သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် လက်နက်ဆိုင်ရာဒဏ်ခတ်မှု EU သက်တမ်းတိုး


ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားတဲ့ ကန့်သတ်ချက်ကို နောက်ထပ်တစ်နှစ် ထပ်ပြီး သက်တမ်းတိုးဖို့ ဧပြီလ ၂၁ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေကတော့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။ သတင်းအပြည့်အစုံကို ကိုရဲခေါင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့အပတ်က Luxembourg နိုင်ငံမှာ ကျင်းပတဲ့ ဥရောပသမဂ္ဂကောင်စီ အစည်းအဝေးမှာ အဖွဲ့ဝင် ၂၇ နိုင်ငံက မြန်မာနိုင်ငံအပေါ် လက်နက်နဲ့ ဆက်စပ် ပစ္စည်းတွေ တင်ပို့ရောင်းချတာ မလုပ်ဖို့ ပိတ်ပင်ထားတဲ့ ကန့်သတ်အရေးယူမှုကို တစ်နှစ် သက်တမ်း ထပ်တိုးဖို့ ဆုံးဖြတ်လိုက်တာပါ။

ဥရောပ သမဂ္ဂက ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေထဲမှာ အီးယူအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်ပို့ရောင်းချခြင်းမပြုဖို့၊ ပြည်တွင်းက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နှိမ်နှင်းဖို့အတွက် အသုံးပြုနိုင်မယ့် ပစ္စည်းကိရိယာတွေ တင်ပို့ရောင်းချတာ မလုပ်ဖို့နဲ့ စစ်တပ်နဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်မပေးဖို့ ကန့်သတ်ချက်တွေ ပါဝင်ပြီး ဒီ ကန့်သတ်ချက်တွေကို ၂၀၁၇ ခုနှစ် ဧပြီလ ၃၀ ရက် အထိ ဆက်ထားဖို့ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။

ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ဥရောပသမဂ္ဂရဲ့ ပြင်ပ ဆက်ဆံရေး ဌာနက ပြောခွင့်ရ ပုဂ္ဂိုလ် Maja Kocijancic က ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

“ကောင်စီအနေနဲ့ ရှိပြီးသား ကန့်သတ်ချက်တွေကို သက်တမ်း တိုးလိုက်တာပါ။ ဒီဆုံးဖြတ်ချက်ကို ဧပြီလ ၂၁ ရက်နေ့မှာ ချမှတ်ခဲ့ပြီး၊ ဧပြီ ၂၂ ရက်မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ရှိပြီးသား ကန့်သတ်ချက်တွေကို နောက် တစ်နှစ် ဆက်ထားပြီး၊ မြန်မာနိုင်ငံအပေါ် စဉ်ဆက် မပြတ် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။”

ဥရောပ သမဂ္ဂဟာ မြန်မာနိုင်ငံကို လက်နက်မရောင်းဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တားဆီးပိတ်ပင်ထားတဲ့ ကန့်သတ်ချက်ကို ၂၀၁၃ ခုနှစ် ဧပြီလကတည်းက ချမှတ်ထားပြီး နှစ်စဉ် သက်တမ်းတိုးလာခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေတိုးတက်မှု ရှိမရှိ ဆိုတာကို စဉ်ဆက်မပြတ် စောင့်ကြည့်နေပြီး၊ ခုဆုံးဖြတ်ချက်ကို လိုအပ်သလို ပြင်ဆင်သွားမယ်လို့ ကောင်စီရဲ့ တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လွှမ်းမိုးမှုက ကြီးမားနေဆဲဖြစ်ပြီး၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့လဲ တိုက်ပွဲတွေ ဖြစ်နေတာမို့ ခုလို ဥရောပသမဂ္ဂရဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တဲ့ ကန့်သတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားသမ္မတ တက်လာပြီဆိုပေမယ့် ဥရောပ နိုင်ငံတွေအနေနဲ့ မြန်မာ စစ်တပ်က စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့အထိ ကန့်သတ်ချက်တွေကို ဆက်ထားသင့်တယ်လို့ HRW အဖွဲရဲ့ အာရှတိုက်ဆိုင်ရာ ညွှန်ကြားရေးမှုး Brad Adam က ဗွီအိုအေကို ခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အပြောင်းလဲအချို့ ဖြစ်ပေါ်ခဲ့ပြီး၊ အရပ်သား အစိုးရ စစ်စစ်တက်လာပေမယ့် မြန်မာ စစ်တပ်နဲ့ ပုံမှန် ပြန်ပြီး ဆက်ဆံဖို့တော့ မဖြစ်နိုင်သေးဘူး ဆိုတာကို ဥရောပ သမဂ္ဂ အနေနဲ့ ပြသဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ ရယူထားတဲ့ အတွက် အရပ်သားအစိုးရကို အပြည့်အ၀ အုပ်ချုပ်ခွင့် မရသေးဘူးဆိုတာ လူတိုင်းသိကြပါတယ်။ အခုတွေ့ရသလောက်တော့ မြန်မာစစ်တပ်ဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှု မရှိသေးပါဘူး။ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ရယူထားတာအပြင်၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီဌာနတွေကို စစ်တပ် လက်အောက်မှာ ထားရှိပြီး မြန်မာနိုင်ငံထဲမှာ သီးခြားနိုင်ငံငယ်တစ်ခုလို လုပ်ဆောင်နေတာပါ။ ဒါ့အပြင် မြန်မာ စစ်တပ်အနေနဲ့ ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုမှ ကျူးလွန် ထားတာမရှိဘူးလို့လဲ ငြင်းပယ်နေဆဲဖြစ်ပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာန ထိပ်ပိုင်းအရာရှိကြီးတစ်ဦးက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးကို ဖြေရှင်းပြီးပြီလို့ ကျွန်တော့်ကို လူကိုယ်တိုင် ပြောခဲ့ဘူးပါတယ်။ အဲဒါဟာ မမှန်ပါဘူး။ ဒါ့အပြင် နိုင်ငံ့ ဘဏ္ဍာငွေတွေကို စီးပွားရေး တိုးတက်ဖို့အတွက် သုံးမယ့် အစား စစ်လက်နက် ပစ္စည်းတွေဝယ်ဖို့ သုံးစွဲနေတာကို ရပ်တန့်သင့်ပါတယ်။ ဒါကြောင့် အရပ်သား အစိုးရကို ထောက်ခံသလို စစ်တပ်ကိုလဲ ဆက်ပြီး ဖိအားပေးသင့်ပါတယ်။”

လက်ရှိမှာ မြန်မာနိုင်ငံကို လက်နက်တွေ အများဆုံး ရောင်းချပေးနေတာက တရုတ် နဲ့ ရုရှား နိုင်ငံတွေ ဖြစ်ပါတယ်။

ခုလို ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ထားတာ သက်တမ်းတိုးတဲ့ အကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာပဲ ရုရှားနိုင်ငံပိုင် လက်နက် ထုတ်လုပ်ရေး လုပ်ငန်း Rosoboronexport နဲ့ Irkut တို့က အခုနှစ်ကုန်မှာ မြန်မာနိုင်ငံကို Yak – 130 အမျိုးအစား တိုက်ခိုက်ရေး လေ့ကျင့်ယာဉ် ရောင်းချသွားဖို့ ရှိတယ်လို့ ရုရှား သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG