သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးနီးပါး EU ရုပ်သိမ်း


ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton
ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton
လွန်ခဲ့တဲ့တနှစ်က မြန်မာနိုင်ငံအပေါ် ဆိုင်းငံ့ထားခဲ့တဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကို EU က အခုအခါ အပြီးအပိုင် ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံတွင်း တိုးတက်မှုရှိတဲ့
နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ရော၊ မြန်မာအစိုးရ အနေနဲ့ ရှေ့လျှောက် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်သွား လိမ့်မယ်လို့ မျှော်လင့် တဲ့အတွက်ပါ လက်နက် ကုန်သွယ်မှု ပိတ်ပင်တာကလွဲလို့ မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို အပြီးအပိုင် ရုပ်သိမ်းကြောင်းကို တနင်္လာနေ့က EU နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ လူ့အခွင့်အရေး အဖွဲ့တွေဘက်က ဝေဖန်မှုတွေလည်း ရှိပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေး က တင်ပြထားပါတယ်။

တနင်္လာနေ့ကပဲ Luxembourg မြို့မှာ ပြုလုပ်တဲ့ ဥရောပသမဂ္ဂ (EU) ၂၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာအပေါ် EU ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ အားလုံးနီးပါးကို ရုပ်သိမ်းပေးလိုက်တာ ဖြစ်ပါတယ်။
ကောင်စီအစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ ကက်သရင်း အက်ရှတွန် (Catherine Ashton) က အခုလို ပြောသွားပါတယ်။

“ဒီကနေ့ မြန်မာနိုင်ငံနဲ့ EU ဆက်ဆံရေးမှာ နှစ်ပေါင်းများစွာ မြန်မာအပေါ် ချမှတ်လာခဲ့တဲ့ EU ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှားပေးလိုက်ပါပြီ။ လက်နက်ကုန်သွယ်မှု ပိတ်ပင်ချက်တခုပဲ ဆက်လက် ထားရှိမှာ ဖြစ်ပါတယ်။ ရှေ့ဆက် ပြုပြင်ပြောင်းလဲစရာတွေ အများကြီး ကျန်နေသေးတယ် ဆိုတာကို ကျမတို့ သိပါတယ်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ရှေ့ဆက် ဆောင်ရွက်ရမယ့် စိန်ခေါ်မှုတွေ ရှိနေသေးတယ် ဆိုတာကိုလည်း ကျမတို့ လျှော့တွက်မထားပါဘူး။ ဒါပေမဲ့ ခုအချိန်ဟာ မြန်မာအစိုးရနဲ့ ပိုမိုထိတွေ့ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ရှေ့ဆက်နိုင်အောင် ကူညီရမယ့်အချိန်လို့ ကျမတို့ ယုံကြည်ပါတယ်။ အခက်အခဲ စိန်ခေါ်မှုတွေကို ပွင့်လင်း လွတ်လပ်တဲ့ ဒီမိုကရေစီ စနစ်အောက်မှာ ထိထိရောက်ရောက် ဖြေရှင်း ကိုင်တွယ်နိုင်ပါတယ်။ မြန်မာအစိုးရနဲ့အတူ တခြားနိုင်ငံတွင်းက အရေးပါတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ ကျမတို့ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ အရေးယူမှု အတော်များများကို EU က ပြီးခဲ့တဲ့နှစ် ဧပြီလက စတင် ဆိုင်းငံ့ပေးခဲ့တာဖြစ်ပြီး အခုတကြိမ်မှာတော့ အပြီးအပိုင် ဖယ်ရှားပေးလိုက်တာ ဖြစ်ပါတယ်။

အခုလို မြန်မာအပေါ် EU ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ကိစ္စကို ဗြိတိန်နိုင်ငံကလည်း လိုလားခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အခုထက် ပိုမို ကောင်းမွန်အောင် ဆက်ပြီး လုပ်သွားဖို့ လိုအပ်နေသေးတဲ့အပေါ်မှာ ရှေ့ဆက် ပြုပြင်ပြောင်းလဲသွားရမှာ ဖြစ်တဲ့အကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ် (William Hague) ကလည်း မနေ့က ဥရောပကောင်စီ အစည်းအဝေး မတိုင်ခင်မှာ ပြောဆိုသွားခဲ့ပါတယ်။

