။ တနိုင်ငံလုံး အပစ်ရပ်စာချုပ်မှာ အားလုံး ပါဝင်နိုင်ရေးအပါအဝင် အပြီးသတ်မူချော ရရှိရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ အစိုးရ ကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့ ကြိုးပမ်းနေကြပါတယ်။ တနိုင်ငံလုံးအပစ်ရပ်စာချုပ် အပြီးသတ် ချုပ်ဆိုနိုင်ရေး တိုင်းရင်းဒေသအချို့က စစ်ရေး တင်းမာမှုတွေကို လျှော့ချနိုင်ရေးအတွက်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က နှစ်ဘက်ထိတွေ့မှုတွေကို ရှောင်ရှားဖို့ ဆန္ဒရှိနေပါတယ်။ ဒီတော့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ချုပ်ဆိုနိုင်ရေး နောက်ဆုံး အခြေအနေ ဘယ်လိုရှိနေပြီလဲဆိုတာကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကနေ ဇူလိုင်လ ၅ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း များ၏ NCA အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (EAOs’ Senoir Delegations for NCA (SD) ရဲ့ ဒုတိယအကြိမ် အစည်းအဝေးကနေ လက်ရှိ အစိုးရသက်တမ်းကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA အပြီးသတ် လက်မှတ်ရေးထိုးနိုင်ရေး မူအားဖြင့် သဘော တူညီမှုရခဲ့တယ် ဆိုတာကို သဘောထားထုတ်ပြန်လိုက်တာပါ။ ပြီးခဲ့တဲ့ မတ်လ ၃၁ရက်နေ့က သမ္မတဦးသိန်းစိန်ရှေ့မှောက်မှာ တနိုင်ငံလုံးအပစ်ရပ် စာချုပ်မူကြမ်းကို နှစ်ဘက် ချုပ်ဆိုနိုင်ခဲ့ပြီးတဲ့နောက် အပြီးသတ်လက်မှတ်ထိုးနိုင်ဖို့အရေး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့အကြား မူအားဖြင့် သဘောတူညီမှုရခဲ့တဲ့အခြေအနေကို SD အဖွဲ့ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးပူးဇင်ကျုံးက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ကျနော်တို့ ဒီ NCA ကို အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ အပြီးသတ်နိုင်ရေးအတွက် ကျနော်တို့ တိုင်းရင်းသားဘက်ကတော့ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း၊ အခုလည်းပဲ အစိုးရလက်ထက်မှာပေါ့လေ- ဒါကို ကျနော်တို့ စလာခဲ့တယ်၊ တနှစ်နဲ့ငါးလ ကြာပါတယ်ခင်ဗျ။ ဒီတော့ကာ NCA ကို အမြန်ဆုံး ဒီအစိုးရလက်ထက်မှာပဲ အပြီးသတ်နိုင်အောင် ကျနော်တို့ ကြိုးစားဖို့နဲ့ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကိုပါ ရေးဆွဲနိုင်ဖို့ရာ ဦးတည်သွားမယ်ဆိုတာကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကျနော်တို့ သဘောတူညီမှု ရခဲ့ပါတယ်ခင်ဗျား။”

တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ အားလုံး ပါဝင်နိုင်ရေး၊ စာချုပ်မှာ ဘယ်သူတွေ ပါဝင်လက်မှတ်ထိုးကြမယ် အသိသက်သေတွေက ဘယ်သူတွေ ဖြစ်သင့်တယ် စသဖြင့် အပြီးသတ် မူချောအဆင့်ရရှိရေးအတွက် NCA အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့အနေနဲ့ အတည်ပြုမူကြမ်း တိုးမြှင့်ရရှိနိုင်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ တနိုင်ငံလုံးအပစ်ရပ်ရေးကို သက်ရောက်မှုရှိစေနိုင်တဲ့ တိုင်းရင်းဒေသအချို့က စစ်ရေးတင်းမာနေဆဲ အခြေအနေကို လျှော့ချနိုင်အောင်လည်း အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ အဓိကထားဆွေးနွေးခဲ့ကြပါတယ်လို့ ဦးပူးဇင်ကျုံးက ဆိုပါတယ်။

