သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ညီလာခံ မတိုင်ခင် အပစ်ရပ်ကြဖို့ လိုလား


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ကော်မတီ (JMC-U) တို့ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးခဲ့စဉ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ကော်မတီ (JMC-U) တို့ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးခဲ့စဉ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကနေ ၂၁ ရာစု ပင်လုံညီလာခံ ကို တလ၊ နှစ်လအတွင်း ကျင်းပနိုင်ဖို့ ဧပြီလ(၂၇)ရက်နေ့ ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ရာစု ပင်လုံညီလာခံပြုလုပ်နိုင်ရေး ပြောဆိုချက်အပေါ် တိုင်းရင်းသားခေါင်းဆောင်တွေက အမြင်သဘောထား ဘယ်လိုရှိနေပါသလဲဆိုတာ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို ဆက်သွယ်မေးမြန်းပြီးသတင်းပေးပို့ထားပါတယ်။

၂၁ရာစု ပင်လုံညီလာခံဟာ တိုင်းရင်းသားတွေအားလုံး မျှော်လင့်နေတဲ့ ကိစ္စဖြစ်လို့ ထောက်ခံကြိုဆိုကြောင်း အစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးခဲ့တဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA ရဲ့ ပြောရေးဆိုခွင့် ဗိုလ်မှူးကြီးစိုင်းလ ကပြောပါတယ်။

" အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေကြတဲ့ အဖွဲ့အစည်းတွေပေါ့။ ဆိုလိုတာက အစိုးရရယ် ၊ တပ်မတော်ရယ်၊ နောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရယ်၊ နိုင်ငံရေးပါတီတွေ ရယ် ပြည်သူလူထုရယ် အဲ့ဒီ့ကိစ္စနဲ့ပတ်သက်တဲ့ အတွက်ကြောင့် သူတို့ရဲ့ သဘောထားတွေလည်း ပါဖို့ လိုအပ်ပါတယ်။ ဒီညီလာခံကြီး လုပ်ဖို့ကတော့ အားလုံးက မျှော်လင့်နေတဲ့ကိစ္စ ဖြစ်တော့ ထောက်ခံကြမှာပဲဖြစ်ပါတယ်။"

၂၁ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ကိစ္စကို ဧပြီလ(၂၇)ရက်နေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) တွေ့ဆုံဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ကနေ တိုက်တွန်းပြောဆိုခဲ့တာပါ။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၁ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ကိစ္စကို လက်ခံကြိုဆိုပေမဲ့ လက်ရှိနိုင်ငံရေးအနေအထားအရ အခက်ခဲရှိနိုင်တယ်လို့ SNLDခေါင်းဆောင်စိုင်းညွန့်လွင်က ဆိုပါတယ်။

" ညီလာခံ လုပ်ဆောင်မယ့် ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ ကြိုဆိုပါတယ်။ ထောက်လည်း ထောက်ခံပါတယ်။ သို့သော်လည်းပဲ တလ၊ နှစ်လ အတွင်း ဖြစ်ချင်တယ် မဆိုင်းချင်ဘူးဆိုတော့ အမကြီးရဲ့ သဘောထားပါ။ လက်တွေ့မှာတော့ ဒါ အများကြီးအခက်အခဲဖြစ်နိုင်ပါတယ်။ လူစုံတက်စုံ ဆွေးနွေးဖို့ ဆိုတာကတော့ နှစ်လအတွင်းမှာ မဖြစ်နိုင်ပါဘူး။ တပ်မတော်နဲ့ပဲ စကား အများကြီးပြောရမှာပါ။ အခုတိုက်ပွဲတွေဖြစ်နေတယ်။ တိုက်ပွဲတွေဖြစ်နေတယ် ဆိုတာ တပ်မတော်ကြီးပဲလည်း မဟုတ်ဘူး။ တပ်မတော်နဲ့တိုက်ပွဲဖြစ်နေတဲ့ တဘက်က ပုဂ္ဂိုလ်တွေနဲ့လည်းပဲ စကားပြောရမှာပေါ့။ နှစ်ဖက်စလုံး အပစ်ရပ်ပြီးတော့ ဆွေးနွေးပွဲတွေက စလို့ရမှာလေ။ "

၂၁ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ကိစ္စမှာ တပ်မတော်ရဲ့သဘောထားကို သိရှိဖို့ လိုနေသေးသလို လက်ရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ဖြစ်ပွါးနေတဲ့ စစ်ရေး ပဋိပက္ခတွေကို ဖြေရှင်းပြီးမှ ညီလာခံကို ကျင်းပသင့်တယ်လို့လဲ စိုင်းညွန့်လွင်က ဆိုပါတယ်။

၂၁ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ဖို့ တိုင်းရင်းသားပါတီတွေနဲ့ ဘုံသဘောတူညီမှု ရရှိဖို့ လိုအပ်နေသလို ခိုင်မာတဲ့အပစ်ခတ်ရပ်စဲ လုပ်ဆောင်နိုင်ဖို့ အချိန်ယူရဦးမယ် လို့လဲ UNFCခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အတွင်းရေးမှူး ခူဦးရယ်ကပြောပါတယ်။