“မြန်မာပြည်တွင်းမှာ ဖိနှိပ်ဖို့အတွက် အသုံးပြုနိုင်တဲ့ စစ်သုံးပစ္စည်းတွေနဲ့ လက်နက် တင်ပို့မှုကို ပိတ်ပင်တာက လွဲလို့ ကျန်နေတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့အတွက် ကျနော်တို့ ဗြိတိန်နိုင်ငံက လိုလားပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ လုပ်ဆောင်ရမယ့် တာဝန် ဝတ္တရားတွေကတော့ လုံးလုံးလျားလျား အပြီးမသတ်သေးပါဘူး။ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းက လူသားချင်း စာနာထောက်ထားမှု အခြေအနေ ပိုပြီး ကောင်းမွန်လာဖို့၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အကြမ်းဖက်မှုတွေ၊ အထူးသဖြင့် မူဆလင် လူ့အဖွဲ့အစည်းကို တိုက်ခိုက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမှာတွေ ရှိနေပါသေးတယ်။”

မြန်မာအကျဉ်းထောင်တွေထဲမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်သလို မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး မတူကွဲပြားကြတဲ့ လူမှုအသိုင်းအဝိုင်းတွေကြား ဆက်ဆံရေး ပိုမို ကောင်းမွန်လာအောင် ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေကတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေဟာ ထင်သလောက် မတိုးတက်သေးတဲ့အတွက် EU အနေနဲ့ အရေးယူမှုတွေကို အပြီးပိုင် ရုပ်သိမ်းလိုက်တာဟာ အချိန် စောလွန်းနေသေးတယ်လို့ ဝေဖန် ပြောဆိုနေကြပါတယ်။

ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားဖို့အတွက်မှာ EU ဘက်က မြန်မာအစိုးရအပေါ် သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေ အကောင်အထည် ပေါ်လာခြင်း မရှိသေးခင်မှာ အခုလို အရေးယူမှုတွေကို ဖယ်ရှား မပေးသင့်ဘူးလို့ လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Burma Campaign UK က လှုပ်ရှားမှု တာဝန်ခံ မဇိုရာဖန်း က ပြောပါတယ်။

“ကျမတို့ဘက်က အချိန် မတော်သေးဘူးလို့ မြင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ EU ဘက်က သတ်မှတ်ချက်တွေထားတဲ့ ၄ ချက်အပေါ်မှာ မူတည်ပြီးတော့ ဒါ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ သတ်မှတ်ချက်တွေပေါ့နော်။ အခုထက်ထိ သူတို့ဘက်က မပြည့်စုံသေးဘူးဆိုတာကို ကျမတို့ မြင်ရတယ်။ မြန်မာပြည်မှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့၊ တိုင်းရင်းသားနယ်မြေမှာ ဖြစ်နေတဲ့ လက်နက်ပဋိပက္ခတွေ ရပ်ဆိုင်းဖို့၊ တပြည်လုံးဆိုင်ရာ လူသားချင်းစာနာထောက်ပံ့မှုတွေကို သမ္မတဦးသိန်းစိန်ဘက်က ခွင့်ပြုဖို့ပေါ့နော် အဓိက တိုင်းရင်းသားနယ်မြေတွေမှာ၊ ပြီးတော့ နောက်ဆုံးတခုဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေကို မြှင့်တင်ပေးဖို့ပေ့ါနော် ဒီအချက်အလက်တွေကို ပြန်ကြည့်ရမယ်ဆိုရင် အခုထက်ထိ တခုမှ မပြည့်စုံသေးဘူးပေ့ါနော်။ အဲ့ဒါကြောင့် EU ဘက်က မြန်မာအပေါ်မှာ ထားနေတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တာကို ကျမတို့ဘက်က အချိန်မတော်သေးဘူး လို့ မြင်ပါတယ်။”

မြန်မာအပေါ် EU ရဲ့ အရေးယူမှုတွေ အားလုံးနီးပါး ရုပ်သိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံ လိုကြတဲ့ ဥရောပ လုပ်ငန်းရှင်တွေအတွက်တော့ မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုပြီး ယုံကြည်မှုရှိရှိနဲ့ လုပ်ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ EU အနေနဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးကို ဦးစားပေးပြီး လူ့အခွင့်အရေး အခြေအနေတွေကို လျစ်လျူရှုပစ်လိုက်တာမျိုး မဖြစ်စေဖို့ ဝေဖန်ထောက်ပြ ပြောဆိုနေကြပါတယ်။
XS
SM
MD
LG