သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားပါတီကြီး တချို့ ပြည်နယ် အစိုးရ ဖွဲ့ရေးမျှော်မှန်း


မဲဆန္ဒရှင် တိုင်းရင်းသားတစ်ဦး။
မဲဆန္ဒရှင် တိုင်းရင်းသားတစ်ဦး။

ပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ လူနည်းစု တိုင်းရင်းသားတို့ တန်းတူ အခွင့်အရေး အတွက် အပြည့်အ၀ တာဝန်ယူမယ်လို့ အင်အားကြီး တိုင်းရင်းသား ပါတီကြီးတွေက ပြောဆိုလိုက်ပါတယ်။ ပြည်နယ် အစိုးရ ဖွဲ့စည်းနိုင်ရေး ရည်ရွယ်ယှဉ်ပြိုင်နေကြတဲ့ အင်အားကြီး တိုင်းရင်းသား ပါတီကြီးတွေ အနေနဲ့ ဒေသတွင်းက တိုင်းရင်းသား လူနည်းစုတွေရဲ့ အခွင့်အရေးကို ဘယ်လောက် အာမခံ ပေးနိုင်ပါသလဲ ဆိုတာနဲ့ လူနည်းစု တိုင်းရင်းသားတို့ရဲ့ ယုံကြည်အားထားမှုကို ဘယ်လောက်ထိ ရရှိထားလဲ ဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

လပိုင်းအတွင်း ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီပေါင်း ၉၀ ကျော် ရှိပြီး အများစုကတော့ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ကိုယ်စားပြု ခွင့်အတွက် ဖွဲ့စည်းယှဉ်ပြိုင်နေကြတာပါ။ အင်အားကြီး တိုင်းရင်းသားပါတီကြီး တခုဖြစ်ပြီး ပြည်နယ် အစိုးရ ဖွဲ့စည်းနိုင်ရေး အတွက် ရည်ရွယ်ထားတဲ့ ရခိုင်အမျိုးသား ပါတီ ANP အနေနဲ့ ပြည်နယ်တွင်းက တိုင်းရင်းသား လူနည်းစုတွေရဲ့ တန်းတူခွင့် အပေါ်မှာအပြည့်အ၀ အာမခံတယ်လို့ ပါတီ အကြီးအကဲ တဦးဖြစ်တဲ့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ကျနော်တို့ အဓိက ရည်ရွယ်တာက ပြည်နယ် တည်ဆောက်ရေးပါ။ ကျနော်တို့ ရခိုင်ပြည်နယ်ပေါ့နော်။ ဒါအတွက် ကျနော်တို့အပြောင်းအလဲတခု လုပ်ဖို့လိုတဲ့ အချိန်ဖြစ်တယ်ဆိုတာကို သဘောပေါက်အောင် စည်းရုံးဖို့ ရည်ရွယ်ထားပါတယ်။ ကျနော်တို့ပြည်နယ်ကို ကျနော်တို့ ကိုယ်တိုင်တည်ဆောက်မှဖြစ်မယ်။ ဒါဟာလည်းပဲ လွတ်လပ်ရေး ၆၇ နှစ်ကြာတဲ့အတွေ့အကြုံအရ ပြောတာပါ။ အဲတော့ ကျနော်တို့ကို အုပ်ချုပ်တဲ့ လူကလည်း နည်းမျိုးစုံအုပ်ချုပ်သွားပြီးပြီ။ ဒါပေမယ့် ပြည်နယ်တခုရဲ့အခွင့်အရေး တိုင်းရင်းသားမျိုးနွယ်စုတခုရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်ကိုတောင်မှ မယ်မယ်ရရ မဆောင်ရွက်နိုင်တဲ့အခါမှာအခုလို ချွတ်ခြုံကျသွားတာအားလုံးဟာ ပြည်ထောင်စုကို တလွဲဆံပင် အုပ်ချုပ်နေကြ တာကြောင့်လို့ သုံးသပ်ပါတယ်။ အဲဒါကြောင့် ကိုယ့်အမျိုးသားပြည်နယ်တွေကို ကိုယ်ဟာကို တည်ဆောက်ရမယ်။ အဲလိုတည်ဆောက်တဲ့အခါမှာ ပြည်နယ်အတွင်းမှာနေတဲ့ တိုင်းရင်းသားအားလုံးရဲ့ အခွင့်အရေးကို ကာကွယ်ဖို့အတွက် ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ကာလည်းကာကွယ်ဖို့ ရည်မှန်းထားပါတယ်။”

ရခိုင်ပြည်နယ်တွင်းက လူများစု ရခိုင်တိုင်းရင်းသားတို့ အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက် လုပ်ဆောင်ရမှာ ဖြစ်သလို လူနည်းစု တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်၊ တန်းတူခွင့်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့လည်း ပါတီ အနေနဲ့ ခံယူထားတယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“အဲဒီအခါမှာ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ စည်းစားတဲ့အခါမှာ ဖွဲ့စည်းပုံအရတော့ ပြဌာန်းထားတာမဟုတ်ဘူးပေါ့နော်။ အမြို တို့ ခမှီးတို့၊ ဘိုင်းနက်တို့ စသဖြင့်ပေါ့ဗျာ။ လူနည်းစုတွေနေကြတဲ့ နေရာလေးတွေ ရှိပါတယ်။ အဲဒါလေးတွေကို စုစည်းပြီးတော့မှ သူတို့ မြို့အဖြစ်ပေါ့ဗျာ။ ဒေသလေးတွေဖြစ်အောင်တော့ဖြင့် ကျနော်တို့က ကြိုးစားတည်ဆောင်ချင်တာပေါ့။ ဥပမာ ရခိုင်ပြည်နယ်အတွင်းမှာ မြို တိုင်းရင်းသားများတဲ့နေရာလေးတွေမှာ မြိုတိုင်းရင်းသားတွေ ကိုယ်နှိုက်ကိုက အုပ်ချုပ်ခွင့်ရတဲ့ တနည်းအားဖြင့် ကျေးရွာအုပ်စုကြီးတွေ မြို့တွေ စသဖြင့် အစိုးရက သက်မှတ်ပေးရင်တော့ ပိုကောင်းတာပေါ့လေ။ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာအောင် သူတို့ စီမံကွက်ကဲနိုင်တာပေါ့ဗျာ။”

တချိန်တည်းမှာဘဲ ရှမ်းပြည်နယ်အတွင်းမှာလည်း တိုင်းရင်းသား လူမျိုးစု အများအပြား ရှိနေတာမို့ ပြည်နယ် အစိုးရ ဖွဲ့နိုင်ရေး အထိ ရည်မှန်းဆောင်ရွက်နေတဲ့ အင်အားကြီး ရှမ်းတိုင်းရင်းသား ပါတီ တခု ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ အနေနဲ့ရော လူနည်းစု အခွင့်အရေး တန်းတူညီမျှမှုကို အာမခံချက် ပေးနိုင်တယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

“ကျနော်တို့က ဒီရှမ်းတိုင်းရင်းသားတွေရရှိတဲ့အခွင့်အရေးတွေလည်း ကျနော်တို့နဲ့ ထပ်တူထပ်မျှ အခွင့်အရေး၊ တန်းတူညီမျှအခွင့်အရေးရရှိစေရမယ်ခင်ဗျာ။ ကျနော်တို့က ကိုယ်ကျိုးအတွက်လို့လည်းမဟုတ်ဘူး။ ရှမ်းတိုင်းရင်းသား မျိုးနွယ်စုအားလုံး အတွက်ဖြစ်ပါတယ်။ အားလုံးက တန်းတူညီမျှတဲ့ အခွင့်အရေးရအောင်ကျနော်တို့က ကြိုးစားနေတယ်။ ကျနော်တို့က ဒီတိုင်းရင်းသားမျိုးနွယ်စုတွေကိုလည်း ဘယ်လိုမှ ဖိနှိပ်မှာမဟုတ်ပါဘူး။ ကျနော်တို့ကလည်း သူများလာ ဖိနှိပ်မှာ မခံပါဘူး။”

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် လွှတ်တော်အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ပါတီကြီးက လက်ချိုးရေလို့ရတဲ့ အနေအထားပါ။ ပြည်နယ်တွေမှာလည်း လူများစု တိုင်းရင်းသားတွေကို ကိုယ်စားပြု ပါတီကြီးတွေက ပြည်နယ် အစိုးရ ဖွဲ့စည်းနိုင်ရေး အတွက် အင်တိုက်အားတိုက် ယှဉ်ပြိုင်ကြမှာပါ။ ဒါ့အပြင် အခြေခံ ဥပဒေအရ သတ်မှတ်လူဦးရေ ပြည့်မီတဲ့ တိုင်းရင်းသား မျိုးနွယ်စုတို့ အနေနဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ အဖြစ် ကိုယ်စားပြုခွင့်ရကြပေမယ့် သတ်မှတ်လူဦးရေ မပြည့်မီမှုကြောင့် တိုင်းရင်းသား ရေးရာ ဝန်ကြီးနေရာလည်း ရွေးကောက်ခံခွင့် မရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ အတွက်တော့ ပြည်နယ် တိုင်းဒေသကြီး အစိုးရတွင်းမှာ ကိုယ်စားပြုခွင့်မရှိသလို ဒေသတွင်းလွှတ်တော် အမတ်နေရာတွေ မှာလည်း ရွေးကောက်တင်မြှောက်ခံရမယ့် အခွင့်အလမ်းကလည်း နည်းပါးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG