သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာမိတ်တွေအပေါ် အမေရိကန် လျှို့ဝှက် ထောက်လှမ်းမှု EU ရှုတ်ချ


အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီရဲ့ ထောက်လှမ်းရေးအစီအစဉ်တွေကို စုံစမ်းပေးဖို့ တောင်းဆိုချီတက်လာသူများ။ (အောက်တိုဘာ ၂၆၊ ၂၀၁၃)
အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီရဲ့ ထောက်လှမ်းရေးအစီအစဉ်တွေကို စုံစမ်းပေးဖို့ တောင်းဆိုချီတက်လာသူများ။ (အောက်တိုဘာ ၂၆၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စုအနေနဲ့ သူ့မဟာမိတ်နိုင်ငံတွေအပေါ် သူလျှိုလုပ် ထောက်လှမ်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အမေရိကန် တာဝန်ရှိ သူတွေနဲ့ ဆွေးနွေးဖို့ ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေ ဝါရှင်တန်ဒီစီကို ရောက်နေကြပါတယ်။

၂၃ ဦးပါတဲ့ ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ တနင်္လာနေ့ကစပြီး အမေရိကန်လွှတ်တော်အမတ်တွေ၊ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီ အပါအဝင် အစိုးရအေဂျင်စီတွေက တာဝန်ရှိသူတွေနဲ့ စပြီး ဆွေးနွေးနေကြ ပါတယ်။ ဆွေးနွေးပွဲတွေကိုတော့ ဗုဒ္ဓဟူးနေ့အထိ လုပ်သွားဖို့ ရှိပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီအနေနဲ့ ဂျာမဏီ ဝန်ကြီးချုပ် Angela Merkel လက်ကိုင်ဖုန်းကို ကြားဖြတ် နားထောင်တာအပါအဝင် မဟာမိတ်တွေကို သူလျှိုလုပ် ထောက်လှမ်းတယ်ဆိုတဲ့အပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ဥရောပခေါင်းဆောင်တွေက အမေရိကန်ကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

စပိန်နိုင်ငံကလည်း ဒီလုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိတဲ့ မသင့်တော်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြစ်တင်ပါတယ်။ စပိန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် သံအမတ်ကြီး James Costos ကို ၄၅ မိနစ်ကြာ ဆင့်ခေါ် စကားပြောခဲ့ပါတယ်။

အမေရိကန်ဟာ လ တစ်လထဲမှာတင် စပိန်နိုင်ငံက ဖုံးဆက်သွယ်မှုပေါင်း သန်း ၆၀ ကျော်ကို လျှို့ဝှက်ကြားဖြတ်နားထောင်ခဲ့တယ်လို့ စပိန်သတင်းစာကြီး နှစ်စောင်က ရေးသားလိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ အခုလို စပိန်နိုင်ငံခြားရေးက အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ကနေ အခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့အထိ ဖုံးဆက်သွယ်မှုတွေကို NSA အမေရိကန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီက လျှို့ဝှက် ကြားဖြတ် နားထောင်ခဲ့တယ်လို့ El Mundo နဲ့ El Pais သတင်းစာကြီးတွေက ရေးခဲ့ကြတာပါ။
XS
SM
MD
LG