" ကျနော်တို့မြင်တာကတော့လေ တကယ်တမ်း ဒီလိုညီလာခံတခုကို လုပ်တော့မယ်ဆိုလို့ရှိရင် ပထမ ကျနော်တို့ ဘုံသဘောတူညီမှု တခုခု ရဖို့တော့ ဆိုင်ရာပါတီအဖွဲ့အစည်းတွေ အားလုံးက သဘောတူညီမှုတွေ ရယူဖို့တော့ လိုမယ်လို့ ကျနော်ထင်ပါတယ်နော်။ ဒီလိုညီလာခံတွေ ကျင်းပပြီဆိုရင်တော့ ကျနော်တို့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းရင်းတွေ တခုချင်းစီ အသေးစိတ် ပြင်ဆင်ပြီးတော့ ကျနော်တို့ ဆွေးနွေးကြမှာဆိုတော့ ဒီလိုဆွေးနွေးမှုတွေ စုပေါင်းနိုင်ဖို့အတွက် လက်ရှိဖြစ်နေတဲ့ ပြည်တွင်းမှာ တိုက်ခိုက်မှုဖြစ်စဉ်တွေကိုတော့ ပထမ ရပ်ဆိုင်းထားဖို့ လိုတာပေါ့နော်။ အဲ့သလို ရပ်ဆိုင်းထားဖို့ကိုတော့ ပထမ လုပ်ဖို့ လိုတာပေါ့။ သာမာန်ကာလျှံ့ကာ အပစ်စဲရပ်လိုက်ပြီလို့ ပြောလိုက်ရုံနဲ့တော့ မရဘူးပေါ့။ ခိုင်မာအောင် ပထမ လုပ်ဖို့လိုတယ်လို့ ကျနော်ထင်တယ်။ အချိန်တော့ လိုမလားလို့ပေါ့နော်။ "

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အနေနဲ့ ကတော့ စစ်မှန်တဲ့ပြည်ထောင်စု စနစ်ကို သွားချင်ရင် စစ်ဖက် အရပ်ဖက် ဆက်ဆံရေးကောင်းဖို့နဲ့ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား ဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်တယ်လို့ သူ့အမြင်ကိုပြောပါတယ်။

" စစ်မှန်တဲ့ ပြည်ထောင်စုစနစ်တခုကို သွားချင်တယ်ဆိုရင် ပင်လုံကို ပြန်မဖော်ပဲ နဲ့အမည်သစ်တခု သုံးဖို့လိုပါတယ်။ အဲ့ဒီ့မှာ တစ် အချက်က အရပ်ဖက်၊ စစ်ဖက် ဆက်ဆံရေး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ စစ်တပ်ရဲ့ နှစ်ဖက်ညှိနှိုင်းမှု အင်မတန် အရေးကြီးပါတယ်။ ဒီညီလာခံကြီး အခမ်းအနားကြီးကို ဦးဆောင်မယ့် အဖွဲ့အစည်းနဲ့ တိုင်းရင်းသားများ ဆက်ဆံရေးကောင်းဖို့ လိုပါတယ်။ တိုင်းရင်းသားများ ဆိုသည်မှာ လက်နက်ကိုင်အဖွဲ့အစည်းများ နဲ့ တိုင်းရင်းသားပါတီတွေရဲ့ ဆက်ဆံရေးပါ။ အဲ့ဒီ့နှစ်ခု ညှိနှိုင်းနိုင်ခဲ့မယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး ညီလာခံကြီး တခုကတော့ဖြင့် လိုအပ်ပါတယ်။"

တိုင်းရင်းသားအဖွဲ့တွေအများစုကတော့ ၂၁ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ကိစ္စကို မူ အားဖြင့်လက်ခံကြပေမဲ့ လက်ရှိမြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြားမှာဖြစ်ပွါးနေတဲ့ လက်နက်ကိုင် ပဋိပက္ခ တွေကို ဦးစွာဖြေရှင်းဖို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့နဲ့ တိုင်းရင်းသားပါတီတွေ နဲ့ ဘုံသဘောတူ ညီချက် ရယူပြီးမှသာ ပင်လုံကဲ့သို့ သော ညီလာခံကို ကျင်းပသင့်တယ်လို့ အမြင်သဘောထားတွေ ရှိနေကြပါတယ်။

လက်ရှိမှာ အစိုးရနဲ့အပစ်ရပ် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရှိနေသလို လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလဲရှိနေပါတယ်။

ဒါ့အပြင် KIO ကချင်လွတ်လပ်ရေးအဖွဲ့၊ TNLAတအာင်းပလောင်တပ်ဖွဲ့၊ ရခိုင့်တပ်မတော် AA၊ ကိုးကန့်တပ်ဖွဲ့တို့ဟာ လက်ရှိမြန်မာ့တပ်မတော်နဲ့ စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲလဲဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကတော့ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး အပစ် အခတ် ရပ်စဲရေးပြီးမြောက်အောင် ဆက်လက်ဆောင်ရွက်မှာဖြစ်သလို ဒီအပစ်အခတ်ရပ်စဲရေး အတွက် ပါဝင်သင့်တဲ့ အဖွဲ့အစည်းများပါဝင်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG