သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအတွက် EU မြန်မာဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ EU ဥရောပသမဂ္ဂအရာရှိတွေကို အီးယူ-မြန်မာ လုပ်ငန်းအဖွဲ့ အစည်းဝေးတွင် တွေ့ရစဉ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ EU ဥရောပသမဂ္ဂအရာရှိတွေကို အီးယူ-မြန်မာ လုပ်ငန်းအဖွဲ့ အစည်းဝေးတွင် တွေ့ရစဉ်။
မြန်မာနဲ့ အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေကြားမှာ နှစ်ဖက် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းတွေ အတွက် ဆွေးနွေးဆောင်ရွက်လာကြပါတယ်။ လက်ရှိအားဖြင့်ကိုပဲ အီးယူဥရောပ သမဂ္ဂတာဝန်ရှိသူတွေ မြန်မာနိုင်ငံကိုလာရောက်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ရော စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပါ တွေ့ဆုံ ညှိနှိုင်းနေကြပါတယ်။ အပြည့်အစုံကိုတော့ မမေစန္ဒီက တင်ဆက်ပေး မှာဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ အီးယူနဲ့ မြန်မာတာဝန်ရှိ အကြီးအကဲတွေ ဒီသီတင်းပတ်တွင်း ရန်ကုန်မြို့မှာ လုပ်ငန်း အဖွဲ့အစည်း ဆွေးနွေးပွဲ ကျင်းပခဲ့ရာမှာ နှစ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ကြပါတယ်။ ဒီအစည်းအဝေးကို အီးယူရဲ့ နိုင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ Ctherine Ashton ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့အတူ မြန်မာသမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားစီးပွားလုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေတက်ရောက်ခဲ့ကြပါတယ်။

"ကျမတို့အခုလို မြန်မာနိုင်ငံကို လာရောက်တာဟာ အချိန်တို အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြောင်းလဲမှုတွေကို အသိအမှတ်ပြု ကြိုဆိုတဲ့အနေနဲ့ လာရောက်တာဖြစ်သလို၊ အီးယူနဲ့ မြန်မာပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေကို အသိအမှတ်ပြုဖို့အတွက်လည်းဖြစ်ပါတယ်။"

အီးယူရဲ့ နိုင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ Ctherine Ashton ပြောသွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၀၇ခုနှစ် မှာ အီးယူရဲ့ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေ ခံခဲ့ရတာဖြစ်ပေမဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ စတင်ခဲ့တဲ့ ၂၀၁၂ခုနှစ် ကစပြီး လက်နက်ကလွဲလို့ ကျန်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖျက်သိမ်းပေးခဲ့ပါတယ်။

အခုပြုလုပ်တဲ့ အစည်းအဝေးဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေဆောင်ရွက်ဖို့ အခွင့်အရေးတခုဖြစ်စေမှာဖြစ်သလို အရပ်ဖက် အဖွဲ့အစည်းတွေ နဲ့ လွှတ်တော်အမတ်တွေကြား ပူးပေါင်းဆောင်ရွက်ဖို့လည်း အခွင့်အရေးတခုဖြစ်တယ်လို့ ဥရောပ ပါလီမန်ဒုဥက္ကဋ္ဌ Isabelle Durant က ပြောပါတယ်။

"ကျမအထင် ပြောရရင်တော့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ အဆင့်အမျိုးမျိုးရှိ တဲ့အတွက် ကျမတို့တွေ အတူလက်တွဲပြီး ဆောင်ရွက် ရပါမယ်။ ဒီလုပ်ငန်းအဖွဲ့အစည်းအဝေးဟာ အီးယူနဲ့ မြန်မာနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုသစ်တခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။"

မြန်မာနိုင်ငံဟာ ဥရောပနိုင်ငံတွေနဲ့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အတားအဆီးတချို့ ရှိနေဆဲဖြစ်ပါတယ်။ ဥရောပနိုင်ငံတွင်းက လက်ကိုင်ဖုန်းတွေဟာ ဆိုရင်လည်း မြန်မာနိုင်ငံမှာ ခေါ်ယူသုံးစွဲလို့ မရသေးပါဘူး။

ဥရောပစီးပွားရေး လုပ်ငန်းကြီး အတွက် စီးပွားရေး တိုးတက်စနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ မျက်စိကျစရာဖြစ်နေပါတယ်။
ဒါပေမဲ့ ကျဆင်းနေတဲ့ ဥရောပစီးပွားရေး လုပ်ငန်းတွေ ပြန်လည် နလန်ထူလာဖို့အတွက် မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ လက်တွေ့ကျတယ်လို့မဆိုနိုင်သေးပါဘူး။

ဒါ့ပြင်လက်ရှိ မြန်မာနိုင်ငံဟာ ၂၀၁၅ရွေးကောက်ပွဲကို ဦးတည်နေတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စိန်ခေါ်မှုတွေကိုလည်း သတိပြုမိဖို့လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲအတွင်း အခုလိုပြောဆိုသွားခဲ့ပါတယ်။

"သူအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှှုပ်နှံမှု မလုပ်ဖို့ ပြောတာ မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့က မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဥပဒေရှုထောင့်၊ နိုင်ငံရေး ရှုထောင့်အဖက်ဖက်က သုံးသပ်လေ့လာပြီးမှ တာဝန်သိရင်းနှီးမြှုပ်နှံမှုမျိုးလုပ်ဖို့ အားပေးချင်ပါတယ်လို့ သူကပြောဆိုသွားတာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် လက်ထက် နိုင်ငံရေးနဲ့ စီးပွားရေးအရပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခ ဖြစ်ပေါ်နေတဲ့အတွက် လက်ရှိ အရပ်သားအစိုးရပေါ် လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

အီးယူ ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံရဲ့ ပူးတွဲ သဘောတူစာချုပ်ကို ဒီကနေ့ သောကြာနေ့ နေပြည်တော်မှာ လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။
XS
SM
MD
LG