သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူသတင်းအချက်အလက် အမေရိကန် အတွင်းကျကျထောက်လှမ်း


ဥရောပအီးယူထိပ်သီးဆွေးနွေးပွဲ မြင်ကွင်းတရပ်။
ဥရောပအီးယူထိပ်သီးဆွေးနွေးပွဲ မြင်ကွင်းတရပ်။
အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတခုက ဥရောပသမဂ္ဂရုံးတွေရဲ့ ဆက်သွယ်မှုတွေကို ကြားဖြတ်နားထောင်သလို အီးယူရုံးတွင်း ကွန်ပျူတာ ကွန်ယက်တွေထဲကိုလည်း လျှို့ဝှက်ဝင်ရောက် ထောက်လှမ်းခဲ့တယ်လို့ ဂျာမန်မဂ္ဂဇင်းတစောင်က သတင်းဖော်ပြခဲ့ပါတယ်။ အမေရိကန်အစိုးရ အလိုရှိနေတဲ့ အမျိုးသားထောက်လှမ်းရေးအေဂျင်စီ NSA မှာအလုပ်လုပ်ခဲ့သူ Edward Snowden ဆီက ရရှိတဲ့ လျှို့ဝှက်မှတ်တမ်းတွေကို အခြေခံပြီး သတင်းထုတ်ပြန်တာ ဖြစ်တယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့ထုတ် ဒဲ ရှပီဂလ် Der Spiegel မဂ္ဂဇင်းက ပြောပါတယ်။

ဝါရှင်တန်မြို့တော်၊ ဘရက်ဆဲလ် မြို့တော်နဲ့ ကုလသမဂ္ဂတို့မှာရှိတဲ့ အီးယူ ရုံးတွေမှာ NSA က လျှို့ဝှက် အသံဖမ်းစက်တွေကို ဘယ်လိုတပ်ဆင်ခဲ့သလဲ ဆိုတာအပြင် အီးယူ အင်တာနက် ကွန်ယက်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး အီမေး တွေ၊ အချက်အလက်တွေကို ဘယ်လို လျှို့ဝှက်ရယူခဲ့တယ်ဆိုတဲ့ အသေးစိတ်ကို ၂၀၁၀ ခုနှစ် စက်တင်ဘာ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ မဂ္ဂဇင်းတိုက်အနေနဲ့ အပြည့်အဝ ရှင်းလင်းချက်ပေးဖို့နဲ့ အမေရိကန် အာဏာပိုင်တွေဘက်က နောက်ထပ် သတင်းအချက် အလက်တွေပေးဖို့ ဥရောပပါလီမန် ဥက္ကဋ္ဌ Martin Schulz က ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ တကယ်သာ ဒီသတင်းမှန်မယ် ဆိုရင် အီးယူနဲ့ အမေရိကန်ကြားဆက်ဆံရေးမှာ အကြီးအကျယ် သက်ရောက်မှုတွေ ရှိလာနိုင်မယ်လို့ မစ္စတာ Schulz ကပြောပါတယ်။

NSA မှာ ကွန်ထရက်ဝန်ထမ်း အဖြစ် အလုပ်လုပ်ခဲ့သူ Edward Snowden ဟာ အမေရိကန်အစိုးရ ထောက်လှမ်းရေး အစီအစဉ်တွေကို လူသိရှင်ကြားဖော် ထုတ်ခဲ့တာကြောင့် သူ့ကို သူလျှိုလုပ်မှုတွေနဲ့ အမေရိကန်က တရားစွဲထား ပါတယ်။ လောလောဆယ် ရုရှားနိုင်ငံ မော်စကိုမြို့ လေဆိပ်ထဲမှာ ရှိနေတယ်လို့ ယုံကြည်ရတဲ့ Snowden ကို ခိုလှုံခွင့် မပေးဖို့ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က သူ့ကိုတောင်းဆိုခဲ့တယ်လို့ အီကွေဒေါသမ္မတ Rafael Correa ကပြောပါတယ်။
XS
SM
MD
LG