သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာမှာ ဗိုလ်လောင်းတွေသေဆုံးမှု အမှုမှန်ပေါ်ဖို့ ကုလကိုတောင်းဆို


လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် ဗိုလ်လောင်းသင်တန်းသားတွေ ကျဆုံးမှု အမှုမှန်ပေါ်ရေး ကုလသမဂ္ဂရုံးချုပ်ရှေ့ တောင်းဆိုနေကြစဉ်။ (ဒီဇင်ဘာ ၆၊ ၂၀၁၄)
လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် ဗိုလ်လောင်းသင်တန်းသားတွေ ကျဆုံးမှု အမှုမှန်ပေါ်ရေး ကုလသမဂ္ဂရုံးချုပ်ရှေ့ တောင်းဆိုနေကြစဉ်။ (ဒီဇင်ဘာ ၆၊ ၂၀၁၄)

ကချင်ပြည်နယ်နယ်စပ် လိုင်ဇာမှာရှိတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ရဲ့ ဗိုလ်လောင်း စစ် သင်တန်းကျောင်းကို နိုဝင်ဘာလ (၁၉) ရက်နေ့က မြန်မာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ တိုင်းရင်းသားဗိုလ်လောင်းတွေနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်စေဖို့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ် ရုံးရှေ့မှာ စနေနေ့က အမေရိကန်ပြည်ထောင်စုရောက် တိုင်းရင်းသားတွေ တညီတညွတ်တည်း တောင်း ဆိုခဲ့ကြပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

……… ဆန္ဒပြကြွေးကြော်သံများ……

နယူးယောက်မြို့မှာ ရာသီဥတုဆိုးရွားနေတဲ့ကြားက ကုလသမဂ္ဂဌာနချုပ်ရှေ့ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံ စုဝေးပြီး ဆန္ဒပြနေကြတာပါ။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာက ဗိုလ်လောင်းစစ်သင်တန်းကျောင်းကို မြန်မာစစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန် ပေါက်ကွဲမှုကြောင့် တိုင်းရင်းသားဗိုလ်လောင်း (၂၃) ဦးသေဆုံးသွားတဲ့ အမှတ်တရအထိမ်းအမှတ်အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုနေကြတာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် Kachin Alliance ကချင်ကွန်ယက် အထွေထွေအတွင်းရေးမှူး ဂျာမိုင်ကပြောပါတယ်။

“ဒီလို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကျမတို့တိုင်းရင်းသားတပ်မတော်က တပ်သားတွေ ကျဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျမတို့အနေနဲ့ အင်မတန်မှ စိတ်ထဲမှာလည်း ခံစားရတယ်။ မြန်မာပြည်အစိုးရအနေနဲ့ အထူးသဖြင့် တပ်မတော်အနေနဲ့ တာဝန်ရှိတယ်လို့ ကျမတို့အနေနဲ့ယူဆပါတယ်။ ဒါကြောင့်မို့လို့ တပ်မတော်အနေနဲ့ ကတိကဝတ်ပြုထားတဲ့အချက်တွေကို မလိုက်နာဘဲနဲ့ သင်တန်းကျောင်းကို ဗုံးချတဲ့ကိစ္စ၊ ရှေ့ဆက်ပြီး ကတိကဝတ်ဖောက်ဖျက်တဲ့ အလုပ်တွေကို၊ မလိုက်နာတဲ့အလုပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုဖို့အတွက် ကျမတို့ - ကျမတို့ ကချင်အဖွဲ့တွေတင်မဟုတ်ပါဘူး။ တခြား တိုင်းရင်းသားအဖွဲ့တွေလည်း ရောက်ရှိနေပါတယ်။ အားလုံးပေါင်းပြီး ကျမတို့ ဆန္ဒထုတ်ဖော်တဲ့သဘောနဲ့ လုပ်တာဖြစ်ပါတယ်။”

ဒါ့အပြင် ကချင်ပြည်နယ်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ကချင်ဒုက္ခသည်တွေ ခိုလှုံနေတဲ့ စခန်းတွေအနီးတဝိုက် မြန်မာစစ်တပ်အနေနဲ့ ဗုံးတွေနဲ့ပ စ်ခတ်တာတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဂျာမိုင်က ဆိုပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ KIA ရဲ့ဗိုလ်လောင်းစစ်သင်တန်းကျောင်းက စစ်ဖက်၊ အရပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာ အဆင်မြင့် သင်တန်းတွေအတွက် လူငယ်ခေါင်းဆောင်တွေကို အလှည့်ကျ ရွေးချယ်စေလွှတ်ကြောင်း ဆန္ဒပြပွဲမှာကိုယ်တိုင် ပါဝင်နေတဲ့ CNF ချင်းအမျိုးသားတပ်ဦးဥက္ကဋ္ဌ ဦးလျန်အုပ်က ပြောပါတယ်။

“တပ်သားထဲက တော်တော်တော်တဲ့ သူတွေကို နောက်နောင်မှာ၊ စစ်ဘက်ဖြစ်ဖြစ်၊ အရပ်ဘက်ဖြစ်ဖြစ် ခေါင်းဆောင်တွေ မွေးထုတ်တဲ့အနေနဲ့ ကျနော်တို့ KIA -- သင်တန်းကို ကျနော်တို့ ဆယ်ယောက်၊ အခုအခေါက်မှာ ပို့ပါတယ်။ အရင်ကလည်း ပို့ဖူးပါတယ်။ သင်တန်းအစ ကတည်းက အကုန်လုံး သင်တန်းကို ကချင်ကပဲ သင်တန်းပေးပြီးတော့ စခဲ့တာဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသားပေါင်းစုံ သင်တန်းအတူတူယူတဲ့အခါမှာ သင်တန်းကတည်းက တိုင်းရင်းသားပေါင်း အစုံ၊ စိတ်ဓာတ်အတူတူ၊ အတွေးအခေါ်အတူတူဖြစ်နိုင်ဖို့အတွက် ကောင်းတယ်ဆိုပြီးတော့ ကျနော်တို့ အဲဒီလို ပို့လိုက်ခြင်း ဖြစ်ပါတယ်။”

သေဆုံးသွားတဲ့ တိုင်းရင်းသားဗိုလ်လောင်းတွေထဲမှာ TNLA ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦးက (၁၁) ဦးနဲ့ CNF ရဲ့ ချင်းဗိုလ်လောင်း နှစ်ဦး ကျဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။ AA ခေါ် ရက္ခိုင့် တပ်မတော်က ရခိုင်ဗိုလ်လောင်း ရှစ်ဦးကျဆုံးပြီး ငါးဦးဒဏ်ရာရှိခဲ့ပါတယ်။ နယူးရောက်က ဆန္ဒပြပွဲမှာပါဝင်သူ ရခိုင်ကော်မတီဝင် ခိုင်ဘခင်က သူတို့ရဲ့တောင်းဆိုချက်တွေကို အခုလိုပြောပြပါတယ်။

“ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ လက်ရှိ မြန်မာနိုင်ငံအစိုးရကို ဖိအားပေးဖို့နဲ့ တိုင်းရင်းသားလူငယ်ခေါင်းဆောင် ၂၃ ယောက် အပစ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တော့ အမှုမှန်ဖော်ထုတ်ပေးဖို့ကို မြန်မာအစိုးရကနေပြီးတော့ ချက်ချင်း စစ်ဆေးပေးဖို့ …ကျနော်တို့ ဒီနေရာမှာ လာပြီးတော့ တောင်းဆိုရခြင်း ဖြစ်ပါတယ်။”

အမေရိကန်အခြေစိုက် မွန်အမျိုးသားကောင်စီက နိုင်အောင်မွန်ကလည်း မြန်မာပြည်ငြိမ်းချမ်းရေးကို တိုင်းရင်းသားတွေ လိုလားတောင်းတနေကြကြောင်း အခုလိုပြောပါတယ်။

“ကျနော်တို့တိုင်းရင်းသားပေါင်းစုံက ငြိမ်းချမ်းရေးကို လိုလားနေပါပြီဆိုတာကို သက်သေပြလိုက်တာပါ။ ဒီဗမာစစ်တပ်ရဲ့လုပ်ရပ်ဟာ မရိုးသားဘူးပေါ့ဗျာ။ ပထမကတော့ ရှေ့မှာ ငြိမ်းချမ်းရေးအကြောင်း ပြောတယ်။ နောက်မှာတော့ ပစ်ခတ်သတ်ဖြတ်တယ်။ ကျနော်တို့ တိုင်းရင်းသားအားလုံးက မလိုလားတော့ ဘူးပေါ့ဗျာ။ ဒီဗမာစစ်တပ်ရဲ့လုပ်ရပ်တွေ၊ ပြဿနာရပ်တွေကို ကျနော်တို့အားလုံးက စည်းလုံးညီညွတ်စွာနဲ့ ဆန္ဒလာပြတာလို့ ကျနော်မြင်တယ်ဗျ။”

ဒီဆန္ဒပြပွဲကို နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်ရှေ့နဲ့ (၇၇) လမ်းမှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရှေ့မှာ ပြုလုပ်ခဲ့ ကြပြီး ဖလော်ရီဒါ၊ မစ်ချီဂန်စတဲ့အမေရိကန်ပြည်ထောင်စု ပြည်နယ်ပေါင်းစုံက တိုင်းရင်းသားတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG