သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ရေးဆက်ဆွေးနွေးဖို့ တိုင်းရင်းခေါင်းဆောင်တွေ ဆုံးဖြတ်


NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုဝင်ဘာလ ၂၄ ရက် ၂၀၁၃ ခုနှစ်က ဆွေးနွေးနေစဉ် (ဓာတ်ပုံ - ဦးလှမောင်ရွှေ)
NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုဝင်ဘာလ ၂၄ ရက် ၂၀၁၃ ခုနှစ်က ဆွေးနွေးနေစဉ် (ဓာတ်ပုံ - ဦးလှမောင်ရွှေ)
အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေကြား လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု ရလဒ်တွေကို မပျက်စီးစေချင်တဲ့အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှှိနှိုင်းရေးအဖွဲ့” NCCT ရဲ့ တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး ဆက် ဆွေးနွေးသွားကြဖို့ ဆုံးဖြတ်လိုက်တယ်လို့ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၁၆ ဖွဲ့နဲ့ ပူးပေါင်းထားတဲ့ NCCT ရဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က နှစ်ရက်တာ အစည်းအဝေးအပြီး ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်တွင်း ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေတဲ့အပေါ် ကချင်အဖွဲ့နဲ့ အစိုးရအကြား ပြေလည်အောင် ညှိနှိုင်းကြဖို့ NCCT က တိုက်တွန်းလိုက်ပြီး မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ပါဝင်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ မေလမှာ တွေ့ဆုံကြပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အစီအစဉ်တွေကို ဆက်လုပ်သွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာ က ဗွီအိုအေကို ပြောပါတယ်။

“အစည်းအဝေး ဆုံးဖြတ်ချက်အရဆိုရင် လာမယ့် မေလ တတိယပတ်အကုန် စတုတ္ထပတ် အကူးလောက်မှာ တွေ့နိုင်ဖို့ အဲ့ဒါကို အန်ကယ်လ်တို့ ရည်ရွယ်ထားတယ်။ single text ရေးတဲ့ ကော်မတီထဲက အန်ကယ်လ်တို့လူတွေကို အန်ကယ်လ်တို့ စေလွှတ်မှာဖြစ်ပါတယ်။ အဲ့လိုဖြစ်ဖို့ဆိုတဲ့နေရာမှာ တဘက်က ဆွေးနွေးနေတုန်းက တိုက်ပွဲတွေ ဖြစ်လာတဲ့ကိစ္စကလည်း ဒါက အဖျက်အဆီး လုပ်ငန်းတခုလို ဖြစ်နေတယ်။ အခုကတော့ အဲ့ဒီ မြောက်ပိုင်းမှာ ကချင်နဲ့ဖြစ်တဲ့ တိုက်ပွဲကိစ္စကိုလည်း ကချင်နဲ့ အစိုးရဘက်နဲ့ တွေ့ဆုံပြီးတော့မှ အဲ့ဒါကို ပြေလည်အောင် ညှိနှိုင်းသွားဖို့လည်း အစီအစဉ်ရှိပါတယ်။ အဲ့ဒီအပေါ်မှာ အန်ကယ်လ်တို့လည်း အားပေးလိုပါတယ်။ အန်ကယ်လ်တို့လည်း ဒီ ရရှိထားတဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ပေါ့လေ ညှိနှိုင်းနေတဲ့ကိစ္စကြီးကို ပျက်စီးမသွားစေချင်ဘူး။ အဲ့ဒါကိုတော့ နည်းနည်း သဘောထားကြီးကြီးနဲ့ ထိန်းသွားမှာပါ။”

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ “တနိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့” NCCT ကိုယ်စားလှယ်အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း အတည်ပြုနိုင်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက် အကောင်အထည်ဖော်ဖို့ ကိစ္စတွေကိုလည်း ဆက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောပါတယ်။