“ဒီတော့ကာ တိုက်ပွဲတွေ ဖြစ်လို့ရှိရင် နှစ်ဘက်ကြားထဲမှာ ယုံကြည်မှုလည်း ပျက်ပြားသွားနိုင်တယ်ဆိုတဲ့ဟာကိုလည်း အစိုးရကို အမြဲတမ်း တင်ပြနေတာ ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးဘက်ကလည်း ဒီကြားထဲမှာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် သတ်နိုင်သလောက် ပစ်ခတ်တိုက်ခိုက်မှုတွေကို မလုပ်ဖို့နဲ့၊ ဖြစ်နိုင်သလောက် ရှောင်ရှားဖို့ပေါ့လေ- အကုန်လုံး NCA မှာ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဦးတည်ပြီးတော့မှ ပစ်ခတ်တိုက်ခိုက်မှုတွေကို အတတ်နိုင်ဆုံး ရှောင်ရှားဖို့ရာအတွက် အချင်းချင်း ကျနော်တို့ကြားထဲမှာ ညှိနှိုင်းဖြေရှင်းနေကြတာ ရှိပါ တယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ဒီကြားထဲမှာ ထိုးစစ်ဆင်တာတွေ၊ တပ်အင်အားအလုံးအရင်းနဲ့ချထားတာတွေ မရှိဘူးဆိုရင် တိုက်ပွဲဖြစ်စရာ အကြောင်း မရှိပါဘူးခင်ဗျ။ နှစ်ဘက်က ကြိုးပမ်းဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒါတွေဟာ လျော့ပါးသွားနိုင်မယ့်အနေအထားမျိုး ရှိပါတယ်လို့ ကျနော်ပြောချင်ပါတယ်။”

တနိုင်ငံလုံးအပစ်ရပ်စာချုပ်ဆိုနိုင်ရေး နိုင်ငံရေးမူဘောင်ရေးဆွဲနိုင်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ရေးစတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီးတော့ မြန်ဆန်အောင် ဆောင်ရွက်နိုင်ဖို့ မိမိကိုယ်ကို ခုခံကာကွယ်တာမှအပ နှစ်ဘက်ထိတွေ့မှုတွေကို အတတ်နိုင်ဆုံး လျှော့ချရှောင်ရှားသွားပါမယ် လို့လည်း လက်ရှိအစိုးရနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်က ဒီကနေ့ ဇွန်လ ၆ ရက်နေ့မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် လော်ခီးလာတိုင်းရင်းသားထိပ်သီးအစည်းအဝေးရဲ့ဆုံးဖြတ်ချက်ထဲပါဝင်တဲ့ အားလုံးပါဝင်နိုင်ရေး မူအပေါ်မှာ TNLA ပလောင်လွတ်မြောက်ရေး တပ်ဦးအနေနဲ့ တနိုင်ငံလုံးအပစ်ခတ်စာချုပ်ကို အားလုံးနဲ့အတူ တပြိုင်နက်တည်းပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့ အဆင်သင့်ပါပဲလို့ TNLA ပြောခွင့်ရ မိုင်းအိုက်ကျော်က ဗွီအိုအေကိုပြောပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့အပေါ်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုကိုလည်း မထိခိုက်အောင်ပေါ့နော်၊ NCA ထိုးမယ့်အချိန်ကျရင် တိုင်းရင်းသားအားလုံး ပါဝင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်ပေါ့နော်။ တိုင်းရင်းသားအားလုံးပါဝင်ရေးမူကိုလည်း ကျနော်တို့ ကြိုဆိုတယ်။ တကယ်လို့ တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ် ရေးထိုးသွားမယ်ဆိုရင်တော့ ကျနော်တို့လည်း တခြားတိုင်းရင်းသားတွေနည်းတူ တပြိုင်တည်း ပါဝင်လက်မှတ်ထိုးဖို့ အဆင်သင့်ရှိတယ်ပေါ့။”

လော်ခီးလာတိုင်းရင်းသားထိပ်သီးအစည်းအဝေးကနေ တနိုင်ငံလုံးအပစ်ရပ်စာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ရေး အစိုးရနဲ့ တိုက်ရိုက်ညှိနှိုင်းဖို့ တာဝန်ပေးထားတဲ့ ပဒိုနော်စီဖိုးရာစိန်ဦးဆောင်တဲ့ NCA အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ EAOs’ Senoir Delegations for NCA (SD) နဲ့ အစိုးရဘက်က ငြိမ်းချမ်းရေးကိုယ်စားလှယ် ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ UPWC ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ ဒီလ ဇူလိုင်လထဲ NCA အပြီးသတ်မူချောအဆင့် အတည်ပြုမူကြမ်းရေးဆွဲနိုင်ရေး တရားဝင်ထပ်မံတွေ့ဆုံဆွေးနွေးကြဖို့ရှိပါတယ်လို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ NCA အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ဘက်က ပြောပါတယ်။

XS
SM
MD
LG