သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ကချင်အတွက် ယူရိုငါးသန်း EU ထောက်ပံ့မည်


ကချင်ပြည်နယ် လိုင်ဇာက စစ်ပြေးဒုက္ခသည်စခန်းထဲက ဒုက္ခသည်ကလေးငယ်များ ဆော့ကစားနေစဉ်။
ကချင်ပြည်နယ် လိုင်ဇာက စစ်ပြေးဒုက္ခသည်စခန်းထဲက ဒုက္ခသည်ကလေးငယ်များ ဆော့ကစားနေစဉ်။
မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတဲ့ ဒေသတွေအတွက် ယူရိုငွေ ၅ သန်းခွဲ အကူအညီတွေ ထပ်ပေးသွား ဖို့ ရှိတယ်လို့ ဥရောပကော်မရှင်က ပြောပါတယ်။ ရခိုင်နဲ့ ကချင်ပြည်နယ်တွေမှာ အကြမ်းဖက် ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြောင့် အိုးအိမ် ပျက်စီး ဆုံးရှုံးရသူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးဖို့ နဲ့ ဒုက္ခရောက်နေသူတွေကို အကာအကွယ် ပေးနိုင်ဖို့ အခုလို အကူအညီတွေ ပေးသွားမှာ ဖြစ်တယ်လို့ ဥရောပကော်မရှင်ရဲ့ လူသားချင်း စာနာကူညီရေးဆိုင်ရာ ECHO၊ ဌာနေရုံး အကြီးအကဲက ပြောပါတယ်။ အပြည်စုံကို ဆက်သွယ် စုံစမ်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအထိ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ ကချင်ပြည်နယ်တွင်းက စစ်ပြေး ဒုက္ခသည်တွေ အတွက် လူသားချင်း စာနာတဲ့ အကူအညီတွေ ထပ်တိုး ပေးသွားဖို့ ဥရောပကော်မရှင်က ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့အကြောင်း ဥရောပကော်မရှင်ရဲ့ လူသားချင်း စာနာကူညီရေးဆိုင်ရာ ECHO၊ ဌာနေရုံး အကြီးအကဲ ခရစ္စတိုဖာ ရယ်လ်တီယံ က ပြောပါတယ်။ ဥရောပ ကော်မရှင် အနေနဲ့ တခြား အကူအညီ လိုအပ်တဲ့ ဒေသတွေမှာလည်း လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေတာ ဖြစ်ပေမဲ့ လို့ လောလောဆယ်မှာတော့ ရခိုင်နဲ့ ကချင်ပြည်နယ်တွေက အခြေအနေတွေက အဆိုးရွားဆုံး ဖြစ်လို့ ဒီဒေသနှစ်ခုကို အာရုံစိုက်ဖို့ လိုအပ်နေတယ်လို့လည်း မစ္စတာ ရယ်လ်တီယံက ပြောပါတယ်။

“ECHO လို့ အသိများတဲ့ ဥရောပကော်မရှင်ရဲ့ လူသားချင်း စာနာကူညီပေးရေးဆိုင်ရာ ရုံးကနေ ရခိုင်နဲ့ ကချင်ပြည်နယ်တွေက လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတဲ့သူတွေ အတွက် နောက်ထပ် ယူရိုငွေ ၅ သန်းခွဲ ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီဒေသတွေမှာ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြပြီး အကူအညီတွေ အများအပြား လိုအပ်နေတာပါ။ ဒါကြောင့် ဒီလူတွေ အတွက် အစားအစာ၊ ရေ၊ ကျန်းမာရေး ပြုစု စောင့်ရှောက်မှု၊ တကိုယ်ရေသန့်ရှင်းမှုနဲ့ ဒီလူတွေကို အကာအကွယ် ပေးနိုင်ဖို့ ကိစ္စတွေမှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့အတွက် ခုလို နောက်ထပ်တိုး ကူညီ ထောက်ပံ့သွားဖို့ ဥရောပ ကော်မရှင်က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။”

ခုလို ဒုက္ခရောက်နေသူတွေအတွက် အကူအညီတွေ ပေးသွားတဲ့ တချိန်တည်းမှာလည်း ပဋိပက္ခတွေ ငြိမ်းအေးသွားတဲ့ အခြေအနေတွေကို မရောက်သေးတာကြောင့် လက်ရှိ အခြေအနေ အပြောင်းအလဲတွေနဲ့ ပတ်သက်လို့လည်း ဥရောပ ကော်မရှင်က အနီးကပ် စောင့်ကြည့် လေ့လာ သွားမှာဖြစ်တယ်လို့လည်း မစ္စတာ ရယ်လ်တီယံ က ပြောပါတယ်။

“ဥရောပ ကော်မရှင် လူသားချင်းစာနာကူညီရေးအဖွဲ့ ECHO ဟာ ငွေကြေး အလှူရှင်အဖွဲ့အစည်း သက်သက်ပါ။ ဒါကြောင့် လုပ်ငန်းတွေကိုတော့ ကျနော်တို့က တိုက်ရိုက် ဆောင်ရွက်တာမျိုး မရှိပါဘူး။ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကုလသမဂ္ဂ အေဂျင်စီတွေ၊ နိုင်ငံတကာ NGO အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သူတို့ကပဲ လုပ်ငန်းတွေကို လက်တွေ့ အကောင်အထည် ဖော်တဲ့ အပိုင်းကို တာဝန်ယူကြတာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ငွေကြေး အကူအညီတွေနဲ့ လုပ်ငန်း ထိရောက်မှု ရှိမရှိ ဆိုတာတွေကိုပဲ စောင့်ကြည့် စစ်ဆေးတာ ဖြစ်ပါတယ်။”

ဥရောပ ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာတဲ့ အကူအညီတွေ အရင်ကတည်းကလည်း ပေးနေတာ ဖြစ်ပြီး အခုတကြိမ် ထပ်ပြီး အကူအညီ အလိုအပ်ဆုံး နေရာတွေအတွက် ထပ်မံ ပေးအပ်တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ အခုတကြိမ် ပေးအပ်မယ့် ယူရိုငွေ ၅ သန်းခွဲကို အကူအညီ အလိုအပ်ဆုံး အခြေအနေမှာ ရှိနေတဲ့ ဒုက္ခသည် ၂ သိန်းလောက်အတွက် အစားအစာ၊ ရေနဲ့ ကျန်းမာရေး ဆိုင်ရာ အကူအညီတွေကို အဓိက ပေးသွားမှာ ဖြစ်တယ်လို့ မစ္စတာ ရယ်လ်တီယံ က ပြောပါတယ်။

“လိုအပ်ချက် အခြေအနေအပေါ်မှာ မူတည်ပြီး အကူအညီတွေကို ပေးသွားမှာပါ။ ကချင်ပြည်နယ်က လိုအပ်ချက်နဲ့ ရခိုင်ပြည်နယ်က လိုအပ်ချက်တွေ ကြားမှာတောင် မတူတာတွေ ရှိပါတယ်။ အကူအညီ အဓိက လိုအပ်တဲ့ အခြေအနေအပေါ်မှာ မူတည်ပြီး တုံ့ပြန် ဆောင်ရွက် သွားဖို့ ပြင်ဆင်ရတာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ဒုက္ခသည်တွေ အခြေခံအားဖြင့် နေ့စဉ် လိုအပ်နေတဲ့ စားနပ်ရိက္ခာ အကူအညီတွေ အဓိက ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ရေနဲ့ တကိုယ်ရေး သန့်ရှင်းမှုပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးဖို့ပါ။ ဒုက္ခသည်စခန်းတွေထဲမှာ ရေလုံလုံလောက်လောက် ရရဲ့လား၊ သန့်ရှင်းမှုရှိရဲ့လား စသည်ဖြင့်ပေါ့ဗျာ။”

ဥရောပကော်မရှင်ရဲ့ လူသားချင်း စာနာကူညီရေးဆိုင်ရာ ECHO၊ ဌာနေရုံး အကြီးအကဲ ခရစ္စတိုဖာ ရယ်လ်တီယံ ကို ပြောပြခဲ့တာပါ။ ဒီနေ့ ထပ်မံ ပေးအပ်လိုက်တဲ့ အကူအညီ အပါအဝင် ဥရောပကော်မရှင် အနေနဲ့ မြန်မာနိုင်ငံက လူသားချင်း စာနာမှု လုပ်ငန်းတွေအတွက် ဒီနှစ် ၂၀၁၂ ခုနှစ်တခုတည်းမှာတင် ယူရိုငွေ ၂၄ သန်း ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ခုလို လူသားချင်း ကူညီစာနာမှု အကူအညီတွေ မြန်မာနိုင်ငံကို ၁၉၉၄ ခုနှစ်ကတည်းက စတင် ပေးလာခဲ့တာဖြစ်သလို ယူရိုငွေ ၁၄၅ သန်းနီးပါး ရှိပါတယ်။

တချိန်တည်းမှာပဲ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်တွင်းက အိုးအိမ်မဲ့ ဒုက္ခသည်တွေ အတွက် ဗြိတိန်အစိုးရက လူသားချင်း စာနာမှု အကူအညီတွေ ထပ်ပေးသွားဖို့ ရှိတဲ့အကြောင်း ဗြိတိန်ဖွံ့ဖြိုးရေးဝန်ကြီး Justine Greening က ဒီကနေ့ ကြေညာသွားပါတယ်။
XS
SM
MD
LG