သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယသမ္မတနဲ့ မတွေ့ခင် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေး


ကေအဲန်ယူ အတွင်းရေးမှူး ပဒို စောကွယ်ထူး။ (သြဂုတ်လ ၃၀၊ ၂၀၁၃၊ ဓာတ်ပုံ စည်သူ၊ ဗွီအိုအေ မြန်မာ)
ကေအဲန်ယူ အတွင်းရေးမှူး ပဒို စောကွယ်ထူး။ (သြဂုတ်လ ၃၀၊ ၂၀၁၃၊ ဓာတ်ပုံ စည်သူ၊ ဗွီအိုအေ မြန်မာ)
တိုင်းရင်းသားအားလုံးပါဝင်တဲ့ ညီလာခံကျင်းပနိုင်ရေးနဲ့ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ မူဝါဒတွေကို KNU ကရင်အမျိုးသားအစည်းအရုံးရဲ့အတွင်းရေးမှူး ပဒို စောကွယ်ထူးနဲ့ တိုင်းရင်းသားလူမျိုးစု ပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF တို့ ရန်ကုန်မြို့မှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ မနက်ဖြန်စနေနေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့တို့ မတွေ့ဆုံခင် ကြိုတင် ညှိနှိုင်းတိုင်ပင်တဲ့ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆွေးနွေးပွဲမှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ပတ်သက်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ သဘောထားတွေကို တင်ပြနိုင်ဖို့ အတွက် ညီနောင် တိုင်းရင်းသားပါတီများဖက်ဒရေးရှင်းအဖွဲ့ဝင် ၁၅ ဖွဲ့နဲ့ မနက်ဖြန် စနေနေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီ ဥက္ကဋ္ဌ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ တွေ့ကြမယ့် WGEC လို့ခေါ်တဲ့ တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့က ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ KNU ၊ CNF ၊ RCSS ၊ ကချင်သမဂ္ဂစတဲ့ အဖွဲ့တို့ စနေနေ့မှာ မတွေ့ဆုံခင် ဒီကနေ့ ကြိုတင် ဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။

ဒါဟာ တိုင်းရင်းသားလူမျိုးများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့နဲ့ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်းတို့ရဲ့ ပထမဆုံး အကြိမ် တွေ့ဆုံပွဲ ဖြစ်တာကြောင့် သမိုင်းဝင်နေ့တနေ့ဖြစ်တယ်လို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း စတင် တည်ထောင်တဲ့ အဖွဲ့ဝင်တဦးဖြစ်သူ စောသန်းမြင့်က ပြောပါတယ်။

“ပြောရမယ်ဆိုရင်တော့ ဒီနေ့ဟာ ကျနော်တို့တိုင်းရင်းသားသမိုင်းမှာ ခေတ်သစ်သမိုင်းမှာ သမိုင်းတွင်တဲ့နေ့ပဲ။ ဘာဖြစ်လို့လဲဆိုရင် အကန့်အသတ်တွေ အများကြီးကြားထဲက အခုလာတဲ့ WGEC အဖွဲ့ကိုယ်စားလှယ်များကလည်း နိုင်ငံတော်နဲ့ နိုင်ငံတော်ရဲ့ဗဟိုအဆင့်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ တွေ့ဆုံမယ့် ကိစ္စဖြစ်တဲ့အတွက် ဒု-သမ္မတနဲ့ အစိုးရအဖွဲ့ကို မတွေ့ခင် ကျနော်တို့တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေပေါ့နော် NBF က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လာပြီးတော့ ရင်းရင်းနှီးနှီးတွေ့ဆုံတယ်၊ နောက်ပြီးတော့ မနက်ဖြန် အစိုးရပိုင်းပေါ့နော်။ ဒု-သမတ္တနဲ့ အစိုးရအဖွဲ့ကို သူတို့ ချပြမယ့် တင်ပြမယ့် Frame Work နဲ့ ပတ်သက်ပြီး အကြမ်းကလေးပေါ့နော် roughly တကယ့်အကြမ်းလေးကို နည်းနည်းလေး အမြည်းပေးလိုက်တယ်ပေါ့နော်။ နောက်ပြီးတော့ ပါတီတိုင်းကလည်း ပေးစရာ အကြံတွေ ရှိမယ်။ အဲဒီတော့ မကြာခင် သူတို့ချထားတဲ့ မူကြမ်းကို ကျနော်တို့ လေ့လာမယ်။ သုံးသပ်မယ်။ ပြီးတာနဲ့ ကျနော်တို့က သူတို့ကို အကြံပြုပေးမယ်။ ဘာလို့လဲဆို ကျနော်တို့က ပထမဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနဲ့ အပစ်အခတ်ရပ်ထားတဲ့အဖွဲ့အစည်းနဲ့ ကျနော်တို့ နိုင်ငံရေးပါတီဟာ ကောင်းကောင်းမွန်မွန် ပထမဆုံး တွေ့ဆုံရတဲ့နေ့ ဖြစ်တယ်။ ဒါဟာ အင်မတန်မှ ကျနော်တို့နိုင်ငံရဲ့ တနိုင်ငံလုံးရဲ့အရေး၊ တိုင်းရင်းသားအားလုံးရဲ့အရေးအတွက် ဒီနေ့ဟာ အင်မတန် မင်္ဂလာရှိတဲ့နေ့ပဲလို့ ကျနော်ကတော့ ပြောကြားချင်ပါတယ်။”

ဒီကနေ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းနဲ့ တွေ့ဆုံခဲ့တဲ့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးကလည်း မနက်ဖြန်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်းအပြင် တခြား သက်ဆိုင်ရာ တာဝန်ရှိသူ အတော်များများနဲ့ တွေ့ဆုံရမှာဖြစ်တဲ့အတွက် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းစဉ်အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကို တင်ပြနိုင်လိမ့်မယ်လို့ ပြောပါတယ်။

“ဒု-သမ္မတကတော့ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှာ ဥက္ကဋ္ဌဖြစ်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ကော်မတီအဖွဲ့ဝင်မှာလည်း ကျနော်တို့တပ်ဘက်ကလည်း ရှိတယ်။ ဝန်ကြီးအဖွဲ့ဝင်လည်း တချို့ရှိတယ်။ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်လည်း ရှိတယ်။ တိုင်းဒေသက တပ်မှူးတချို့ပါမယ်ဆိုတော့ ပြည့်ပြည့်စုံစုံလို့တော့ ပြောလို့ရနေတယ်။ အဓိကရည်မှန်းချက်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနဲ့တွေ့ဖို့ ဖြစ်တယ်။ ကျနော်တို့ ပြောဆိုမှာက ခုနက ကျနော်ပြောသလိုပဲ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းထဲမှာ သဘောထားခံယူချက် တကယ် ကျနော်တို့တိုင်းပြည်ဟာ တကယ် ငြိမ်းချမ်းရေး လိုလားနေတဲ့ တိုင်ပြည်ဖြစ်တယ်ဆိုတာကို ကျနော်တို့ တင်ပြချင်တာ ဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ရဲ့ အခု ဖြစ်ပွားနေတဲ့ ပဋိပက္ခကို တွေ့ဆုံဆွေးနွေး ဖြေရှင်းရေးဆိုတဲ့နည်းလမ်းနဲ့ ကျနော်တို့ သွားဖို့ဆိုတာကို တင်ပြဆွေးနွေးသွားမှာ ဖြစ်တယ်။ နောက်ပိုင်းမှာကျတော့ ကျနော်တို့ကလည်း ဒီခရီးစဉ်မှာ တခြားအဖွဲ့အစည်းနဲ့တွေ့တာတော့ မရှိသေးဘူး။ ဒါပေမဲ့ နောက်တပိုင်းမှ ဆက်ပြီး စီစဉ်မှာ ဖြစ်တယ်။”

ရန်ကုန်မြို့က ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းမှာ ပြုလုပ်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲအတွင်း တိုင်းရင်းသားများရဲ့ နှီးနှောဖလှယ်ပွဲ သို့တည်းမဟုတ် တိုင်းရင်းသားညီလာခံတခု ပြည်တွင်းမှာ ကျင်းပရေးအတွက် ညီနောင်တိုင်းရင်းသား ပါတီအဖွဲ့ဝင်တွေရဲ့ သဘောထားကို မေးမြန်းတာနဲ့ WGEC တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့က ၂၀၁၂ ခုနှစ် စက်တင်ဘာလက တာဝန်ပေးထားတဲ့ တွေ့ဆုံ ဆွေးနွေးရေး မူဘောင်ဆိုတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုနဲ့ဆိုင်တဲ့ မူဝါဒတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီစည်းဝေးပွဲကို ညီနောင်တိုင်းရင်းသားပါတီများဆက်ဒရေးရှင်းက အဖွဲ့ဝင်ပါတီတွေအပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့ကမှ နိုင်ငံရေးပါတီသစ်အဖြစ် ဖွဲ့စည်းခွင့်ရလိုက်တဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
XS
SM
MD
LG