“အဲ့ဒါကိုတော့ ဆက်ညှိသွားမှာပါ။ သဘောမတူညီနိုင်တဲ့အပိုင်းတွေ ရှိနေသေးတယ်လေ။ အဲ့ဒါတွေကို မေးမြန်းမယ်။ စုံစမ်းမယ်။ ပြင်လို့ရမလား။ စသဖြင့်ပေါ့နော်။ အန်ကယ်လ်တို့ အမြဲတမ်း တောင်းဆိုနေတဲ့ ဒီ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ ဒါတွေအပေါ်မှာလည်း အစိုးရဘက်က ဘယ်လောက် လိုက်လျောနိုင်မလဲ ဆိုတဲ့ဟာကိုလည်း မေးမြန်းရမှာဖြစ်တယ်။ အဓိကကတော့ အဲ့ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ဖို့ဆိုတဲ့ဟာမှာ အဓိကကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဖြစ်ဖို့က အရေးကြီးဆုံးဖြစ်တယ်။ နှစ်ဘက်စလုံး ပူးပေါင်းပြီးတော့မှ တပြည်လုံး အပစ်အခတ်ရပ်စဲရေး မူ single text ကိုနော် အဲ့ဒီရေးဆွဲဖို့ ဖွဲ့စည်းထားတဲ့ ကော်မတီအနေနဲ့ပဲ သွားပြီးတော့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ် အန်ကယ်လ်တို့ဘက်က။”

အစိုးရနဲ့ NCCT ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အပြန်အလှန် သုံးသပ်ကြတဲ့ NCCT အဖွဲ့ အားလုံးပါဝင်တဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က နှစ်ရက်တာ အစည်းအဝေးအတွင်း ဆွေးနွေးဖြစ်ခဲ့တာတွေနဲ့ ပတ်သက်လို့လည်း နိုင်ဟံသာ က အခုလို ရှင်းပြပါတယ်။

“ပြီးခဲ့တဲ့ ဆွေးနွေးပွဲတုန်းက အနေအထားတွေကို သုံးသပ်တယ်။ အဲ့ဒီဆွေးနွေးပွဲတုန်းကတော့ ဒီတပ်မတော်ဘက်က တင်ပြတဲ့ အချက်အလက်တွေက ဟိုးအရင်အရင်တွေ ဆွေးနွေးချက်နဲ့ မတူတဲ့ အနေအထားမျိုးတွေ၊ အဲ့ဒါမျိုးတွေကို တွေ့ရတယ်။ အဲ့ဒါတွေကိုလည်း အန်ကယ်လ်တို့ ဘယ်လိုနည်းနဲ့ အစိုးရဘက်က ပြင်ဆင်နိုင်တဲ့ အနေအထား ရှိ မရှိ ဆိုတဲ့ဥစ္စာတွေကိုလည်း အန်ကယ်လ်တို့ကတော့ ဆက်ပြီးတော့မှ မေးမြန်းစုံစမ်းသွားဖို့ရှိတယ်။ အခုကတော့ အစိုးရနဲ့လည်း ညှိနှိုင်းနေပြီးပြီ။ အန်ကယ်လ်တို့ကလည်း လက်ခံတာကတော့ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို အရင်လုပ်မယ်။ အပစ်ရပ်ထားပြီးတော့မှပဲ နိုင်ငံရေးအရ ဆွေးနွေးနိုင်ရေးကို ဆက်လှမ်းသွားမှာပေါ့လေ။ အဲ့ဒီတော့ ဒီအပစ်ရပ်တဲ့နေရာမှာလည်း တဘက်က နိုင်ငံရေးအရ ဆွေးနွေးသွားနိုင်ဖို့ ဆိုတဲ့ဟာမှာလည်း အခိုင်အမာဖြစ်ဖို့၊ နောက် အဲ့ဒါတွေကိုလည်း အပြီးပါဝင်စေရမယ်ဆိုတဲ့ မူအရပေါ့လေ အန်ကယ်လ်တို့ကတော့ ညှိနှိုင်းနေပါတယ်။”

NCCT အဖွဲ့ဝင်တွေချည်းပဲ ဆွေးနွေးကြတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ၂ ရက်တာ အစည်းအဝေးအပြီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ ပါဝင်တဲ့ NCCT ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် မေလ တတိယပတ်အကုန် စတုတ္တပတ်အကူးလောက်မှာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီအဖွဲ့နဲ့ တွေ့ဆုံကြဖို့ ဆုံးဖြတ်ချက် ချလိုက်တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG